သူခိုးများက အုပ်ချုပ်ခြင်း

သူခိုးများက အုပ်ချုပ်ခြင်း
Published 21 February 2020

ကလပ်တိုကရေစီ (Kleptocracy) ဟူသည် ဒီမိုကရေစီကဲ့သို့ပင် ဂရိဘာသာစကားမှ ဆင်းသက်လာသော စကားလုံးဖြစ်သည်။ Klepts ဟူသည် “သူခိုး” ဟု အဓိပ္ပာယ်ရပြီး Cracy ဟူသည် “အာဏာ” သို့မဟုတ် “အုပ်ချုပ်ခြင်း” ဟု အဓိပ္ပာယ်ရသောကြောင့် “သူခိုးများက အုပ်ချုပ်ခြင်း” ဟု ဆိုနိုင်သည်။ အစိုးရတစ်ရပ်၌ သူ၏အရာရှိများနှင့် ပတ်သက်၍ စနစ်ပိုင်းဆိုင်ရာ ပြင်းထန်သော ပြဿနာရှိနေခြင်း သို့မဟုတ် ကလပ်တိုကရက် ဟုခေါ်သော အုပ်ချုပ်သည့် အလွှာတစ်ရပ်သည် ၎င်းတို့၏ ကိုယ်ပိုင်ကြွယ်ဝချမ်းသာမှုနှင့် နိုင်ငံရေးအာဏာကို ချဲ့ထွင်ရန် အဂတိလိုက်စားမှုမှတစ်ဆင့် အခွင့်ကောင်းယူခြင်းကို ရည်ညွှန်းပြောဆိုရာတွင် အသုံးပြုသည်။ ကလပ်တိုကရေစီစနစ်တွင် နိုင်ငံတော်ဘဏ္ဍာကို အလွဲသုံးစားလုပ်ခြင်းက အဓိကအဖြစ် ပါဝင်သည်။

ကလပ်တိုကရေစီသည် အထွေထွေသဘောအရ အာဏာရှင်စနစ်၊ လူနည်းစုက အာဏာကို ချုပ်ကိုင်ထားမှု၊ စစ်အစိုးရ သို့မဟုတ် အာဏာရှင်ဆန်သော ဆွေမျိုးကောင်းစားရေးဝါဒကို ကိုင်စွဲထားသော အခြားအစိုးရ ပုံသဏ္ဌာန်များနှင့် ပတ်သက်နေသည်။ ယင်းအစိုးရအဖွဲ့များကို ပြင်ပမှ ကြီးကြပ်ထိန်းညှိရန် မဖြစ်နိုင်သော သို့မဟုတ် လုံးလုံးမရှိသော အနေအထားမျိုး ဖြစ်သည်။ ကြီးကြပ်ထိန်းညှိမှု မရှိခြင်းကြောင့် ကလပ်တိုကရေစီ အရာရှိများ အနေဖြင့် ပြည်သူ့ဘဏ္ဍာ ကောက်ခံမှုနှင့် ယင်းဘဏ္ဍာများကို ပြန်လည်မျှဝေမှု လမ်းကြောင်း နှစ်ရပ်စလုံးကို ထိန်းချုပ်လုပ်ဆောင်နိုင်အောင် အားပေးအားမြှောက် ပြုသကဲ့သို့ ဖြစ်သွားစေသည်။ ကလပ်တိုကရေစီ အုပ်စိုးသူများသည် နိုင်ငံ၏ ဘဏ္ဍာများကို ၎င်းတို့ကိုယ်ပိုင် ကြွယ်ဝချမ်းသာမှုအတွက် အရင်းအမြစ် တစ်ရပ်အဖြစ် အသုံးချလေ့ရှိသည်။ ကလပ်တိုကရေစီ အုပ်စိုးသူ များစွာတို့သည် နိုင်ငံ၏ ဘဏ္ဍာများကို ပြည်ပတိုင်းပြည်များရှိ ဘဏ်များတွင် လျှို့ဝှက်ကိုယ်ပိုင် ဘဏ်စာရင်းများဖြင့် လွှဲပြောင်းထားရှိ လေ့ရှိသည်။ အာဏာမှ ဖယ်ရှားခံရသည့်အခါ ချမ်းသာကြွယ်ဝစွာ နေထိုင်နိုင်ရန် ဖြစ်သည်။

ကလပ်တိုကရေစီစနစ်သည် တိုင်းပြည်၏ သဘာဝရင်းမြစ်များကို တင်ပို့ရောင်းစားမှု အပေါ်တွင်သာ စီးပွားရေးကို အခြေခံထားသည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အတွေ့ရ အများဆုံးဖြစ်သည်။ ယင်းကဲ့သို့ သဘာဝရင်းမြစ်များကို ရောင်းစား၍ရသော ဝင်ငွေသည် လည်ပတ်နေသော ငွေမဟုတ်ဘဲ အပိုငွေ ပုံစံတစ်မျိုး ဖြစ်သောကြောင့် ပုံမှန်ဝင်ငွေကို ကျဆင်းသွားစေခြင်း မရှိဘဲ ကဲ့ထုတ်ရန်နှင့် လမ်းကြောင်းပြောင်းရန် ပို၍လွယ်ကူသည်။

ကလပ်တိုကရေစီ အစိုးရတစ်ရပ်၏ သက်ရောက်မှုများ အနေဖြင့် နိုင်ငံ၏စီးပွားရေး၊ နိုင်ငံရေးကိစ္စများနှင့် အရပ်ဘက်ဆိုင်ရာ လူ့အခွင့်အရေးများကို အကြီးအကျယ် ထိခိုက်စေသည်။ ကလပ်တိုကရေစီ အုပ်ချုပ်ရေးစနစ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အလားအလာများကို ပျက်စီးစေပြီး ပြည်တွင်းစျေးကွက်နှင့် နယ်ခြားဖြတ်ကျော် ကုန်သွယ်မှုတို့ကိုလည်း အကြီးအကျယ် ချည့်နဲ့စေသည်။ ကလပ်တိုကရက်များသည် အခွန်အတုတ်များမှ ရရှိသော ဘဏ္ဍာငွေများကို တလွဲအသုံးပြုခြင်း သို့မဟုတ် ငွေကြေးခဝါချမှု လုပ်ငန်းစဉ်၌ အကြီးအကျယ် ပါဝင်ပတ်သက်ခြင်းတို့ဖြင့် ပြည်သူတို့ထံမှ ငွေများကို အလွဲသုံးစားပြုလုပ်ပြီး နိုင်ငံသားတို့၏ ဘဝအရည်အသွေးကို အကြီးအကျယ် ကျဆင်းစေသည်။

ကလပ်တိုကရက်များက ခိုးယူလိုက်သော ငွေကြေးများသည် ဆေးရုံနှင့် စာသင်ကျောင်း အဆောက်အအုံများ၊ လမ်းများနှင့် ပြည်သူ့ပန်းခြံများ ကဲ့သို့သော အများပြည်သူ ကောင်းကျိုးချမ်းသာအတွက် သတ်မှတ်ထားသော ဘဏ္ဍာငွေများကို လမ်းလွဲရောက်ရှိ သွားစေသောကြောင့် နိုင်ငံသားတို့၏ ဘဝအရည်အသွေးကို ကျဆင်းစေခြင်း ဖြစ်သည်။ ကလပ်တိုကရက် အီလစ်များမှနေ၍ အလွန်အမင်း ချမ်းသာသော လူနည်းစု အလွှာတစ်ရပ် ထွန်းကားလာခြင်းက ဒီမိုကရေစီစနစ်ကို ပျက်စီးစေသည်။

ထို့ကြောင့် နိုင်ငံသားတို့၏ ဘဝအရည်အသွေးကို အကြီးအကျယ် ကျဆင်းစေပြီး ဒီမိုကရေစီစနစ်ကို ဖျက်ဆီးနေသည့် ကလပ်တိုကရက်များသည် နိုင်ငံနှင့်ပြည်သူတို့၏ နံပါတ် - ၁ ရန်သူများပင် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

 

Most Read

Most Recent