တရုတ်သွင်းကုန်ကို မှီခိုနေရသော ကုမ္ပဏီများအတွက် အချက်ပေးသံ

တရုတ်သွင်းကုန်ကို မှီခိုနေရသော ကုမ္ပဏီများအတွက် အချက်ပေးသံ
Published 5 February 2020
မြတ်သစ်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၏ မြို့တော်ဝူဟန်သည် သံနှင့် သံမဏိထုတ်လုပ်ရေး လုပ်ငန်းအပါအဝင် စက်မှုလုပ်ငန်းများ၏ ဗဟိုချက်မဖြစ်သည်။ ဝူဟန်စီးပွားရေးတွင် Chip ပြုလုပ်မှုမှသည် ဇီဝဆေးဝါးများအထိ ကဏ္ဍမျိုးစုံပါဝင်နေသည်။ Fortune Global 500 ကုမ္ပဏီများ စာရင်းထဲတွင်ပါဝင်သော ကုမ္ပဏီပေါင်း ၂၃၀ သည် ဝူဟန်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိကြသည်။ Optice Valley ဟုခေါ်သော Wuhan East Lake တွင် အဆင့်မြင့်နည်းပညာ ဖွံ့ဖြိုးရေးဇုန်ရှိပြီး ယင်းဇုန်တွင် Xiaomi အပါအဝင် အဆင့်မြင့်ကုမ္ပဏီကြီးများ ရှိသည်။

ဝူဟန်တွင် ကားလုပ်ငန်းငါးခု၊ ခရီးသည်တင် ဘတ်စ်ကားစက်ရုံ ၁၀ ရုံကျော်၊ ကားအစိတ်အပိုင်းလုပ်ငန်း စက်ရုံပေါင်း ၅၀၀ ကျော် ရှိသည်။ ကားလုပ်ငန်းနှင့် ကားအစိတ်အပိုင်း ထုတ်လုပ်မှု၏တန်ဖိုးသည် ယွမ်ဘီလျံ ၄၀၀ (ဒေါ်လာ ၅၇ ဘီလျံ)ရှိပြီး GM နှင့် Renault အပါအဝင် ပြည်ပကားလုပ်ငန်းများကို တရုတ်နှင့် ဖက်စပ်ထုတ်လုပ်လျက် ရှိသည်။

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စက်ရုံကြီးများနှင့် စီးပွားရေးလုပ်ငန်းများ ပိတ်ထားခဲ့ရသည်။ ထို့ပြင် အလုပ်သမားများအနေဖြင့် နှစ်ကူးရုံးပိတ်ရက်များတွင် နေရပ်များသို့ ပြန်သွားခြင်းများလည်း မပြုလုပ်နိုင်ကြတော့ပေ။ ယင်းကဲ့သို့ တရုတ်နိုင်ငံ၌ စက်ရုံကြီးများ ပိတ်ထားရခြင်း၊ စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းထားရခြင်းတို့များကြောင့် တရုတ်နိုင်ငံမှ ပို့ကုန်များကို အားထားနေရသော အနောက်တိုင်းရှိ မော်တော်ကားကုမ္ပဏီကြီးများအတွက် အခက်အခဲများ ကြုံတွေ့ရမည့်အခြေအနေ ရှိနေသည်။

တရုတ်နိုင်ငံတွင်ရှိနေသာ စက်ရုံအလုပ်ရုံများသည် မတ်လ ၁၅ ရက်နေ့တွင် ပြန်လည်လည်ပတ်နိုင်ဖို့ မျှော်မှန်းထားကြသည်။ သို့သော် ယင်းမျှော်လင့်ချက်မှာ ဖြစ်လာနိုင်ဖွယ်မရှိဘဲ မေလ ၁ ရက်အထိ ဆက်လက်ပြီး ပိတ်ထားရမည်ဆိုပါက အခြေအနေသည် ပိုမိုဆိုးရွားမည့်အနေအထားသို့ ရောက်ရှိသွားနိုင်သည်။

“ စက်ရုံတွေ မေလမတိုင်မီအထိ ပြန်ဖွင့်နိုင်ခြင်းရှိ မရှိဆိုတာ မရေရာသေးပါဘူး။ လပေါင်း အတော်ကြာအထိ ပိတ်ထားရမယ်ဆိုရင် အခြေအနေက အရမ်းဆိုးရွားသွားနိုင်ပါတယ်” ဟု Toy Industry Associations မှ အမှုဆောင်အရာရှိချုပ် စတိပါဆေးယက်က ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို ဝူဟန်သည် အပြင်းအထန် ခံစားခဲ့ရသည်။ မော်တော်ကားစက်ရုံများ အပါအဝင် အခြားစက်ရုံများလည်း ပိတ်ပစ်ခဲ့ရသည်။ အနီးနားရှိ မြို့များလည်း ဝူဟန်ကဲ့သို့ပင် စက်ရုံအလုပ်ရုံများ ပိတ်ပစ်ခဲ့ရသည်။ ဝူဟန်တွင် နေထိုင်သူ ပြည်သူသန်း ၅၀ ခန့် မြို့ထဲတွင် ပိတ်မိနေခဲ့သည်။ စက်ရုံအလုပ်ရုံများသည်လည်း လည်ပတ်မှုမရှိတော့ပေ။

အမေရိကန်ရှိ မော်တော်ယာဉ် ကုမ္ပဏီကြီးများအနေဖြင့် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ယာဉ်အစိတ်အပိုင်းပစ္စည်းများကို ရနိုင်ဖို့အတွက် မလွယ်ကူတော့ပေ။ သို့သော် မစ်ချီဂန်ပြည်နယ်ရှိ Supply Chain Management ဌာန၏ ပါမောက္ခ ဒေးဗစ်ကလော့ကမူ ဝူဟန်တွင် ပိတ်ထားရသော မော်တော်ကား စက်ရုံများအနေဖြင့် တစ်ပတ်နှစ်ပတ်ကြာမြင့်လျှင် ပြန်လည်လည်ပတ်နိုင်မည်ဟု မျှော်လင့်ထားသည်။ ဝူဟန်တွင် ရုပ်သံ Display Panel များ ထုတ်လုပ်မှုများ ကျဆင်းသွားခဲ့သည်။ ဝူဟန်မြို့၌ LCD များ၊ LED များ ထုတ်လုပ်လျက်ရှိပြီး ယင်းတို့မှာ ရုပ်မြင်သံကြားနှင့် လက်တော့ပ်မော်နီတာများတွင် အသုံးပြုရသော ပစ္စည်းများ ဖြစ်နေသည်။ ကမ္ဘာတစ်ဝန်းတွင် ထုတ်လုပ်နေသည့် Display Panel များ၏ ရာခိုင်နှုန်း ၅၀ ကို တရုတ်နိုင်ငံက ထုတ်လုပ်လျက်ရှိသည်။

IHS Markit မှ ဒေးဗစ်ဟာဆီယက်၏ အစီရင်ခံစာအရ ယင်းစက်ရုံများ၌ အလုပ်သမား ရှားပါးမှုများကိုလည်းကောင်း၊ လိုအပ်သည့် ပစ္စည်းများ ရှားပါးမှုနှင့်လည်းကောင်း ကြုံတွေ့နေရသဖြင့် LCD နှင့် LED များ၏ တန်ဖိုးကို ယခုထက် တိုးမြှင့်ဖို့ ကြိုးပမ်းနေကြောင်း ဖော်ပြထားသည်။

ဝူဟန်ရှိ Motorola ဖုန်းကုမ္ပဏီအနေဖြင့်မူ ဝူဟန်တွင် စက်ရုံများ ပိတ်ထားရခြင်းကြောင့် ထိခိုက်မှုများ အနည်းငယ်သာရှိခဲ့သည်။ အကြောင်းမှာ ကမ္ဘာ့တစ်ဝန်းရှိ မြို့ကြီးများ၌လည်း Motorola ဖုန်းစက်ရုံများကို တည်ထောင်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။ ဝူဟန်မြို့တွင်ရှိနေသော Motorola စက်ရုံမှ အလုပ်သမားများ၏ အခက်အခဲကို ဦးစားပေးဆောင်ရွက်ပေးရမည့် အခြေအနေသာ ရှိနေသည်။ ဝူဟန်တွင်ရှိနေသော Motorola ကုမ္ပဏီကို တရုတ်နိုင်ငံ၏ အီလက်ထရွန်းနစ် ကုမ္ပဏီကြီးဖြစ်သော Lenovo က ပိုင်ဆိုင်ထားသည်။

Apple ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ တင်ကွတ်က ပြီးခဲ့တဲ့လကတည်းက တရုတ်နှစ်သစ်ကူးပွဲတော်အတွက် ပိတ်ထားသည့် စက်ရုံများကို ချက်ချင်းပြန်မဖွင့်နိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ဝူဟန်တွင် ကိုရိုနာဗိုင်းရပ်စ်မဖြစ်မီကတည်းက စက်ရုံများ ပိတ်ထားရသည့်အတွက် Apple ကုမ္ပဏီအနေဖြင့် ဖုန်းရောင်းလိုအားများ ထိခိုက်နိုင်မည့်အရေးကို ကြိုတင်စဉ်းစားထားပြီး ဖြစ်နေသည်။ Apple ၏ iPhone များနှင့် အခြားဖုန်းပစ္စည်းများမှာ တရုတ်နိုင်ငံတွင် ထုတ်လုပ်နေခြင်းဖြစ်သည်။

စီးပွားရေးပညာရှင်များသည် တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေကို စောင့်ကြည့်လေ့လာနေလျက်ရှိသည်။ Oxford မှ စီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ တော်မီဝူးနှင့် လူးဝစ်ကရုက တရုတ်စီးပွားရေးသည် ယခုနှစ်တွင် ခြောက်ရာခိုင်နှုန်းမှနေ၍ ၅.၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားမည်ဟု သုံးသပ်ထားကြသည်။ စီးပွားရေးသိသိသာသာ ကျဆင်းမှုဒဏ်ကို ၂၀၂၀ ပြည့်နှစ်၏ ပထမသုံးလအတွင်း ခံစားရမည်ဟု သုံးသပ်ထားသည်။

ကိုရိုနာဗိုင်းရပ်စ်သည် မည်မျှကြာသည်အထိ ရှိနေမည်ကိုလည်းကောင်း၊ မည်ရွေ့မည်မျှ ထိခိုက်မှုများ ရှိနေမည်ကိုလည်းကောင်း မူဝါဒချမှတ်သူများသည် ဗိုင်းရပ်စ်ရောဂါပိုး ခြိမ်းခြောက်မှုကို မည်ကဲ့သို့ တုံ့ပြန်မည်ကိုလည်းကောင်း မည်သူတစ်ဦးတစ်ယောက်မျှ သိသိသာသာ ပြောဆိုနိုင်ရန် မရှိပေ။

စီးပွားရေးလုပ်ငန်းပညာရှင်အချို့က တရုတ်နိုင်ငံ၌ SARS ရောဂါဖြစ်ပွားသည့် ကာလကို ပြန်လည်ရည်ညွှန်းနေကြသည်။ ၂၀၀၃ ခုနှစ် နှစ်ဦးပိုင်းကာလတွင် တရုတ်စီးပွားရေး ထိခိုက်ခဲ့ရသည်။ သို့သော် SARS ရောဂါကြောင့် ဖြစ်ပွားခဲ့ရသည့် စီးပွားရေးကျဆင်းမှုကို အချိန်မီကုစားနိုင်ခဲ့ကြသည်။ နှစ်ကုန်တွင် တရုတ်စီးပွားရေးလည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။

သို့သော် အခြေအနေနှင့် အချိန်အခါသည် များစွာပြောင်းလဲပြီဖြစ်သည်။ ယခုအခါ၌မူ စီးပွားရေးပျက်စီးမှုကို ပြန်လည် ကောင်းမွန်အောင်လုပ်ဖို့ဆိုသည်မှာ မလွယ်ကူလှပေ။ တရုတ်သည် စျေးနှုန်းချိုသာသော ကလေးကစားစရာပစ္စည်းများနှင့် ဖိနပ်များကို နိုင်ငံတကာသို့ တင်ပို့ရောင်းချနေသည့် နိုင်ငံဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန် လေကြောင်းလိုင်းများကို တရုတ်ပြည်မကြီးသို့ ပျံသန်းမှုများ ရပ်ဆိုင်းထားခဲ့သည်။ မတ်လ ၂၇ ရက်နေ့မှနေ၍ ဧပြီလ ၃၀ ရက်နေ့အထိ ရပ်ဆိုင်းမည့် အနေအထား ရှိနေသည်။ လေကြောင်းလိုင်းများ ရပ်တန့်ထားခြင်းအတွက် ကမ္ဘာလှည့်ခရီးသည်များ၊ ကျောင်းသူ ကျောင်းသားများနှင့် စီးပွားရေးလုပ်ငန်းရှင်များ သွားလာနိုင်ခြင်းမရှိတော့ပေ။ အထူးသဖြင့် လေယာဉ်ဖြင့် လိုက်ပါလာသော ခရီးသည်များသည် သူတို့၏ အိတ်တွေထဲ၌ လျှပ်စစ်ပစ္စည်းများနှင့် အခြားအသုံးအဆောင် ပစ္စည်းအများအပြားကို သယ်ဆောင်လာလေ့ရှိသဖြင့် ကုန်ပစ္စည်းများလည်း ဝင်ရောက်မှု ရပ်တန့်သွားခဲ့ရသည်။

တရုတ်နိုင်ငံရှိစက်ရုံများတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများနှင့် မလွဲမသွေကြုံတွေ့ရမည် ဖြစ်သည်။ တရုတ်နှင့် အမေရိကန် ကုန်သွယ်မှုဆိုင်ရာ စစ်ပွဲကြောင့်လည်းကောင်း၊ ပထဝီနိုင်ငံရေး ပဋိပက္ခများကြောင့်လည်းကောင်း နှစ်နိုင်ငံဆက်ဆံရေး ယိုယွင်းနေချိန်၌ ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။

 

Most Read

Most Recent