ချင်းပြည်နယ်အစိုးရ၏ ခွင့်ပြုချက်မရသဖြင့် ချင်းပြည်နယ် မင်းတပ်မြို့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ချင်းအမျိုးသားများ ပိုမိုညီညွတ်ငြိမ်းချမ်းရေးဆိုင်ရာ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲကို မင်းတပ်နှစ်ခြင်း ခရစ်ယာန်အသင်းတော်က ပြီးခဲ့သည့် သီတင်းတစ်ပတ်တွင် ဖျက်သိမ်းလိုက်သည်။
အဆိုပါ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲသို့ ချင်းပြည်နယ်နှင့် ပြည်နယ်ပြင်ပမှ ပါဝင်သင့် ပါဝင်ထိုက်သူများ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဘာသာရေး ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်သည့်အတွက် အဆိုပါပွဲကို ခွင့်ပြုပေးနိုင်ရန် ဇန်နဝါရီ ၇ ရက်တွင် သိက္ခာတော်ရ ဒေါက်တာလောဟာလိန်းက မြို့နယ်အာဏာပိုင်အဖွဲ့ထံ တင်ပြခဲ့သည်။
ဇန်နဝါရီ ၁၆ ရက်တွင် မြို့နယ်အာ ဏာပိုင်အဖွဲ့အစည်းဖြစ်သည့် မင်းတပ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီက မင်းတပ်နှစ်ခြင်း ခရစ်ယာန်အသင်းတော်ထံ အကြောင်းပြန်ကြားခဲ့ပြီး အဆိုပါ အကြောင်းပြန်ကြားစာ၌ ယင်းအခမ်းအနားသို့ ချင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) မှ တက်ရောက်မည်ဆိုပါက အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၏ ခွင့်ပြုချက်ရယူရန် ပါဝင်သည်။
ထို့ပြင် အဆိုပါအခမ်းအနားအား ဦးဆောင်ကျင်းပမည့် ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်သည် ဘာသာရေး အဖွဲ့အစည်းဖြစ်သည့်အတွက် ပါတီနိုင်ငံရေးမပါ၊ ဘာသာရေးသက်သက်သာ ဆောင်ရွက်မည်ဖြစ်ကြောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ကတိဝန်ခံချက်များဖြင့် အမြန်ဆုံး ပြန်လည်တင်ပြရန်လည်း အကြောင်းပြန်ခဲ့သည်။
၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့သော ပထမအကြိမ် တွေ့ဆုံပွဲသို့ CNF မှ ခေါင်းဆောင်အချို့လည်း တက်ရောက်ခဲ့ပြီး ထိုသို့တက်ရောက်ရာတွင် ၎င်းတို့ကိုယ်တိုင် NRPC သို့ အကြောင်းကြား၍ ပါဝင်သင့် ပါဝင်ထိုက်သူများအဖြစ် ပါဝင်ခဲ့ရာ ယခုနှစ်တွင်လည်း ထိုသို့အကြောင်းကြားပြီး ပါဝင်မည်ဖြစ်ကြောင်းနှင့် ယခုတွေ့ဆုံပွဲအား ဘာသာရေး သက်သက်သာ ပြုလုပ်မည်ဖြစ်ကြောင်း ကတိခံဝန်ချက်များဖြင့် ဇန်နဝါရီ ၂၀ ရက်တွင်ပင် ခရစ်ယာန်အသင်းတာဝန်ရှိသူများက ပြန်လည်ပေးပို့ခဲ့သည်။
ချင်းအမျိုးသားတပ်ဦး (CNF) ၏ အထွေထွေ အတွင်းရေးမှူးကလည်း NRPC သို့ လိပ်မူ၍ အဆိုပါအခမ်းအနားသို့ CNF ကိုယ်စားလှယ်ရှစ်ဦး တက်ရောက်မည်ကို ဇန်နဝါရီ ၂ ရက်ကပင် အသိပေး တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။
သို့သော်လည်း ချင်းပြည်နယ်ဝန်ကြီးချုပ်၏ ဇန်နဝါရီ ၂၅ ရက် မင်းတပ်မြို့ခရီးစဉ်တွင် မင်းတပ်ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံရာတွင် NRPC ၏ ခွင့်ပြုချက်မပါဘဲ CNF ကိုယ်စားလှယ်များ တက်ရောက်မည်ဆိုပါက အခမ်းအနားအား ခွင့်မပြုကြောင်း မှာကြားခဲ့သည့်အတွက် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌက ခွင့်မပြုရခြင်းအကြောင်းကို ဒေါက်တာလောဟာလိန်းထံ ထပ်မံအကြောင်းကြားခဲ့သည်။
ထိုသို့ဖြစ်သည့်အတွက် NRPC ၏ ထောက်ခံချက်မရှိဘဲ အဆိုပါ တွေ့ဆုံပွဲသို့ CNF ကိုယ်စားလှယ်များ တက်ရောက်မည် မဟုတ်သည့်အတွက် တွေ့ဆုံဆွေးနွေးပွဲအား ခွင့်ပြုပေးရန် ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးက ဇန်နဝါရီ ၂၇ ရက်တွင် မြို့နယ်အာဏာပိုင်အဖွဲ့ထံ ထပ်မံတင်ပြ တောင်းဆိုခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် CNF မှ ကိုယ်စားလှယ်များ လုံးဝပါဝင်တက်ရောက်ခြင်း မရှိကြောင်းနှင့် နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးကြောင်း သိရှိရပါက ဥပဒေအရ အရေးယူခြင်းခံရမည်ကို သိရှိပါကြောင်း ခံဝန်ကတိ လက်မှတ်ထိုးပေးရန် မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီက ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာလောဟာလိန်းနှင့် တာဝန်ရှိသူများထံ တောင်းခံခဲ့သည်။
ထိုသို့ တောင်းခံချက်အရ ချင်းနှစ်ခြင်းခရစ်ယာန်အသင်း တာဝန်ရှိသူများက လက်မှတ်ရေးထိုးပေးခဲ့သော်လည်း အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ချင်းပြည်နယ်အစိုးရ၏ ခွင့်ပြုချက် မရရှိသေးသဖြင့် ခွင့်မပြုကြောင်းနှင့် ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်မည်ဆိုပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အာဏာပိုင်အဖွဲ့က အကြောင်းကြားလာခဲ့သည်။
ထို့ကြောင့် ချင်းအမျိုးသားတစ်ရပ်လုံး ပိုမိုညီညွတ်ရေး၊ ငြိမ်းချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန် ရည်ရွယ်၍ ချင်းနှစ်ခြင်းခရစ်အဖွဲ့ချုပ်က ဦးဆောင်ပြုလုပ်မည့် ချင်းနှစ်ခြင်းခရစ်ယာန် အသင်းဘက်က ဇန်နဝါရီ ၂၈ ရက်တွင် ဖျက်သိမ်းလိုက်သည်။
ထိုသို့ ဖျက်သိမ်းရန် ဆုံးဖြတ်ပြီးသည့်နောက် အဆိုပါအခမ်းအနားသို့ တက်ရောက်ရန် မင်းတပ်မြို့သို့ ရောက်ရှိနေပြီးဖြစ်သော ကိုယ်စားလှယ်များကို သက်ဆိုင်ရာဒေသများသို့ ပြန်နိုင်ရန် ချင်းနှစ်ခြင်း ခရစ်ယာန်အသင်းက ဇန်နဝါရီ ၂၉ ရက်တွင် အလုံးစုံစီစဉ်ပေးခဲ့သည်။
ယင်းသို့ ပွဲဖျက်သိမ်းကြောင်း ဆုံးဖြတ်၍ ကိုယ်စားလှယ်များကို ပြန်ပို့ရန် စီစဉ်ပြီးချိန်တွင် မင်းတပ်မြို့နယ် အာဏာပိုင်အဖွဲ့က အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ရန် ခွင့်ပြုကြောင်း ဇန်နဝါရီ ၂၉ ရက် ပြန်လည် အကြောင်းကြားလာသည့်အချိန်တွင်မူ တစ်ဖက်က ဆုံးဖြတ်ချက်အပေါ်တွင်သာ အခိုင်အမာ ရပ်တည်သွားခဲ့သည်။
“ ပထမအနေနဲ့ CNF ရဲ့ ပါဝင်မယ့်ကိစ္စက NRPC မှာ ဆောင်ရွက်ဆဲဖြစ်တယ် ဆိုပြီးတော့ ခွင့်မပြုဘူး။ ၂၉ ရက်နေ့ကျတော့ ဒါက ဆောင်ရွက်ဆဲပဲလေ။ NRPC ဘက်က ဘာမှလည်း အဖြေ၊ ခွင့်ပြုပါတယ်၊ မပြုပါဘူး။ ဘာမှလည်း မရှိဘူး။ ဆောင်ရွက်ဆဲပဲ။ အဲဒီဆောင်ရွက်ဆဲမှာပဲ ပြန်ပြီးတော့ ခွင့်ပြုတယ်။ ဆိုတော့ ဆောင်ရွက်ဆဲဖြစ်လို့ ခွင့်မပြုတဲ့ဟာနဲ့ ဆောင်ရွက်ဆဲမှာပဲ ခွင့်ပြန်ပြုတဲ့ဟာတွေက ဖြစ်နေတော့ ဒါက ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ တည်ဆောက်ရေးပေါ့။ ဒီမိုကရေစီခေတ်လို့ ပြောရမှာပဲ။ ဒီမိုကရေစီ တည်ဆောက်ရေးမှာ ဒီမိုကရက်တစ် ယဉ်ကျေးမှုက ပျောက်နေသလိုဖြစ်တာပေါ့” ဟု ချင်းနှစ်ခြင်းခရစ်ယာန်အသင်း၏ အထွေထွေထွေအတွင်းရေးမှူး ဒေါက်တာလောဟာလိန်းက ပြောသည်။
ချင်းပြည်နယ်အစိုးရ၏ ယခုကဲ့သို့ စီမံခန့်ခွဲ ကိုင်တွယ်မှုအပေါ် ရှုတ်ချကြောင်း ဒေါက်တာလောဟာလိန်းက ပြောကြားခဲ့ပြီး ထိုသို့ရှုတ်ချကြောင်းကိုလည်း ဇန်နဝါရီ ၂၉ ရက် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
“ ကျွန်တော်တို့အနေနဲ့ တကယ်တော့ ဘာမှ ဒီဟာက ပါတီနိုင်ငံရေးလည်း မဟုတ်ဘူး။ တော်လှန်ရေးလည်း မဟုတ်ဘူး။ ဥပဒေနဲ့လည်း မဆန့်ကျင်ဘူး။ နောက်နိုင်ငံတော်ရဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်မယ့်ဟာလည်း မဟုတ်ဘူး။ တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲပြားစေမှာလည်း မဟုတ်ဘူး။ အထောက်အကူဖြစ်မယ့်ဟာတွေပဲ ကျွန်တော်တို့က ကြိုးစားပြီးတော့ တတ်နိုင်သလောက် လုပ်နေတာ” ဟု ဒေါက်တာလောဟာလိန်းက ပြောသည်။
ချင်းလူမျိုးအများစုသည် ခရစ်ယာန်ဘာသာဝင်များဖြစ်ပြီး အသင်းတော်ထဲတွင်လည်း ညီညွတ်ငြိမ်းချမ်းသော အဆောက်အအုံကို အသင်းတော်ထဲတွင် တည်ဆောက်မှသာ အစိုးရနှင့်ပတ်သက်သော လူမှုအဖွဲ့အစည်းများလည်း ညီညွတ်မည်ဟု ဒေါက်တာလောဟာလိန်းက မှတ်ချက်ပြုသည်။
ငြိမ်းချမ်းသော သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် တည်ဆောက်ရေးသည် မည်သည့်ဘာသာဝင်မဆို လုပ်ဆောင်ရမည့် အလုပ်နှင့် တာဝန်ဖြစ်သည်ဟု ဒေါက်တာ လောဟာလိန်းက ၎င်း၏ခံယူချက်ကို ရှင်းပြသည်။
“ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့က ဒီဟာတွေကို ဥပဒေနဲ့လည်း မဆန့်ကျင်ရဘူး။ အစိုးရနဲ့လည်း မဆန့်ကျင်ရဘူး။ နောက်တိုင်းပြည်နဲ့ လူထုကိုလည်း ဘာမှဖျက်ဆီး နစ်နာမယ့်အရာ မဟုတ်ဘူး။ အုတ်တစ်ချပ် သဲတစ်ပွင့် အထောက်အကူဖြစ်မယ့် အကျိုးဖြစ်မယ့်ဟာတွေပဲ လုပ်မှာဖြစ်တဲ့အတွက်ကြောင့် ဒါက ကျွန်တော်တို့ရဲ့ အလုပ်ပဲ။ ဒါကြောင့် မရမက ဒါကို ပိတ်ပင်နေတာကတော့ ဒါက ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့ Mandate ကို ပြည်နယ်အစိုးရအဖွဲ့က တိုက်ရိုက် Challenge လုပ်တာပဲ” ဟု ဒေါက်တာလောဟာလိန်းက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ဆောထိမြို့နယ် တပ်ရင်း (၇) သည် NCA ဆိုင်ရာကိစ္စရပ်များကို ကျေးရွာများအတွင်း ရှင်းလင်းဆွေးနွေးမှု ပြုလုပ်စဉ် ဖေဖော်ဝါရီ ၄ ရက်တွင် ရွှေကျင်အခြေစိုက် စစ်ဗျူဟာ လက်အောက်ခံတပ်ရင်း ခမရ (၁၂၄) မှ ထပ်ပိုင်းခေါင်းဆောင်တစ်ဦး ပါဝင်သော အဖွဲ့က လာရောက်တားမြစ်ခဲ့သည်။
KNU ဆောထိမြို့နယ် တပ်ရင်း (၇) သည် ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်းရှိ ဒေသခံများအား လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သိရှိနားလည်စေရန် NCA ဆိုင်ရာကိစ္စများအား ကျေးရွာများအတွင်း ကွင်းဆင်း၍ ရှင်းလင်းပြောပြနေခြင်းဖြစ်ပြီး ၎င်းတို့သည် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အတိုင်း ရပ်တည်ခြင်းဖြစ်သည်ဟု ဆောထိမြို့နယ် တပ်ရင်း (၇) က ဖေဖော်ဝါရီ ၆ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။
ယခုကဲ့သို့ NCA စာချုပ်ပါ ကိစ္စရပ်များအား ပြည်သူလူထုသို့ ချပြသည့် ဆွေးနွေးပွဲကို တပ်မတော်အနေဖြင့် ကန့်ကွက်ရန် အကြောင်းမရှိဘဲ တပ်မတော်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် လက်မခံဘဲ တားမြစ်ပိတ်ပင်သည်ဟု မှတ်ယူကြောင်း ဆောထိမြို့နယ် တပ်ရင်း (၇) ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့သည်။
တပ်မတော်သည် ငြိမ်းချမ်းရေးကို မလိုလားသည့် ပုံသဏ္ဌာန်ဖြင့် NCA ဆိုင်ရာ ဆွေးနွေးပွဲအား တားမြစ်ခြင်းသည် တပ်မတော်နှင့် KNU တို့ ၂၀၁၂ ခုနှစ် ဧပြီ ၁၀ ရက်က ပဲခူးမြို့တွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲမှ ရရှိထားသော သဘောတူညီချက်များနှင့် NCA စာချုပ်ပါ အချက်များအပေါ် လိုက်နာဆောင်ရွက်မှု မရှိသည့်အပြင် ငြိမ်းချမ်းရေးကို မလိုလားသည့် သဏ္ဌာန်ဆောင်နေသည်ဟုလည်း ဆောထိမြို့နယ် တပ်ရင်း (၇) ၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ထို့ကြောင့် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ နောက်နောင်တွင် ယခုကဲ့သို့သော ဆွေးနွေးရှင်းလင်းပွဲများကို တားမြစ်ပိတ်ပင်ခြင်း မပြုလုပ်ရန်နှင့် တပ်မတော်၏ ယခုတားမြစ်ပိတ်ပင်မှုအပေါ် ဆောထိမြို့နယ် တပ်ရင်း (၇) က ကန့်ကွက်ရှုတ်ချကြောင်း ဖေဖော်ဝါရီ ၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

KNU သည် NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လက်ရှိအချိန်တွင်မူ KNU ထိန်းချုပ်ရာနယ်မြေများတွင် တပ်မတော်နှင့် KNU လက်အောက်ခံ တပ်များအကြား တင်းမာမှုအချို့ရှိနေကာ ဆောထိမြို့နယ် ဖြစ်စဉ်သည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။
အောက်ခြေတပ်အချင်းချင်း တွေ့ဆုံ၍ နှစ်ဖက်ပဋိပက္ခများ လျော့ချရန် ကြိုးစားနေကြသော်လည်း အထူးသဖြင့် KNU တပ် မဟာ (၅) နယ်မြေနှင့် တပ်မဟာ (၃) နယ်မြေတွင် တပ်မတော်နှင့် KNU လက်အောက်ခံ တပ်များအကြား စစ်ရေးတင်းမာမှုရှိနေကာ ပဋိပက္ခဖြစ်စဉ်အချို့ ရှိခဲ့သည်။
တပ်မတော်က ၎င်းတို့၏ လုံခြုံရေးအရ နယ်မြေများအတွင်း ဒရုန်းများ စေလွှတ်၍ စုံစမ်းထောက်လှမ်းခြင်း၊ နယ်မြေခံတပ်၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး KNU မိုင်းကြောင့် သေဆုံးမှု၊ လမ်းဖောက်လုပ်မှုအပေါ် နှစ်ဖက်နားလည်မှုလွဲခြင်းများသည် တပ်မတော်နှင့် KNU အကြား ပဋိပက္ခများ ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်ပြီး ဖြစ်ရပ်အချို့ကိုမူ နှစ်ဖက်က ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) တွင် တိုင်ကြားထားသည်။
ထိုသို့ တပ်မတော်နှင့် KNU တို့အကြား စစ်ရေးတင်းမာနေချိန် မည်သည့်အသိပေး အကြောင်းကြားမှုမျှမရှိဘဲ ဆောထိမြို့နယ် တပ်ရင်း (၇) က NCA ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးနောက် ဆက်တွဲအကျိုးဆက်များတွင် တပ်မတော်အား ကန့်ကွက်ခဲ့ခြင်းမှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။
မကြာမီကာလအတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးအား ကျင်းပရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက အားစိုက်ကြိုးပမ်းနေသည်။
သို့သော် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖြတ်သန်းရမည့် စိန်ခေါ်မှုတချို့ ရှိနေပြီး အဆိုပါ စိန်ခေါ်မှုများထဲတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ခေါင်းစဉ်သုံးမျိုးဖြင့် ပြုလုပ်ရပြီး အဆိုပါ ခေါင်းစဉ်သုံးမျိုးမှာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၊ အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲနှင့် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတို့ ဖြစ်သည်။
အဆိုပါ ခေါင်းစဉ်သုံးမျိုးအနက် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ဦးဆောင်ကျင်းပရခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရှိနေပြီး အဆိုပါ ၁၀ ဖွဲ့အနက် အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ၎င်းတို့ ဦးဆောင်ပြုလုပ်ရမည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ပြုလုပ်နိုင်ခြင်း မရှိသေးပေ။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ ပြဋ္ဌာန်းချက်များအရ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် NCA စာချုပ်တွင် လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲပြီး ထိုမူဘောင်ကို အခြေခံ၍အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲစသည့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပရမည်ဖြစ်သည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့သည် NCA စာချုပ် လက်မှတ်ရေးထိုးပြီးနောက် လေးနှစ်ကျော်လွန်ခဲ့ပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ ၎င်းတို့၏ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ခြင်း မရှိသေးပေ။
RCSS သည် ၎င်းတို့ ဦးဆောင်ကျင်းပရမည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးတွင် ပြုလုပ်ရန် ယခင်ကတည်းက အစိုးရနှင့် RCSS တို့အကြား သဘောတူညီမှု ရရှိထားပြီးဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယင်းဆွေးနွေးပွဲအား မပြုလုပ်နိုင်ခြင်း ဖြစ်နေသည်။
ALP သည် ၎င်းတို့၏ အခြေစိုက်ဌာနမှာ ရခိုင်ပြည်နယ်တွင် မရှိသည့်အတွက် ရခိုင်ပြည်နယ်၌ ၎င်းတို့ ဦးဆောင်ပြုလုပ်ရမည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား ပြုလုပ်ရန် ဆန္ဒရှိသော်လည်း မပြုလုပ်နိုင်သေးဘဲ ဖြစ်နေသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နှင့် ၃ ရက်တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ရှစ်ကြိမ်မြောက် JICM အစည်းအဝေး၏ ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်နိုင်ရေးအတွက် အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဘက်က အထူးသဖြင့် RCSS နှင့် ALP တို့က ၎င်းတို့၏ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးကို ပြန်လည်တင်ပြလာသည်။
ALP သည် ၎င်းတို့၏ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို သံတွဲတွင် ပြုလုပ်ရန် အဆိုပြုထားပြီး RCSS ကမူ ယခင်ကတည်းကပင် လင်းခေးတွင် ပြုလုပ်ရန် သဘောတူညီမှု ရရှိထားပြီးဖြစ်သည်။
သို့သော် ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော ညှိနှိုင်းအစည်းအဝေးသည် နှစ်ဖက်ညှိနှိုင်း အစည်းအဝေးသာဖြစ်သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အဆိုပါ တင်ပြချက်များကို မှတ်တမ်းအဖြစ် ထားရှိခဲ့ပြီး ၎င်းတို့၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြီးကြပ်ရန် တာဝန်ရှိသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) တွင် ဆွေးနွေးဆုံးဖြတ်ရန် ဖြစ်သည်။
RCSS အဖွဲ့ကမူ ယခုတစ်ကြိမ်တွင် ၎င်းတို့၏ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အောင်မြင်စွာကျင်းပနိုင်မည်ဟု ယုံကြည်နေသည်။
ထိုသို့ ယုံကြည်ရခြင်း၏ အဓိကကျသော အချက်တစ်ချက်မှာ ယခင်က ပြုလုပ်ခဲ့သော နိုင်ငံရေးဆွေးနွေးပွဲများ၏ ပုံစံမှာ အောက်ခြေတွင် ဦးစွာအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် ရရှိလာသော ပြည်သူလူထု၏ အသံများကို UPDJC သို့ တင်သွင်းရပြီး ယခုအခါတွင်မူ အောက်ခြေတွင် ဆွေးနွေးမည့် အကြောင်းအရာများကို UPDJC တွင် ဦးစွာဆွေးနွေး ဆုံးဖြတ်ပေးမည်ဖြစ်သောကြောင့်ပင် ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ၎င်းတို့၏ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား အပြန်အလှန် ယုံကြည်မှုနှင့် အပြန်အလှန် သံသယကင်းရှင်းမှုသည် လွန်စွာအရေးကြီးသည်။
အပြန်အလှန် ယုံကြည်မှုနှင့် အပြန်အလှန် သံသယကင်းရှင်းမှုမရှိဘဲ နိုင်ငံရေးဆွေးနွေးမှုများမှာ မည်သို့မျှ ရှေ့ဆက်တိုးနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ယုံကြည်မှု တည်ဆောက်ရေးကို ခိုင်မာအားကောင်းစွာဖြင့် လက်တွေ့တည်ဆောက်ရန် လိုအပ်နေပြီး ထိုသို့ မဟုတ်ပါက သံသယများကြားတွင် လက်နက်ကိုင်ပဋိပက္ခများသာ ကြီးစိုးလွှမ်းမိုးနေဦးမည် ဖြစ်သည်။
မကြာမီကာလ ၂၀၂၀ ပြည့်နှစ် ပထမ လေးလပတ်အတွင်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရန် ရှစ်ကြိမ်မြောက် JICM အစည်းအဝေးက ဆုံးဖြတ်ထားသည်။
ယင်းမတိုင်မီ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရမည်ဖြစ်သည့်အတွက် အဆိုပါဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးမှာ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကြားက ယုံကြည်မှုနှင့် သံသယကင်းရှင်းမှုက အဓိကကျနေသည်။
လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ငြိမ်းချမ်းရေး လေ့လာသုံးသပ်သူများနှင့် ပြည်သူလူထုက စိတ်ဝင်တစား စောင့်ကြည့်နေပြီး ယခုလကုန်ပိုင်း သို့မဟုတ် မတ်လဆန်းပိုင်းတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ၏ ပုံရိပ်များကို ပြည်သူလူထုများ အထူးသဖြင့် တိုင်းရင်းသားဒေသများမှ ဒေသခံများ မျက်ဝါးထင်ထင် တွေ့မြင်ခံစားနိုင်အောင် ဆောင်ရွက်သင့်သည်။










