ထိန်းချုပ်ဖို့ ရုန်းကန်နေရဆဲ ကိုရိုနာဗိုင်းရပ်စ်

ထိန်းချုပ်ဖို့ ရုန်းကန်နေရဆဲ ကိုရိုနာဗိုင်းရပ်စ်
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုင်းလေဆိပ်အတွင်းရှိ ဆိုက်ရောက်ခရီးသည်များကို ကျန်းမာရေးဝန်ထမ်းများက ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ စစ်ဆေးနေစဉ် (ဓာတ်ပုံ- ထွန်းနေလှိုင်)
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုင်းလေဆိပ်အတွင်းရှိ ဆိုက်ရောက်ခရီးသည်များကို ကျန်းမာရေးဝန်ထမ်းများက ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ စစ်ဆေးနေစဉ် (ဓာတ်ပုံ- ထွန်းနေလှိုင်)
Published 16 February 2020
အိသဥ္ဇာကျော်

တရုတ်ပြည်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖေဖော်ဝါရီ ၁၆ ရက်တွင် ၁၄၂ ဦး ထပ်မံသေဆုံးခဲ့ပြီး တရုတ်ပြည်မတွင် သေဆုံးသူအရေအတွက် ၁၆၆၅ ဦးသို့ ခုန်တက်သွားခဲ့သည်။ ကူးစက်ခံရသူပေါင်း ၆၈၀၀၀ ရှိလာခဲ့သော်လည်း ကူးစက်မှုနှုန်း သုံးရက်ဆက်တိုက် ကျဆင်းခဲ့သည်။

တရုတ်တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် ဖေဖော်ဝါရီ ၁၅ ရက်က ၁၅၀၀ ကျော်အထိ ရောက်ရှိခဲ့ပြီး သေဆုံးသူများတွင် ကျန်းမာရေးဝန်ထမ်းခြောက်ဦး ပါဝင်ခဲ့သည်ဟု နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြထားသည်။

ဗိုင်းရပ်စ်ကူးစက်မှုပြဿနာကို ထိန်းချုပ်ရန် တရုတ်၏ရုန်းကန်နေရမှုကို မြင်သာစေကာ ဖေဖော်ဝါရီ ၁၁ ရက်အထိ ဗိုင်းရပ်စ် ကူးစက်ခံထားရသော ကျန်းမာရေးဝန်ထမ်း ၁၇၁၆ ဦး ရှိခဲ့သည်ဟု တာဝန်ရှိသူများက ဖော်ထုတ်ခဲ့ပြီးနောက် တရုတ်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၆၀၀၀ ကျော် ရှိလာခဲ့သည်။

ဟူပေပြည်နယ် အာဏာပိုင်များက ဗိုင်းရပ်စ်ကူးစက်မှုကို အဓိပ္ပာယ်သတ်မှတ်ချက် ပြောင်းလဲခဲ့ပြီးနောက် ကူးစက်ခံရသူဦးရေသည် နေ့စဉ်ထောင်ချီ၍ မြင့်တက်ခဲ့သည်။ တရုတ်အပြင်ဘက်တွင် နိုင်ငံပေါင်း ၂၀ ကျော်၌ ယင်းဗိုင်းရပ်စ်ရောက်ရှိ ကူးစက်ခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းတွင် ဗိုင်းရပ်စ်ကူးစက်မှု ပိုဆိုးလာမည်ကို စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။

ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းအထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်များအရ ရောဂါပိုးအသစ်တွေ့ရှိသည့် ထပ်တိုးနိုင်ငံမရှိသည်မှာ ရှစ်ရက်ဆက်တိုက်ရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။ ထပ်တိုး နိုင်ငံမရှိသည့်အတွက် ယခင်ကအတိုင်း တရုတ်နိုင်ငံပြင်ပတွင် နိုင်ငံပေါင်း ၂၄ နိုင်ငံတွင် ရောဂါကူးစက် ဖြစ်ပွားမှုရှိနေသည်။ တရုတ်နိုင်ငံ ပြင်ပ သေဆုံးမှုအနေဖြင့် ဂျပန်နိုင်ငံတွင် တစ်ယောက်သေဆုံးသည်ကို တွေ့ရပြီး တရုတ်နိုင်ငံသို့ သွားခဲ့သော ခရီးသွားရာဇဝင် မရှိပေ။

တရုတ်နိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းများကို ကူးစက်မှုအနေဖြင့် လူဦးရေ ၁၇၀၀ ကျော်ရှိပြီး ဖေဖော်ဝါရီ ၁၅ရက် နံနက်ပိုင်းအထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ သတင်းပေးပို့ထားသော အတည်ပြုလူနာ ၄၉၀၅၃ ဦးအနက် လူဦးရေ ၄၈၅၄၈ ဦးမှာ တရုတ်ပြည်မှဖြစ်သည်ဟု ဖော်ပြထားသည်။ ဗိုင်းရပ်စ်ကူးစက်မှု အစပြုသည့် ဝူဟန်မြို့တွင် ကျန်းမာရေး ဝန်ထမ်းများအကြား ကူးစက်မှု မြင့်မားခဲ့ပြီး အကာအကွယ်ဝတ်စုံနှင့် နှာခေါင်းစည်းများ အလုံအလောက် မရှိသည့်အတွက် စုပြုံနေသည့် လူနာများအား ကုသပေးရာတွင် ၎င်းတို့ကိုယ်တိုင် မကာကွယ်နိုင် ဖြစ်ခဲ့ရသည်။ ဝူဟန်တွင် ဗိုင်းရပ်စ်ကူးစက်မှု အကျပ်အတည်းကို တိုက်ဖျက်နေသော ကျန်းမာရေးအလုပ်သမား ၈၀၀၀၀ နီးပါးရှိကြောင်း ဝူဟန်အစိုးရက ယခုလအစောပိုင်းတွင် ပြောကြားခဲ့သည်။

 

 COVID- 19 ဟု ပြောင်းလဲအမည်ပေးလိုက်သည့် Coronavirus Disease

ယခုဖြစ်ပွားနေသော လတ်တလော အသက်ရှူလမ်းကြောင်းရောဂါ 2019-nCoV acute respiratory disease အမည်ကို Coronavirus Disease 2019 (COVID-19) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရုံးချုပ်က ဖေဖော်ဝါရီ ၁၁ရက်က တရားဝင်အမည် သတ်မှတ်လိုက်ပြီ ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကူးစက်ရောဂါအသစ်များနှင့် ပတ်သက်၍ အမည်ပေးရာတွင် OIE နှင့် FAO တို့နှင့် တိုင်ပင်ဆွေးနွေး ပူးပေါင်းအဖြေရှာ၍ COVID-19 (၂၀၁၉ ကိုရိုနာဗိုင်းရပ်စ်ရောဂါ) ဟု အမည်ပေးလိုက်ခြင်းဖြစ်ပြီး COVID-19 ကို ထိန်းချုပ်နိုင်ရန် ဆောင်ရွက်နေပြီဖြစ်သည်။

ဖေဖော်ဝါရီ ၁၂ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကူးစက်သည့် အဆုတ်ရောင်ရောဂါသည် ကြောက်မက်ဖွယ် မကောင်းကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနှုန်းသည် ၂ ဒသမ ၁ ရာခိုင်နှုန်းသာရှိပြီး အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးနှုန်းသည်  ၄၀ ဒသမ ၄ ရာခိုင်နှုန်း၊ SARS ရောဂါကြောင့် သေဆုံးနှုန်းသည် ၁၀ ရာခိုင်နှုန်း၊ MERS ရောဂါကြောင့် သေဆုံးနှုန်းသည် ၃၄ ဒသမ ၄ ရာခိုင်နှုန်း၊ ရာသီတုပ်ကွေးရောဂါ H1N1 ကြောင့် သေဆုံးနှုန်းသည် ၁၇ ဒသမ ၄ ရာခိုင်နှုန်းဖြစ်ကာ အမေရိကန် ရာသီတုပ်ကွေးကူးစက်သူပေါင်း သိန်း ၁၉၀ ရှိပြီး အနည်းဆုံး လူဦးရေ တစ်သောင်း သေဆုံးသောကြောင့် သေဆုံးသည့် လူဦးရေအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကူးစက်သည့် အဆုတ်ရောင်ရောဂါထက် ပိုပြင်းထန်သည်ဟု ဖော်ပြခဲ့ရာ ထိုကဲ့သို့ ရေးသားမှုအပေါ် ဝေဖန်မှုများ ရှိခဲ့သည်။

နိုင်ငံတကာမီဒီယာများတွင် ဖော်ပြချက်အရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်တွင် ကူးစက်မှုနှင့် သေဆုံးမှု မြင့်တက်လာခဲ့သောကြောင့် အာရှစျေးကွက်သည် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျဆင်းသွားခဲ့သည်။ COVID-19 သည် တရုတ်စီးပွားရေးကို ခြိမ်းခြောက်နေပြီး တရုတ်၏ ပထမသုံးလပတ် စီးပွားရေးသည် ၃ဒသမ၂ ရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းသို့ နှေးကွေးသွားနိုင်ကြောင်း ANZ ဘဏ်က သတိပေးခဲ့သည်။

 

ကိုရိုနာဗိုင်းရပ်စ်နှင့် မြန်မာနိုင်ငံ အခြေအနေ

မြန်မာနိုင်ငံနှင့် အိမ်နီးချင်း တရုတ်နိုင်ငံတွင် ရောဂါကူးစက်ခံရသူဦးရေ နေ့စဉ်ထောင်ချီ မြင့်တက်နေဆဲဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁၅ ရက်အထိ သံသယလူနာ၊ စောင့်ကြည့်လူနာများသာရှိပြီး ဓာတ်ခွဲအတည်ပြုလူနာမရှိခဲ့ပေ။ COVID-19 ဟု တရားဝင် အမည်မှည့်ခေါ်ထားသည့် ယင်းဗိုင်းရပ်စ်ကို တရုတ်နိုင်ငံ တစ်ဝန်း ကူးစက်ခံထားရသူ ၆၀၀၀၀ ကျော်အထိ ရှိလာခဲ့သည့်အတွက် မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်ဝင်ပေါက်များတွင် ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်နေသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဖေဖော်ဝါရီ ၁၁ ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ထည့်သွင်းပြောကြားထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် တွေ့ရှိလာသော ကိုရိုနာဗိုင်းရပ်စ် သံသယလူနာများ၏ ဓာတ်ခွဲနမူနာများကို အိမ်နီးချင်းထိုင်းနိုင်ငံရှိ ရည်ညွှန်းဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးနေရဆဲဖြစ်ပြီး လာမည့် ဖေဖော်ဝါရီ ၂၁ ရက်မှစ၍ မြန်မာနိုင်ငံတွင် ဓာတ်ခွဲစမ်းသပ်နိုင်မည်ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

“ အခုလောလောဆယ်အရ ကျွန်တော်တို့နိုင်ငံမှာ ဒီရောဂါအတွက် ဓာတ်ခွဲခန်းမှာ မလုပ်နိုင်သော်လည်း မကြာခင်ရက်ပိုင်းမှာ လုပ်နိုင်မှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံကနေ ဓာတ်ခွဲအကြိမ် ၁၀၀ စာလုပ်ဖို့ရတော့မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ အမေရိကန်နိုင်ငံက နေပြီးတော့လည်း ၁၇ ရက်နေ့မှာ အခါ ၂၅၀ စာလောက်လုပ်ဖို့ရတဲ့အပြင် ဘန်ကောက်မှာ အခြေစိုက်တဲ့ Aisa Pacific မှာ Chief ကိုယ်တိုင်လာပြီးတော့ Training ပေးမယ်။ လုပ်မယ်ဆိုလို့ရှိရင် ကျွန်တော်ထင်တာတော့ ၁၉၊ ၂၀၊ ၂၁ မှာ ကျွန်တော်တို့ နိုင်ငံမှာ ဒီရောဂါဟုတ်မဟုတ်ဆိုတာ စမ်းသပ်လို့ ရဖို့ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ထိုသို့ ဖေဖော်ဝါရီ ၂၁ ရက်ခန့်မှသာ ဓာတ်ခွဲစမ်းသပ်နိုင်မည် ဖြစ်သော်လည်း နောက်မကျသေးဘဲ တရုတ်၊ ဂျပန်၊ ဂျာမနီ၊ ထိုင်း၊ စင်ကာပူ၊ အိန္ဒိယ၊ ပဲရစ်၊ ရုရှား အပါအဝင် တစ်ကမ္ဘာလုံးတွင် ၁၅ နေရာ၌သာ အဆိုပါဓာတ်ခွဲရုံတည်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်ပိုးသည် မြန်မာနိုင်ငံတွင် မတွေ့သေးသော်လည်း စိုးရိမ်ရပြီး အချိန်မရွေး အများကြီး ပေါ်ပေါက်လာနိုင်ကြောင်း၊ လက်ရှိတွင် လေဆိပ်၌ ဝင်လာသည့် ခရီးသည်နည်းပါးသွားပြီး လူ ၁၀၀၊ ၂၀၀ ကျော်သာ ဝင်ရောက်တော့ကြောင်းနှင့် ကုန်းလမ်းတွင် တရားဝင်ပေါက် ၂၇ ပေါက်ရှိပြီး ယခင်က သိန်းနှင့်ချီပြီး ဝင်နေရာမှ လက်ရှိတွင် သောင်းဂဏန်းခန့်သာ ဝင်ရောက်လာတော့ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ထပ်မံ၍ ၎င်းက “ကျွန်တော်တို့ နိုင်ငံမှာလည်း သံသယလူနာတွေ အပါအဝင် လူနာ ၂၀ ကျော်ရှိလာပြီ ဖြစ်တဲ့အတွက် ပေါ့ဆလို့မရတော့ကြောင်း သတိပေးခေါင်းလောင်းသံ မြည်နေပြီဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ဖေဖော်ဝါရီ ၉ ရက်ကထုတ်တဲ့ Situation Report 20 မှာ မြန်မာအပါအဝင် ဒေသဆိုင်ရာနဲ့ ကမ္ဘာ့အဆင့်မှာ ကူးစက်မှု အန္တရာယ်မြင့်မားနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ လူထုကတော့ ကာကွယ်ဆေးမရှိ၊ ကုသဆေးမရှိတဲ့အတွက် ဒီဗိုင်းရပ်စ်အန္တရာယ်ကို သေချာ ပညာမပေးနိုင်သေးခင် ကြောက်ရွံ့နေကြသလို ကာကွယ်ရေး၊ ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေမှာ ဂရုမစိုက်ကြရင် အားလုံးအတွက် အန္တရာယ် ရှိပါတယ်” ဟု ဆိုထားသည်။

ကိုရိုနာဗိုင်းရပ်စ် ကောလာဟလသတင်းများအပေါ် ကျန်းမာရေးဝန်ကြီးဌာန၏တုံ့ပြန်မှု

ဖေဖော်ဝါရီ ၁၃ ရက် ညပိုင်းက ကိုရိုနာဗိုင်းရပ်စ် သတင်းများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရက တရားဝင်အသိအမှတ်ပြု မီဒီယာများ၏ သတင်းများကိုသာ ယုံကြည်ကြရန်နှင့် ကောလာဟလ သတင်းမှားများကို ဖြန့်ဝေခြင်း မပြုပါရန် ကျန်းမာရေးဝန်ကြီးဌာနက မေတ္တာရပ်ခံကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနများ၊ ဆေးရုံများမှ သတင်းအချက်အလက်များကို ကွန်ရက်ချိတ်ဆက်ရယူခြင်း၊ ကောလာဟလသတင်းများ နှင့်ပတ်သက်၍ သတင်းအရင်းအမြစ် စုံစမ်းစိစစ်ခြင်းများကို ပြည်သူများထံ နေ့စဉ်သတင်း ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန Health Division အနေဖြင့်လည်း Myanmar Facebook Team နှင့်တွေ့ဆုံ၍ လူမှုကွန်ရက်တွင် ဖန်တီးဖြန့်ဝေနေသော ကောလာဟလသတင်းမှားများကို ဖယ်ရှားရှင်းလင်းနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဥပမာအားဖြင့် Min Hein Khat ဆိုသည့် အကောင့်ကဲ့သို့ Account အချို့က Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြည့် လူနာများနှင့်ပတ်သက်၍ မဟုတ်မမှန်သတင်းများကို ဖြန့်ဝေလျက်ရှိကြောင်းကို တွေ့ရှိရကြောင်း၊ ထိုသို့ မဟုတ်မမှန်သတင်းများကို ဖြန့်ဝေနေခြင်းသည် လူ့ကျင့်ဝတ်များနှင့်လည်း မညီဘဲ အများပြည်သူအား ထင်ယောင်ထင်မှားဖြစ်စေခြင်း၊ လူနာနှင့် လူနာ၏ မိသားစုဝင်များအား အလွန်နစ်နာစေခြင်းတို့သာမက လူနာကို မိမိတို့ကိုယ်တိုင်ရောဂါ ကူးစက်ခံရနိုင်ခြေရှိသည့်ကြားမှ အနီးကပ်ကြိုးပမ်းကုသ စောင့်ရှောက်ပေးလျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအားလည်း ထိခိုက်နစ်နာစေလျက်ရှိသည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ရေးသားထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာ (www.mohs.gov.mm) ၊ ဝန်ကြီးဌာန၏ လူမှုကွန်ရက် (Facebook) စာမျက်နှာ (Ministry of Health and Sports Myanmar) ၊ Myanmar CDC Facebook Page အပါအဝင် ဦးစီးဌာနအသီးသီး၏ Facebook Page များအပြင် ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် သတင်းစာများတွင် ကိုရိုနာဗိုင်းရပ်စ် နောက်ဆုံးရသတင်းများကို ပုံမှန်ထုတ်ပြန်ပေးလျက်ရှိသည်ဟု ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ရေးသားခဲ့သည်။

ပြည်သူများ ထိတ်လန့်ကြောက်ရွံ့စေရန်၊ အခြေအနေအရပ်ရပ် တည်ငြိမ်မှုမရှိစေရန်နှင့် ထိုသို့ထိတ်လန့်ကြောက်ရွ့ံမှုအပေါ် အခွင့်ကောင်းယူကာ စီးပွားရေးအကျိုးအမြတ် အပါအဝင် အကျိုးအမြတ်များ ရရှိစေရေးအတွက် မသမာသူများက တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းဖြင့်လည်းကောင်း ကောလာဟလသတင်းတု၊ သတင်းမှားများနှင့် လွဲမှားသော ကျန်းမာရေး အယူအဆများကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေသည်ကိုလည်း တွေ့ရှိနေရသည်ဟု  ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းအထိ ရရှိသည့်အချက်အလက်အရ မန္တလေးတိုင်း မြစ်သားမြို့နယ်ရှိ အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးသည် တရုတ်နိုင်ငံ၊ ရင်ကျန်းမြို့မှ ဖေဖော်ဝါရီ ၁၃ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ယင်းညနေမှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းလက္ခဏာများ ခံစားခဲ့ရသဖြင့် ဖေဖော်ဝါရီ ၁၄ ရက်တွင် မြစ်သားမြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိကုသပေးလျက်ရှိသည်။ အလားတူ မန္တလေးတိုင်း မြစ်သားမြို့နယ်ရှိ အသက် ၃၄ နှစ် အရွယ် အမျိုးသားတစ်ဦးသည် တရုတ်နိုင်ငံ၊ မုန်တိမ်မြို့မှ ဖေဖော်ဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၁၂ရက်မှ စတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းလက္ခဏာများခံစားရသဖြင့် ဖေဖော်ဝါရီ ၁၄ရက်တွင် မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိ ကုသပေးလျက်ရှိသည်ဟု သိရသည်။

ရှမ်းပြည်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် နေထိုင်သော အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦးသည် တရုတ်နိုင်ငံ မိန်းတိန်မြို့မှ ဖေဖော်ဝါရီ ၁၃ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်မှစ၍ အနည်းငယ်ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် နှာချေခြင်း လက္ခဏာများ ခံစားခဲ့ရကြောင်း၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် လားရှိုးပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိ ကုသမှုပေးလျက် ရှိသည်။ အဆိုပါလူနာများထံမှ ဓာတ်ခွဲနမူနာရယူ၍ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရန် စီစဉ်ထားပြီး လတ်တလောစစ်ဆေးချက်အရ အခြားပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းအထိ  စင်ကာပူနိုင်ငံမှ ပြန်လာသော အမျိုးသမီးတစ်ဦး အပါအဝင် ဒေသအသီးသီးရှိ ဆေးရုံအချို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ရှိ မရှိ ဓာတ်ခွဲအဖြေ စောင့်ဆိုင်းနေသူများအနက် ၁၃ ဦးတွင် ရောဂါပိုးမရှိကြောင်း ဓာတ်ခွဲခန်းမှ ပြန်ကြားစာရရှိခဲ့ပြီး စောင့်ကြည့်လူနာ ၂၁ ဦး ကျန်ရှိသည်ဟု သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသည် အလွန်မြန်ဆန်ပြီး ပြည်သူ့ကျန်းမာရေးပညာ၏ အခြေခံ ကူးစက်နှုန်း (Basic Reproduction Rate-Ro) တန်ဖိုးသည် အခြားကူးစက်ရောဂါများထက် ပိုမိုမြင့်မားသည်ကို တွေ့ရပြီး စိုးရိမ်ဖွယ်အခြေအနေတွင် ရှိနေဆဲဖြစ်သည်။

Most Read

Most Recent