အဂတိလိုက်စားမှုအပေါ် ပြည်သူက လက်သင့်မခံခြင်း

အဂတိလိုက်စားမှုအပေါ် ပြည်သူက လက်သင့်မခံခြင်း
Published 19 February 2020

အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့ (TI) က လာဘ်ပေးလာဘ်ယူမှုကိုသာမက မိမိကိုယ်ပိုင်အကျိုးအမြတ်အတွက် အပ်နှင်းထားသော အာဏာကို အလွဲသုံးစားလုပ်မှု မှန်သမျှကို အဂတိလိုက်စားမှုဟု သတ်မှတ်သည်။ အဂတိလိုက်စားမှု၏ အန္တရာယ်ရှိသော သက်ရောက်မှုများကို လေ့လာရာတွင် အဂတိလိုက်စားမှုကြောင့် ကုန်ကျစရိတ်သည် ကမ္ဘာ့ဂျီဒီပီ၏ ငါးရာခိုင်နှုန်းကျော် (အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ထရီလျံ) နှင့်ညီမျှပြီး နှစ်စဉ် လာဘ်ထိုးငွေသည် အမေရိကန်ဒေါ်လာ တစ်ထရီလျံရှိကြောင်း တွေ့ရှိရသည်။ အဂတိလိုက်စားမှုသည် စီးပွားရေးကြီးထွားမှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ထိခိုက်ကြောင်းလည်း တွေ့ရှိရသည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ သုတေသနအရ အဂတိလိုက်စားမှုပို၍ လွှမ်းမိုးသောနိုင်ငံများသည် အဂတိလိုက်စားမှုလျော့နည်းသော နိုင်ငံများထက် ရင်းနှီးမြှုပ်နှံမှု ငါးရာခိုင်နှုန်းခန့် ပို၍နည်းကြောင်း တွေ့ရှိရသည်။ ကမ္ဘာ့စီးပွားရေး ဖိုရမ်က အဂတိလိုက်စားမှုသည် လုပ်ငန်းလုပ်ကိုင်ရန် ကုန်ကျစရိတ်ကို ပျမ်းမျှ ၁၀ ရာခိုင်နှုန်းအထိ မြင့်မားစေသည်ဟု ခန့်မှန်းခဲ့သည်။ အဂတိလိုက်စားမှုက လူ့အဖွဲ့အစည်းကို မတည်မငြိမ်ဖြစ်စေပြီး တရားဥပဒေစိုးမိုးရေးကို အန္တရာယ်ပြုလျက်ရှိသည်။ အဂတိလိုက်စားမှုဟူသည် အင်စတီကျူးရှင်းများနှင့် ဒီမိုကရေစီစံတန်ဖိုးများကို လှိုက်စားကာ အားနည်းသွားစေလျက် ပျက်သုဉ်းသွားစေနိုင်သော အရာလည်း ဖြစ်သည်။

နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှုကို ကာကွယ်ရန် တာဝန်သိပြည်သူများအနေဖြင့် နိုင်ငံရေးသမားများနှင့် အစိုးရအရာရှိများအား ၎င်းတို့လုပ်ရပ်များနှင့် ပတ်သက်၍ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိရေးအတွက် တောင်းဆိုရန် လိုအပ်သည်။ ပြည်သူများအနေဖြင့် နိုင်ငံရေးသမားများနှင့် အစိုးရအရာရှိများ မည်သည့်အရာများကို မည်သို့မည်ပုံလုပ်ဆောင်နေကြောင်း သိရှိရခြင်း မရှိပါက ၎င်းတို့အား မည်ကဲ့သို့ ယုံကြည်နိုင်ပါမည်နည်း။ ထို့ကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့အား ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ဆောင်ရန် တောင်းဆိုရမည် ဖြစ်သည်။ အဂတိလိုက်စားမှုများကို ဖုံးကွယ်၍ မရနိုင်သော ပွင့်လင်းမြင်သာမှုမျိုးရှိမှသာ ပြည်သူများအနေဖြင့် ၎င်းတို့အား ယုံကြည်နိုင်မည်ဖြစ်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်များလည်း တိုးတက်နိုင်မည် ဖြစ်သည်။

အဂတိလိုက်စားမှု မြင့်မားခြင်းက နိုင်ငံတို့၏ စီးပွားရေးကို ဖိစီးနှိပ်စက်လျက်ရှိသည်။ အဂတိလိုက်စားမှုတွင် တရားမဝင် မရိုးမသားမျှတမှုမရှိသော နည်းလမ်းများဖြင့် သက်ဆိုင်ရာရည်မှန်းချက်များ ရယူရန် ငွေအားဖြင့်လည်းကောင်း၊ လုပ်ပိုင်ခွင့်အားဖြင့် လည်းကောင်း အာဏာကို တလွဲအသုံးပြုမှု ပါဝင်သည်။ အဂတိလိုက်စားမှုက ဖိစီးနှိပ်စက်နေသည့် စီးပွားရေးများသည် စနစ်ကျသင့်လျော်စွာ အလုပ်မဖြစ်နိုင်တော့ပေ။ အဂတိလိုက်စားမှုသည် သဘာဝအတိုင်းရှိနေသည့် စီးပွားရေးဥပဒေသများကို လွတ်လပ်စွာလုပ်ဆောင်ရန် တားဆီးထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်များ၌ အဂတိလိုက်စားမှုများရှိခြင်းသည် လူ့အဖွဲ့အစည်း တစ်ရပ်လုံးကို ဆိုးကျိုးများ ခံစားရစေနိုင်သည်။

အဂတိလိုက်စားမှု များပြားသော စီးပွားရေးသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မှုလည်း နည်းပါးသည်။ တရားမျှတပြီး ယှဉ်ပြိုင်မှုရှိသည့် လုပ်ငန်းဝန်းကျင်တစ်ရပ်ကို ရှာဖွေသည့် ရင်းနှီးမြှုပ်နှံသူများသည် အဂတိလိုက်စားမှုနှုန်း မြင့်မားသည့်နိုင်ငံများ၌ ရင်းနှီးမြှုပ်နှံရန် ရှောင်ရှားလိမ့်မည်သာ ဖြစ်သည်။ လေ့လာချက်များအရ နိုင်ငံတစ်နိုင်ငံ၏ အဂတိလိုက်စားမှု အဆင့်နှင့် ယင်းနိုင်ငံ၏ လုပ်ငန်းဝန်းကျင်ဆိုင်ရာ ယှဉ်ပြိုင်မှု အတိုင်းအတာများ တိုက်ရိုက်ပတ်သက်လျက်ရှိကြောင်း တွေ့ရှိရသည်။

မည်သို့ပင်ဆိုစေကာမူ အဂတိလိုက်စားမှုနှုန်း မြင့်မားသည့် နိုင်ငံများ၌ နိုင်ငံ၏ အရင်းအနှီးအများစုသည် လက်တစ်ဆုပ်စာ လူတစ်စု၏ လက်ဝယ်၌သာ ရှိနေမည်ဖြစ်ပြီး ပြည်သူအများစုသည် တစ်နေ့တခြား ဆင်းရဲတွင်းနက်သည်ထက်နက်၍သာ လာမည်ဖြစ်သည်။ ထို့ကြောင့်ပင် ပြည်သူတစ်ရပ်လုံးအနေ​​ဖြင့် အဂတိကို လက်သင့်မခံနိုင်ဖြစ်ရကာ အာဏာပိုင်တို့၏ အဂတိဆိုင်ရာတိုက်ဖျက်မှုနှင့် ပွင့်လင်းမြင်သာမှုတို့အပေါ် မေးခွန်းထုတ်ဝေဖန်ကြရခြင်းဖြစ်ကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

■ ဖေဖော်ဝါရီ ၂၀ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

 

Most Read

Most Recent