MFF ဖူဆယ်လိဂ်ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲဖြစ်သည့် VUC နှင့် MIU ပွဲကို ယနေ့ကစားမည်ဖြစ်ပြီး Eleven Broadcasting မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်

MFF ဖူဆယ်လိဂ်ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲဖြစ်သည့် VUC နှင့် MIU ပွဲကို ယနေ့ကစားမည်ဖြစ်ပြီး Eleven Broadcasting မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်
Photos : VUC, MIC, Eleven
Photos : VUC, MIC, Eleven
Published 15 February 2020

၂၀၁၉-၂၀၂၀ ရာသီ MFF ဖူဆယ်လိဂ် ပြိုင်ပွဲ နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၂၂) ကို ဖေဖော်ဝါရီ ၁၅ ရက် (ယနေ့) နံနက်ပိုင်းမှစတင်ကစားလျက်ရှိကာ  ချန်ပီယံဆုအဆုံးအဖြတ်ပွဲအဖြစ် VUC အသင်းနှင့် MIU အသင်းတို့ ညနေ(၃)နာရီတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းပွဲကို Eleven Broadcasting နှင့် Eleven Sports Facebook Page တို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။

    

ပွဲစဉ် (၂၁) အပြီးတွင် VUC နှင့် MIU အသင်းတို့ ၆၁ မှတ်စီရထားပြီး ဂိုးကွာခြားချက်ဖြင့် VUC က ပထမ၊ MIU က ဒုတိယနေရာတွင် ရပ်တည်နေသည်။

ယင်းအသင်းများ၏နောက်တွင် GV က ၅၁ မှတ်၊ On Doctor က ၃၆ မှတ်၊ Winner နှင့် မြို့မ JY က ရမှတ် ၃၀ စီ၊ MFF ယူ-၁၉ က ၂၈ မှတ်၊ Do Do Ko Ko က ၂၆ မှတ်၊ Dream Team က ၂၂ မှတ်၊ AMM Brothers က ၁၁ မှတ်၊ ဖူဆယ်ချစ်သူက ခုနစ်မှတ်၊ လက်ဝဲသုန္ဒရက ခြောက်မှတ်ရထားသည်။

ပွဲစဉ် (၂၁) အပြီး တွင် တတိယ၊ စတုတ္ထနှင့် အခြားအဆင့်များ အတွက် အသင်းများထွက်ပေါ်ခဲ့သော်လည်း ချန်ပီယံအပါအဝင် အခြားအချို့နေရာများမှာမူ ထွက်ပေါ်ခြင်းမရှိသေးဘဲ နောက်ဆုံးအချိန်ထိ စောင့်ကြည့်ရမည်ဖြစ်သည်။

ချန်ပီယံဆု အတွက် ၆၁ မှတ်စီရထားသည့် VUC နှင့် MIU အသင်းတို့ အပြိုင်ဖြစ်နေပြီး ပထမအကျော့တွင် နှစ်ဂိုးစီသရေကျထားသည်။

ယခုပြိုင်ပွဲတွင် အဝေးဂိုးစည်းမျဉ်းထည့်သွင်းထားပြီး ပထမအကျော့ကို MIU အသင်းက အိမ်ကွင်းအဖြစ် ကစားခဲ့ရသောကြောင့် ဒုတိယအကျော့တွင် အနိုင်ကစားရန် လိုအပ် သလို သရေကျပါက သုံးဂိုးနှင့်အထက်သရေကျမှသာ ချန်ပီယံဆုကာကွယ်နိုင်မည်ဖြစ်သည်။

VUC အသင်းမှာမူ တစ်ဂိုးစီသရေကျပါက အဝေးဂိုးစည်းမျဉ်းဖြင့် ချန်ပီယံဆုရယူနိုင်မည်ဖြစ်ပြီး နှစ်ဂိုးစီသရေကျလျှင်လည်း ဂိုးကွာခြားချက်အသာဖြင့် ဗိုလ်စွဲမည်ဖြစ်သည်။

VUC နှင့် MIU အသင်းတို့ ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲဆက်လက်ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင် ၁၂ သင်းစလုံးကို ဆုကြေးများ ချီးမြှင့်မည်ဖြစ်သည်။

ပထမဆု ကျပ်သိန်း ၁၀၀၊ ဒုတိယဆု ကျပ် ၇၅ သိန်း၊ တတိယဆု ကျပ် သိန်း ၆၀၊ စတုတ္ထဆု ကျပ်သိန်း၄၀၊ ပဥ္စမဆု ကျပ် ၂၅ သိန်း၊ အဆင့် ၆၊ ၇ အသင်းကို ကျပ် သိန်း၂၀ စီ၊ အဆင့် ၈ အသင်းကို ကျပ် ၁၅ သိန်း၊ အဆင့် ၉ အသင်းကို ကျပ် ၁၀ သိန်းနှင့် ကျန်သုံးသင်းကို ကျပ်ငါးသိန်းစီ ချီးမြှင့်မည် ဖြစ်သည်။

ထို့ပြင် အကောင်းဆုံးကစားသမားဆု၊ အသန့်ရှင်းဆုံးအသင်းဆုနှင့် အကောင်းဆုံးဂိုးသမားဆုလည်း ချီးမြှင့်မည်ဖြစ်သည်။

ဖူဆယ်လိဂ်ပြိုင်ပွဲကို ခုနစ်ကြိမ်မြောက် ကျင်းပ နခြင်းဖြစ်ပြီး MIU (ယခင် MIC)၊ ACE နှင့် PU အသင်းတို့သာ ဗိုလ်စွဲဖူးသဖြင့် VUC အသင်း ဗိုလ်စွဲပါက  ချန်ပီယံဆုရသည့် လေးသင်းမြောက်အသင်းအဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။

VUC အသင်းသည် ရာသီစကတည်းက ဦးဆောင်နေခြင်းဖြစ်သည်။

 

 

Most Read

Most Recent