ဥရောပတွင် အမေရိကန်တပ်အများအပြား တပ်စွဲခြင်းသည် ရုရှားကို ပစ်မှတ်ထားခြင်းမဟုတ်ဟု နေတိုးအဖွဲ့ ထုတ်ပြန်

ဥရောပတွင် အမေရိကန်တပ်အများအပြား တပ်စွဲခြင်းသည် ရုရှားကို ပစ်မှတ်ထားခြင်းမဟုတ်ဟု နေတိုးအဖွဲ့ ထုတ်ပြန်
  နော်ဝေနိုင်ငံ Trondheim မြို့အနီး နေတိုးဦးဆောင်သော စစ်ရေးလေ့ကျင့်မှု၌ တပ်ဖွဲ့ဝင်များကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃၀ တွင် တွေ့ရစဉ်
နော်ဝေနိုင်ငံ Trondheim မြို့အနီး နေတိုးဦးဆောင်သော စစ်ရေးလေ့ကျင့်မှု၌ တပ်ဖွဲ့ဝင်များကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃၀ တွင် တွေ့ရစဉ်
Published 3 February 2020
Ref: AFP

စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အရှေ့ဥရောပတွင် အမေရိကန်နှင့် မဟာမိတ်များ၏ တပ်ဖွဲ့ဝင် အများအပြားအား စေလွှတ်ချထားမှုသည် ရုရှားကို ပစ်မှတ်ထားခြင်းမဟုတ်ကြောင်း နေတိုးအတွင်းရေးမှူးချုပ် ယန်းစတော်တင်ဘတ်က ဖေဖော်ဝါရီ ၃ တွင် ပြောကြားခဲ့သည်။ Defender Europe 2020 ဟု အမည်ပေးထားသော စစ်ရေးလေ့ကျင့်မှုတွင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ စစ်သား ၃၇၀၀၀ ခန့် ပါဝင်ကြမည်ဖြစ်သည်။

ယင်းသည် ပြီးခဲ့သော ၂၅ နှစ်ကျော်အတွင်း ဥရောပ၌ အမေရိကန်တပ်များအား အများဆုံး တပ်ဖြန့်ထားမှုဖြစ်ကြောင်း စတော်တင်ဘတ်က ပြောကြားခဲ့သည်။ ထိုစစ်ရေး လေ့ကျင့်မှုသည် အမေရိကန်က နေတိုးမဟာ မိတ်အဖွဲ့နှင့် ဥရောပ၏ လွတ်လပ်ခွင့်နှင့် လုံခြုံရေးတို့အတွက် အခိုင်အမာကတိပြုထားမှုကို ပြသနေကြောင်း ၎င်းက ဆိုခဲ့သည်။

လာမည့် မေနှင့် ဇွန်တွင် ပြုလုပ်မည့် ထိုစစ်ရေးလေ့ကျင့်မှုအား အထူးသဖြင့် ဂျာမနီ၊ ပိုလန်နှင့် ဘော်လ်တစ်နိုင်ငံများ၌ ပြုလုပ်သွားမည်ဖြစ်ပြီး အမေရိကန်က လာမည့်လများအတွင်း စစ်သား ၂၀၀၀၀ ကို ဥရောပသို့ စေလွှတ်သွားမည်ဖြစ်သည်။ Defender Europe သည် မည်သည့်နိုင်ငံကိုမျှ တိုက်ရိုက်မရည်ရွယ်ကြောင်း စတော်တင်ဘတ်က ပြောကြားခဲ့သည်။ ထိုကာကွယ်ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုသည် အကယ်၍ အမေရိကန်က အခြားနေတိုးမဟာမိတ်အဖွဲ့ဝင်များအား ကာကွယ်ပေးရန်အတွက် လိုအပ်လာလျှင် ဥရောပသို့ တပ်ဖွဲ့ဝင်အများအပြားအား အလျင်အမြန် တပ်စွဲနိုင်သည့် စွမ်းဆောင်ရည်ကို ပြသမှုဖြစ်ကြောင်း ၎င်းက ဆိုခဲ့သည်။

အမေရိကန်သည် ဥရောပအား ကာကွယ်ရန်အတွက် ကြိုတင်ပြင်ဆင်ထားမှု ရှိနေဆဲ ဟုတ်၊ မဟုတ်ကို သံသယမြင့်တက်နေစဉ် ထိုစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်မည်ဖြစ်သည်။ အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် ဒေါ်နယ်ထရန့်က နေတိုးမဟာမိတ်အဖွဲ့သည် ခေတ်နောက်ကျနေပြီဖြစ်ကြောင်း ကနဦးတွင် ဝေဖန်ခဲ့သည်။

သို့သော် ဂျာမနီနှင့် အခြားဥရောပ အဖွဲ့ဝင်နိုင်ငံများက ကာကွယ်ရေးအသုံးစရိတ်ကို မြှင့်တင်သွားမည်ဟု ကတိပြုခဲ့ကြပြီးနောက် ထရန့်က မဟာမိတ်အဖွဲ့အား ကတိပြုမှုကို ပြန်လည်အတည်ပြုခဲ့သည်။

ရုရှားက ၂၀၁၄ ခုနှစ်တွင် ယူကရိန်းထံမှ ခရိုင်းမီးယားကျွန်းဆွယ်အား သိမ်းယူခဲ့မှုကြောင့် အရှေ့ဥရောပရှိ နေတိုးမဟာမိတ်အဖွဲ့ဝင်များအကြား စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ယင်းနောက်ပိုင်း မဟာမိတ်အဖွဲ့က အရှေ့ဥရောပတွင် တပ်စွဲမှုအား အလွန်အမင်း တိုးမြှင့်ခဲ့ကြပြီး ပဋိပက္ခဖြစ်ပွားလာပါက တပ်ဖွဲ့ဝင်များအား အလျင်အမြန် တပ်စွဲနိုင်မည့်စွမ်းရည်ကို တည်ဆောက်ခဲ့သည်။

နေတိုးအဖွဲ့ဝင်များဖြစ်သော လစ်သူယေးနီးယား၊ အက်စ်တိုးနီးယားနှင့် ယားတို့က ယခုနှစ်အတွင်း အနှစ် (၃၀) ပြည့် လွတ်လပ်ရေးအခမ်းအနားကို ကျင်းပမည်ဖြစ်ကြောင်း ဆိုဗီယက်ယူနီယံမှ ခွဲထွက်ခဲ့သော ဘော်လ်တစ်နိုင်ငံသုံးနိုင်ငံအား ရည်ညွှန်း၍ စတော်တင်ဘတ်က ပြောကြားခဲ့သည်။ Defender Europe စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းကို ထိုသုံးနိုင်ငံတွင် ပြုလုပ်သွားမည်ဖြစ်သည်။

ထိုစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည့်နေ့သည် ရုရှားက နာဇီဂျာမနီအား မေ ၉ တွင် အောင်ပွဲရရှိခဲ့မှု (၇၅) နှစ်ပြည့်နေ့ဖြစ်သည်။ ထိုစစ်ရေးလေ့ကျင့်မှုများနှင့် သက်ဆိုင်သော လမ်းညွှန်မှုများအတိုင်း အမေရိကန်က ယခု စစ်ရေးလေ့ကျင့်မှုအကြောင်းအား ရုရှားနှင့် OSCE (ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) ၏ အခြားအဖွဲ့ဝင်များထံ အကြောင်းကြားခဲ့ကြောင်း စတော်တင်ဘတ်က ပြောကြားခဲ့သည်။

 

 

Most Read

Most Recent