နိုင်ငံရေးဓလေ့ထုံးတမ်းများကို လေ့လာခြင်း

နိုင်ငံရေးဓလေ့ထုံးတမ်းများကို လေ့လာခြင်း
Published 18 February 2020

နိုင်ငံရေး လုပ်ငန်းစဉ်တစ်ရပ်ကို အဓိပ္ပာယ်များနှင့် အစီအစဉ်ချထားမှုပေးသည့် သဘောတရားအမြင်များ၊ ယုံကြည်ချက်များနှင့် ခံစားချက်သဘောထားများ အစုံလိုက်ကို နိုင်ငံရေးဓလေ့ထုံးတမ်း ဟုခေါ်သည်။ ယင်းသည် နိုင်ငံရေးစနစ်အတွင်း အပြုအမူ အလေ့အထကို ကြီးစိုးသည့် နောက်ခံယူဆချက်များနှင့် စည်းမျဉ်းများကို ထောက်ပ့ံပေးသည်။ ယင်းတွင် နိုင်ငံရေး စံသတ်မှတ်ချက်များအပြင် အစိုးရပုံစံနှင့် လုပ်ငန်းစဉ် သတ်မှတ်ချက်များပါ အကျုံးဝင်သည်။ ထို့ကြောင့် နိုင်ငံရေး ဓလေ့ထုံးတမ်းသည် နိုင်ငံရေးနှင့် ပတ်သက်သော စိတ်ပညာဆိုင်ရာနှင့် ပုဂ္ဂလိကဓိဋ္ဌာန်ဆိုင်ရာ သရုပ်သကန် ဖြစ်သည်။ နိုင်ငံရေး ဓလေ့ထုံးတမ်းသည် နိုင်ငံရေးစနစ်တစ်ရပ်၏ သမိုင်းနှင့် ယင်း၌ပါဝင်သူများ၏ သမိုင်းကြောင်းများ ဖြစ်သည်။ ထို့ကြောင့် အများပြည်သူနှင့်ဆိုင်သော အဖြစ်အပျက်များနှင့် တစ်သီးပုဂ္ဂလဆိုင်ရာ အတွေ့အကြုံ နှစ်ရပ်စလုံးအပေါ် အညီအမျှ အခြေပြုသည်။

၁၉၆၃ ခုနှစ်တွင် အမေရိကန်သား နှစ်ဦးဖြစ်သော ဂေဘရီယယ်အယ်လ်မွန်နှင့် ဆစ်ဒနီဗာဘာတို့က ယဉ်ကျေးသော ဓလေ့ထုံးတမ်းတစ်ရပ်ကို ပေါင်းစပ်ဖန်တီးနိုင်သည့် စစ်မှန်သော နိုင်ငံရေး ဓလေ့ထုံးတမ်း ပုံစံစစ်စစ် သုံးရပ်ကို ပုံကြမ်းရေးဆွဲခဲ့သည်။ ထိုသူနှစ်ဦးစလုံးက ဖော်ပြခဲ့သော ယင်းအဓိက စရိုက်လက္ခဏာ သုံးရပ်သည် ပြည်သူနှင့် အစိုးရတို့အကြား ဆက်နွှယ်ချက်တစ်ရပ်ကို ထူထောင်ရန် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ ပထမဆုံး စရိုက်လက္ခဏာကို “လေးစားလိုက်နာမှု” ဟုခေါ်သည်။ ယင်းသည် လေးစားမှု၊ အထက်အောက် အနေအထားကို လက်ခံမှုနှင့် လူ့အဖွဲ့အစည်းအတွင်း အာဏာပိုင်မှုတို့ကို စဉ်းစားတွေးခေါ်သည်။

ဒုတိယ စရိုက်လက္ခဏာကို “အများသဘောတူဆန္ဒ” ဟုခေါ်သည်။ ယင်းသည် အစိုးရနှင့် ပြည်သူတို့အကြား သဘောတူညီမှုနှင့် နှစ်သိမ့်ကျေအေးမှုဆိုင်ရာ အဓိက ဆက်နွှယ်ချက်ကို ကိုယ်စားပြုသည်။ နှစ်သိမ့်ကျေအေးမှုအတွက် ထောက်ခံမှုကို အမြဲတမ်း တစ်နိုင်ငံလုံး မျှဝေခံစားနိုင်မည် မဟုတ်သော်လည်း ခြုံကြည့်ပါက လူအများက ယင်းကို ဆက်လက်ထိန်းသိမ်းရန် သဘောတူကြသည်။ ယင်းကိုပင် ဘုံသဘောတူညီချက်ဟု ခေါ်သည်။ “အများသဘောတူဆန္ဒ” နှင့် ပတ်သက်သော ဥပမာများစွာတို့တွင် နိုင်ငံတစ်ခုအဖြစ် လူများကို အုပ်ချုပ်ပုံ၊ အစိုးရ၏ လူမှုဖူလုံရေး အထောက်အပ့ံနှင့် ပတ်သက်သော အများဆန္ဒ၊ မည်သူက နိုင်ငံအကြီးအကဲလုပ်၍ မည်သို့သော အာဏာများဖြင့် အုပ်ချုပ်မည်ဟူသည့် အချက်များ ပါဝင်သည်။ တတိယ စရိုက်လက္ခဏာရပ်မှာ “တစ်ပြေးညီတည်းဖြစ်မှု” ဖြစ်သည်။

ဥပမာအားဖြင့်ကြည့်လျှင် ဂျပန်နိုင်ငံ၏ ဒီမိုကရေစီစနစ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဒီမိုကရေစီ ဖြစ်သည်။ ဂျပန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ ကမ္ဘာစစ်အပြီးတွင် အမေရိကန် အာဏာပိုင်များက ရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ဂျပန်တွင် အမေရိကထက် ဆက်ဆံရေး ကောင်းမွန်မှုနှင့် အဆင်ပြေညီညွတ်မှုက ပို၍ အရေးကြီးသည်ဟု ယူဆကြသည်။ မိသားစုအတွင်းနှင့် နိုင်ငံရေးအတွင်း ထက်အောက် အဆင့်ဆင့်တည်ရှိမှု သဘောတရားသည် ဂျပန်နိုင်ငံ၏ ဓလေ့ထုံးတမ်းအတွင်း၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသည်။ မိသားစုအတွင်းရှိ ကြီးသူများနှင့် လည်းကောင်း၊ ခေါင်းဆောင်များနှင့် လည်းကောင်း ဆက်ဆံမှုကို ကြည့်ပါက ဂျပန်နိုင်ငံသားများသည် အမေရိကန်နိုင်ငံသားများထက် သက်ဆိုင်ရာ အာဏာပိုင်ကို ပို၍လေးစားမှုရှိကြောင်း ပြသနေသည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံအမျိုးမျိုး၌ ကွဲပြားခြားနားသော နိုင်ငံရေး ဓလေ့ထုံးတမ်းအမျိုးမျိုး ရှိကြပြီး ယင်းတို့ကို လေ့လာခြင်းဖြင့် အစိုးရအဖွဲ့အသီးသီးကို သက်ဆိုင်ရာ နည်းလမ်းတစ်ရပ်ရပ်ဖြင့် ဖွဲ့စည်းထားပုံ၊ ဒီမိုကရေစီစနစ် ကျင့်သုံးမှုများ အဘယ့်ကြောင့် အောင်မြင်ရပုံ သို့မဟုတ် ကျရှုံးရပုံနှင့် နိုင်ငံအချို့တွင် ဘုရင်စနစ်များ အဘယ့်ကြောင့် ယနေ့အထိ ဆက်ရှိနေပုံတို့ကို နားလည်နိုင်ရန် အထောက်အကူပြုပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဖေဖော်ဝါရီ ၁၉ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

 

Most Read

Most Recent