ချစ်ခြင်းမေတ္တာဟူသည် ကွဲပြားခြားနားသော ခံစားမှု အမျိုးမျိုး၊ စိတ်အခြေအနေ အဖုံဖုံနှင့် စိတ်သဘောထား အရပ်ရပ် ရောပြွမ်းနေသော အရာဖြစ်သည်။ “အမေ့ကို ချစ်တယ်” ဟူသော ပုဂ္ဂိုလ်နှစ်ဦးအကြား မေတ္တာတရားမှသည် “ဒီဟင်းကို ကြိုက်တယ်” ဟူသည့် ကျေနပ်မှု အရသာအထိ အတိုင်းအတာ ကျယ်ပြောလှသည်။ ပြင်းထန်သော ဆွဲဆောင်မှုနှင့် ပတ်သက်သည့် စိတ်ခံစားမှုတစ်ရပ် သို့မဟုတ် လူပုဂ္ဂိုလ်တို့အကြား သံယောဇဉ် တစ်ရပ်ကိုလည်း ရည်ညွှန်းနိုင်သည်။ လူသားတို့၏ မေတ္တာ၊ ကရုဏာနှင့် အကြင်နာတရားကိုလည်း ကိုယ်စားပြုသည်။ လူတစ်ဦးက အခြားတစ်ဦးအပေါ် တစ်ကိုယ်ကောင်းမဆန်သော၊ သစ္စာရှိသော၊ စေတနာထားသော သဘောထားကို ဆိုလိုသည်။ အခြားလူသားများ သို့မဟုတ် မိမိကိုယ်တိုင် သို့မဟုတ် သတ္တဝါများအပေါ် ကရုဏာထားသော သို့မဟုတ် မေတ္တာထားသော လုပ်ဆောင်ချက်များကို ဖော်ပြရာ၌ ချစ်ခြင်းမေတ္တာဟူသည့် စကားလုံးကို သုံးစွဲကြသည်။
ချစ်ခြင်းမေတ္တာအကြောင်း ပြောဆိုကြသည့်အခါ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုသည့် ဗယ်လင်တိုင်းဒေး အကြောင်း ပြောရန်ဖြစ်လာသည်။ နှစ်စဉ် ဖေဖော်ဝါရီ ၁၄ ရက် ရောက်တိုင်း အမေရိကန်ပြည်ထောင်စု တစ်ဝန်းနှင့် ကမ္ဘာတစ်လွှားမှ အခြားနေရာများတွင် ချစ်သူခင်သူတို့၏အကြား ချောကလက်များ၊ ပန်းများနှင့် လက်ဆောင်များ ဖလှယ်ကြသည်။ ဗယ်လင်တိုင်းဒေးတွင် နှစ်စဉ် နှုတ်ခွန်းဆက် ကတ်ပြားများ ပေးပို့ဖလှယ်မှုပေါင်း သန်း ၁၅၀ ခန့်ရှိသည် ဟုဆိုသည်။ ခရစ္စမတ်ပြီးလျှင် ဒုတိယမြောက် နှုတ်ခွန်းဆက်ကတ်များ ပေးပို့မှု အများဆုံးဖြစ်သည်။ ဗယ်လင်တိုင်းဒေးဟူသည် စိန့်ဗယ်လင်တိုင်း အမည်ရှိ ခရစ်ယာန် အာဇာနည် ဘုန်းတော်ကြီး၏ အမည်ကို အစွဲပြု မှည့်ခေါ်ထားခြင်း ဖြစ်သည်။
ကက်သလစ် ခရစ်ယာန်အသင်းတော်က အသိအမှတ်ပြုထားသော ဗယ်လင်တိုင်း အမည်ရှိ ဘုန်းတော်ကြီး သုံးပါးထက်မနည်း ရှိသည်။ အားလုံးသည် အာဇာနည် ဘုန်းတော်ကြီးများ ဖြစ်ကြသည်။ ဒဏ္ဍာရီတစ်ခု၌ ဗယ်လင်တိုင်းသည် ၃ ရာစုအတွင်း ရောမ၌ ထမ်းဆောင်ခဲ့သော ဘုန်းတော်ကြီးဖြစ်သည်။ အင်ပါရာပြည့်ရှင် ကလောဒီးယက်စ်-၂ သည် ဇနီးများနှင့် မိသားစုများရှိသူတို့ထက် တစ်ကိုယ်ရေ တစ်ကာယသမားများက ပိုမိုကောင်းမွန်သော စစ်သားဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ပြီး လူငယ်များ အိမ်ထောင်ပြုခြင်းကို ဥပဒေအရ အပြစ်ရှိသည်ဟု ပြဋ္ဌာန်းခဲ့သည်။ ဘုရင်ကြီး၏ အမိန့်သည် တရားမျှတခြင်း မရှိဟု ဘုန်းတော်ကြီး ဗယ်လင်တိုင်းက သိမြင်ခဲ့ပြီး ကလောဒီးယက်စ်ကို အာခံကာ လူငယ်ချစ်သူများ လက်ထပ်ခြင်းကို လျှို့ဝှက်စွာ ဆောင်ရွက်ပေးခဲ့သည်။ ကလောဒီးယက်စ်က ဗယ်လင်တိုင်း၏ လုပ်ရပ်များကို သိရှိသွားသည့်အခါ သူ့အား သေဒဏ်ပေးခဲ့သည်။
အခြားပုံပြင်များ၌ ဗယ်လင်တိုင်းသည် ရိုက်နှက်ခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့ ပြုလုပ်သော ရက်စက်ကြမ်းကြုတ်သည့် ရောမအကျဉ်းထောင်များထဲမှ ခရစ်ယာန် ဘာသာဝင်များ လွတ်မြောက်ရန် ကူညီခဲ့သောကြောင့် အသတ်ခံရသည်ဟု ဖော်ပြကြသည်။ ဒဏ္ဍာရီပုံပြင်တစ်ခုက အကျဉ်းချခံထားရသော ဗယ်လင်တိုင်းသည် မိန်းကလေးငယ် တစ်ဦးနှင့် မေတ္တာမျှခဲ့ပြီးနောက် ဗယ်လင်တိုင်း နှုတ်ခွန်းဆက်လွှာကို သူကိုယ်တိုင် ပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြသည်။ အဆိုပါ မိန်းကလေးငယ်သည် ထောင်မှူး၏ သမီးဖြစ်ပြီး သူ၏အခန်းသို့ လာရောက်တွေ့ဆုံခဲ့သည် ဟုဆိုသည်။ ဗယ်လင်တိုင်းသည် အသတ်မခံရမီ အဆိုပါ မိန်းကလေးငယ်ထံသို့ “သင်၏ ဗယ်လင်တိုင်းထံမှ” ဟု ရေးထိုးထားသော စာတစ်စောင်ကို ရေးသားခဲ့သည်ဟု ဆိုသည်။ ယင်းကဲ့သို့ ရေးသားပုံမျိုးကို ယနေ့တိုင် အသုံးပြုဆဲဖြစ်သည်။
ဗယ်လင်တိုင်း ဒဏ္ဍာရီပုံပြင်များ နောက်ကွယ်မှ အမှန်တရားအား ရေရေရာရာ သိရှိရန် မဖြစ်နိုင်သော်လည်း ဗယ်လင်တိုင်းသည် ချစ်ခြင်းမေတ္တာနှင့် ပတ်သက်၍ လူသားတို့အား တစ်စုံတစ်ရာကို သင်ကြားပေးခဲ့သည်မှာ အသေအချာပင် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်









