လက်ရှိတွင် မြန်မာနိုင်ငံမှပြည်ပသို့ ပို့ကုန်တင်ပို့မှု ဆက်တိုက်တိုးတက်လျက်ရှိပြီး နှစ်စဉ် ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂၀ ကြား တိုးတက်နေကြောင်း အမြဲတမ်းအတွင်းဝန် ပြောကြား

လက်ရှိတွင် မြန်မာနိုင်ငံမှပြည်ပသို့ ပို့ကုန်တင်ပို့မှု ဆက်တိုက်တိုးတက်လျက်ရှိပြီး နှစ်စဉ် ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂၀ ကြား တိုးတက်နေကြောင်း အမြဲတမ်းအတွင်းဝန် ပြောကြား
မြန်မာနိုင်ငံ၏ အဓိကပို့ကုန်ဖြစ်သည့် ဆန်ကို ၀ါးတန်းဆိပ်ကမ်း၌ အတင်အချပြုလုပ်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
မြန်မာနိုင်ငံ၏ အဓိကပို့ကုန်ဖြစ်သည့် ဆန်ကို ၀ါးတန်းဆိပ်ကမ်း၌ အတင်အချပြုလုပ်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 4 February 2020
ဇေယျာငြိမ်း

လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်တင်ပို့မှု ဆက်တိုက်တိုးတက်လျက်ရှိပြီး နှစ်စဉ် ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂၀ ကြားအထိ တိုးတက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“ပို့ကုန်ကတော့ တောက်လျှောက်တိုးတက်နေတယ်။ တိုးတက်မှုနှုန်းကလည်း အနည်းဆုံး နှစ်စဉ် ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းကြားထဲမှာ တက်နေတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ပြောကြားသည်။

၂၀၁၂ -၂၀၁၃ မတိုင်မီနှစ်များက မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၁၅ ဘီလျံနှင့် ၁၆ ဘီလျံသာရှိခဲ့သော်လည်း လက်ရှိတွင် ဒေါ်လာ ၃၄ ဘီလျံကျော်အထိ တိုးတက်လာကြောင်း၊ ပို့ကုန်ကဏ္ဍတွင်လည်း ပုဂ္ဂလိကလုပ်ငန်းများမှ တိုးတက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားထားသည်။

“ပြီးခဲ့တဲ့ ငါးနှစ်မှာတော့ ကျွန်တော်တို့ အစပျိုးတဲ့အချိန်ပဲရှိပါသေးတယ်။ အခုလာမယ့် ငါးနှစ်ကတော့ ပိုပြီးတော့ ကျွန်တော်တို့ စနစ်တကျ ဆောင်ရွက်သွားနိုင်မယ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ငါးနှစ်နဲ့ အခုငါးနှစ်နဲ့နှိုင်းယှဉ်တဲ့အခါမှာ တချို့ပို့ကုန်အမည်အသစ်တွေ ထည့်ထားပါတယ်။ အနာဂတ်မှာ ဒါတွေဟာ တိုးတက်မယ့် အလားအလာရှိတဲ့ဟာတွေ စက်မှုကုန်ချောပစ္စည်းတွေ၊ အထည်အလိပ်လို ဒီအပိုင်းတွေ ထည့်လာပါတယ်” ဟု ဒုတိယဝန်ကြီးဦးအောင်ထူးက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့  အဓိကတင်ပို့နေသည့် ပို့ကုန်များမှာ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊  သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော CMP တို့ဖြစ်ပြီး အခြားကုန်စည်များကို တင်ပို့နေခြင်းဖြစ်သည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀ - ၂၀၂၅ တွင်လည်း အဓိကဦးစားပေးကဏ္ဍများအဖြစ် လယ်ယာထွက်ကုန်ပစ္စည်း အခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှု သတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍစသည်တို့ ပါဝင်သည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ NES ၂၀၂၀ -၂၀၂၅ သည် မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်များနှင့် အခွင့်အလမ်းအသစ်များ ဖန်တီးပေးနိုင်ရေးအတွက် အစိုးရဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းလုပ်ဆောင်နိုင်မည့် အခွင့်အရေးတစ်ခုဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ပြောကြားသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ NES ၂၀၂၀-၂၀၂၅ ၏ အဓိကရည်ရွယ်ချက်မှာ တန်ဖိုးမြင့် ကုန်ပစ္စည်းထုတ်လုပ်ရောင်းချခြင်းများ၊ စျေးကွက်တွင် ပိုမိုနေရာရစေမည့် လယ်ယာစိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုများ ပါဝင်သည့် တင်ပို့ကုန်အမျိုးအစားများ အမျိုးမျိုးကို ဖြစ်ပေါ်စေရေးဖြစ်ကြောင်း သိရသည်။

ပို့ကုန်မြှင့်တင်ရေးအတွက် ဦးစားပေးတင်ပို့မည့်နိုင်ငံများ မကြာမီသတ် မှတ်နိုင်မည်ဖြစ်ပြီး ပြည်ပနိုင်ငံများနှင့် Bilateral Trade Agreement များ ချုပ်ဆိုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ  ၂၄ ရက်အထိ ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၅ ဒသမ ၇၁၇ ဘီလျံရရှိထားပြီး ယခင်နှစ်ကာလတူတွင် ဒေါ်လာ ၄ ဒသမ ၅၇၃ဘီလျံရရှိထားသည်။ ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် လေးလခွဲခန့်တွင် ပြည်ပသို့ ပို့ကုန်တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၁၄၄ ဘီလျံအထိ ပိုမိုတင်ပို့ထားနိုင်ခဲ့ခြင်းဖြစ်သည်။

 

 

Most Read

Most Recent