ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း နှစ်ခုကို ခြေဥပြင်ဆင်ရေး ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၃၅၁ ဦးက လက်မှတ်ရေးထိုး၍ လွှတ်တော်သို့ တင်သွင်းထားကြောင်း ဇန်နဝါရီ ၂၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်နာယက ဦးတီခွန်မြတ်က လွှတ်တော်သို့ အသိပေး တင်ပြခဲ့သည်။
ယခုကဲ့သို့ လွှတ်တော်သို့ အသိပေး တင်ပြခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း နှစ်ခုမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အပေါ် သုံးသပ်ပြင်ဆင်နိုင်ရန် ဖွဲ့စည်းထားသည့် ၄၅ ဦးပါ ပူးပေါင်းကော်မတီက ပြုစုရေးဆွဲထားသော ဥပဒေမူကြမ်းများ ဖြစ်သည်။ ယင်းကော်မတီကို ပြည်ထောင်စု လွှတ်တော်ရုံး၏ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၁၉) ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ် ခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း နှစ်ရပ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မ ခွဲ(က)နှင့် ၄၃၆ ပုဒ်မခွဲ(ခ) အရ ပြုစုရေးဆွဲထားသည့် ဥပဒေကြမ်းများဖြစ်ပြီး ဥပဒေမူကြမ်း တင်သွင်းရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူများက ကိုယ်စားပြု ဒီမိုကရေစီအရ တာဝန်အပ်နှင်းထားသည့် နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အားလုံးက တိုင်းရင်းသား ပြည်သူလူထုအားလုံး၏ စစ်မှန်သည့် ဆန္ဒသဘောထားကို အလေးဂရုပြု၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ဥပဒေကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု စံနှုန်းများနှင့်အညီ ပြင်ဆင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကြောင်း ဥပဒေမူကြမ်း၏ ရည်ရွယ်ချက်နှင့် အကျိုးအကြောင်း ဖော်ပြချက်တွင် ဖော်ပြထားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တစ်ရပ်လုံးအပေါ် လေ့လာသုံးသပ်ရာတွင် ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်ခြင်း မရှိသော ပြဋ္ဌာန်းချက်များ၊ ရှေ့နောက် ညီညွတ်ခြင်းမရှိဘဲ ဆန့်ကျင်ကွဲလွဲနေသည့် ပြဋ္ဌာန်းချက်များနှင့် ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် အဟန့်အတား ဖြစ်နေသည့် ပြဋ္ဌာန်းချက်များ ပါဝင်နေသည့်အတွက် တိုင်းရင်းသား ပြည်သူတို့၏ စစ်မှန်သည့်ဆန္ဒနှင့် ကိုက်ညီစေရန် တင်သွင်းခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် အပြန်အလှန် ထိန်းကျောင်းရမည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာသုံးရပ်ကို တစ်ဖက်စောင်းနင်း ဖြစ်စေသော ပြဋ္ဌာန်းချက်များ၊ နိုင်ငံသားများ၏ တန်းတူညီမျှမှုကို အကာအကွယ် ပေးနိုင်ခြင်း မရှိသော ပြဋ္ဌာန်းချက်များနှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး အတွက် အဟန့်အတားဖြစ်နေသော ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရန် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ၊ ပြည်သူတို့၏ နိုင်ငံရေးအသိ ရင့်ကျက်မှုအခြေအနေ၊ တိုင်း ရင်းသားစည်းလုံးညီညွတ်မှု အခြေအနေ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး အခြေအနေတို့အပေါ် မူတည်၍ ခေတ်စနစ်အခြေအနေနှင့် ကိုက်ညီမှုရှိစေရန် တင်သွင်းခြင်းဖြစ်ကြောင်း၊ အုပ်ချုပ်ရေးယန္တရား အဆင့်ဆင့်ကို ဒီမိုကရေစီနှင့်အညီ ကျင့်သုံးဆောင်ရွက်နိုင်စေရေးနှင့် ပြည်သူတို့၏ ယုံကြည်အားထား ကိုးစားမှုကိုရရှိပြီး ဖြောင့်မတ် မှန်ကန်သည့် တရားစီရင်ရေးစနစ် ဖြစ်ပေါ်လာရေးတို့အတွက် တင်သွင်းခြင်း ဖြစ်ကြောင်းလည်း ဥပဒေမူကြမ်း၏ ရည်ရွယ်ချက်နှင့် အကျိုးအကြောင်း ဖော်ပြချက်တွင် ဖော်ပြထားသည်။
ယင်းသို့သော ရည်ရွယ်ချက်များဖြင့် တင်သွင်းခဲ့သော ဥပဒေမူကြမ်းနှစ်ရပ်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ (က) တွင် အကျုံးဝင်သော ပြင်ဆင်ချက်များ၌ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍတွင် ပြည်သူ့ဆန္ဒနှင့်အညီ တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို ဦးတည်ဆိုသည့် ပြင်ဆင်မှုဖြင့် စတင်၍ တပ်မတော်၏ အခန်းကဏ္ဍကို လျှော့ချရန် ရည်ရွယ်သော ပြင်ဆင်ချက်များလည်း အများအပြား ပါဝင်လာသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၁၄) ရှိ မူလပြဋ္ဌာန်းချက်နေရာတွင် ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ပြည်ထောင်စုလွှတ်တော် တတိယအကြိမ် သက်တမ်းတွင် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်း၊ စတုတ္ထအကြိမ် သက်တမ်းတွင် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်း၊ ပဥ္စမအကြိမ် သက်တမ်းတွင် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း၏ ငါးရာခိုင်နှုန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်ဆိုသည့် ပြင်ဆင်ချက်၊ ပုဒ်မ ၁၇၊ ပုဒ်မခွဲ(ခ)ရှိ ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနှင့် ခရိုင်အုပ်ချုပ်ရေးတို့တွင် ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ်အုပ်ချုပ်ရေး စသည့်တာဝန်များ ထမ်းဆောင်ရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်ဆိုသော ပြဋ္ဌာန်းချက်အား ပယ်ဖျက်ရန်နှင့် ပုဒ်မ ၂၀ (ဂ) ရှိ ပြဋ္ဌာန်းချက်ဖြစ်သော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် လက်နက်ကိုင် တပ်ဖွဲ့အားလုံး၏ အကြီးအကဲ ဖြစ်သည်ဆိုသော အချက်အား ပယ်ဖျက်ရန် စသည့်အချက်များလည်း ပါဝင်ခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၀(ဂ)တွင် ဖော်ပြပါရှိသည့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုစသော အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်ခြင်း၊ သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းတို့ကြောင့် ပြည်ထောင်စုပြိုကွဲစေမည့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာကို လက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ် အခြေအနေ ပေါ်ပေါက်လျှင် “တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် နိုင်ငံတော်အာဏာကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်း ချက်များနှင့်အညီ ရယူသုံးစွဲခွင့်ရှိသည်” ဆိုသည့် ဖော်ပြချက်အစား “ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံတော်အာဏာကို နိုင်ငံတော်သမ္မတက ဦးဆောင်၍ တာဝန်ယူ ဆောင်ရွက်နိုင်မည့် အစီအစဉ် တစ်ရပ်အား အတည်ပြုဆုံးဖြတ် ဆောင်ရွက်ရမည်” ဆိုသော အစားထိုး ပြင်ဆင်ချက်များလည်း ပါဝင်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၀၉(ခ)၊ ၁၄၁(ခ)၊ ၁၆၁(ဃ) တွင် ပါဝင်သော ပြဋ္ဌာန်းချက်များတွင် ပါဝင်သည့် အချက်များကိုလည်း အစားထိုးပြင်ဆင်ရန် တင်ပြထားခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ(၂၀၁)၏ မူလပြဋ္ဌာန်းချက် နေရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ဥပဒေတစ်ရပ်ရပ်အရ ပေးအပ်လာသည့် တာဝန်များကို ထမ်းဆောင်နိုင်ရန် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးလွှတ်တော် ဒုတိယဥက္ကဋ္ဌနှစ်ဦး၊ ကာကွယ်ရေး ဝန်ကြီးဌာနဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးဌာနဝန်ကြီး စသည့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်ဆိုသည့် ပြင်ဆင်ချက်ပါဝင်ပြီး လက်ရှိ ကာ/လုံတွင် ပါဝင်နေသည့် နယ်စပ်ရေးရာ ဝန်ကြီးဌာနဝန်ကြီးကို ပယ်ဖျက်ရန် အတွက်လည်း ထည့်သွင်းထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၀ ကို တိုင်းဒေသကြီးနှင့် ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ တစ်ခုခုတွင်ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု တစ်စုတွင်ဖြစ်စေ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင် ရွက်နိုင်စွမ်းမရှိကြောင်း သိရှိလျှင်၊ သက် ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းက တင်ပြလျှင် နိုင်ငံတော်သမ္မတသည် မိမိကိုယ်တိုင်ဖြစ်စေ၊ ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်အရဖြစ်စေ ဥပဒေကဲ့သို့သော အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးအပေါ် အခြေအနေ ကြေညာနိုင်သည် ဆိုသည့် ပြင်ဆင်ချက်များလည်း ပါဝင်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပုဒ်မ ခွဲ(က)တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁)မှ (၆) ပြဋ္ဌာန်းချက်များ၊ အခန်း (၁၁) ပုဒ်မ ၄၁၀ မှ ၃၄၂ အထိနှင့် အခန်း (၁၂) ပုဒ်မ ၄၃၆ များတွင်ပါဝင်သည့် ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ရွေးကောက်တင်မြှောက်ခံ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ သုံးပုံနှစ်ပုံကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဆိုသည့် ပြင်ဆင်ချက်လည်း ပါဝင်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ (ခ) နှင့်အညီ ပြုစုရေးဆွဲတင်ပြထားသည့် ဥပဒေမူကြမ်းတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများအတွက် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားခြင်းခံရသော တပ်မတော်သားများသည် ခန့်အပ်တာဝန်ပေးခြင်း ခံရသည့် နေ့မှစ၍ တပ်မတော်မှ အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်ဆိုသည့် ပြင်ဆင်ချက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအဖြစ် ခန့်ထားခြင်းခံရသော တပ်မတော်သားများသည် ခန့်အပ်တာဝန်ပေးခြင်း ခံရသည့် နေ့မှစ၍ တပ်မတော်မှ အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်ဆိုသည့် ပြင်ဆင်ချက်များလည်း ပါဝင်သည်။
အထက်ပါ ကဲ့သို့သော ပြင်ဆင်ချက်များ ပါဝင်လာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းကို လွှတ်တော်သို့တင်ပြထားကြောင်း ပြည်ထောင်စုလွှတ်တော်နာယကမှ လွှတ်တော်သို့ အသိပေးသည့်နေ့တွင် အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက “ပြင်ဆင်ရေးပူးပေါင်း ကော်မတီ အနေနဲ့ကတော့ မူလကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ ဖွဲ့စည်းမှုလေးတွေ ပြင်ထားတာ ရှိပါတယ်။ ဖွဲ့စည်းမှုအနေအ ထားကို ဘယ်လိုပြင်ထားတာလဲဆိုတော့ ဥပ ဒေပြုရေးအပိုင်းက တာဝန်ယူတဲ့ ပုဂ္ဂိုလ်တွေက ပါတာနည်းနေတာပေါ့။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌပဲ ပါတဲ့အတွက်ကြောင့်မိုလို့ ထပ်ပြီးတော့ တိုးထားတာပါ” ဟု ပြောကြားသည်။

ကာ/လုံ ဖွဲ့စည်းမှုတွင် ပါဝင်နေသော နယ်စပ်ရေးရာဝန်ကြီးသည် နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်ရခြင်းကြောင့် နိုင်ငံတော်လုံခြုံရေးနှင့် တာဝန်ကို တိုက်ရိုက်ထမ်းဆောင်ရသည့် ဝန်ကြီးဌာနမျိုး မဟုတ်ဘဲ နယ်စပ်ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှု တာဝန်ယူဆောင်ရွက်ရသည့် ဝန်ကြီးဌာန ဖြစ်ခြင်းကြောင့် တိုက်ရိုက်သက်ဆိုင်သည့် ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးဌာနဝန်ကြီး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် စသည့်ပုဂ္ဂိုလ်များသာ ပါဝင်ကြောင်း၊ လုပ်ငန်းသဘာဝအရ နှစ်မျိုးနှစ်စား လုပ်ဆောင်နေရသည့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီးကို ကာ/လုံ အဖွဲ့အစည်းမှ ပယ်ဖျက်ရန် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ဆိုသည်။
ထို့ပြင် လွှတ်တော်အတွင်း ပါဝင်နေသည့် တပ်မတော်သား ကိုယ်စားလှယ်များ၏ ရာခိုင်နှုန်းကိုလည်း လွှတ်တော်သက်တမ်းအလိုက် လျှော့ချရန်အတွက် ပြင်ဆင်ထားသည့် အချက်များလည်း ပါဝင်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။
ဒေါက်တာမြတ်ဉာဏစိုးက “အချို့ အချို့သော နိုင်ငံရေးပါတီတွေရဲ့ အကြံပြုချက်တွေလည်း မီဒီယာတွေ အနေနဲ့တော့ တွေ့မှာပဲ။ ၃၇၆၅ စုစည်းတဲ့အချိန်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်မှုကို လုံးဝပယ်ဖျက်ပေးဖို့ ဆိုပြီးတော့ နိုင်ငံရေးပါတီ အများစုက တင်တာတော့ ရှိပါတယ်။ ဒါပေမဲ့ ၃၇၆၅ ချက်ကို ဆန္ဒမဲနဲ့ ပြန်အဆုံးအဖြတ်ပြုတဲ့ အခါမှာ အဲဒီလို ပြင်ဆင်ချက် အဆိုတင်သွင်းခဲ့တဲ့ အချို့အချို့သော ပါတီတွေရဲ့ ပြင်ဆင်မှုကိုလည်း နည်းနည်းလေး ပြန်စဉ်းစားရတဲ့ သဘောလေးတွေ ပါလာတာပေါ့” ဟု ပြောကြားသည်။
တပ်မတော်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍လည်း တပ်မတော်သားများသည် နိုင်ငံတော်၏ ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ကို ထမ်းဆောင်နေရသည့် ပုဂ္ဂိုလ်များ ဖြစ်ခြင်းကြောင့် All Inclusive ဖြစ်ရန်အတွက် ငါးရာခိုင်နှုန်းဆိုသော ရာခိုင်နှုန်း၌ ရပ်သွားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် ပထမအကြိမ် သက်တမ်းတုန်းကလည်း ပေါ်ပေါက်ခဲ့ပြီး ဒုတိယအကြိမ် သက်တမ်းတွင်လည်း ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ တတိယအကြိမ် လွှတ်တော်သက်တမ်းတွင်လည်း ထပ်မံပေါ်ပေါက်လာနိုင်ပြီး အခြေအနေ အချိန်အခါနှင့် ခေတ်စနစ်များ ပြောင်းလဲသည့်နှင့်အမျှ ဆက်စပ်၍ ပြောင်းသွားရဦးမည် ဖြစ်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။
ဒေါက်တာမြတ်ဉာဏစိုးက “အခုအချိန်မှာကတော့ ငါးရာခိုင်နှုန်း လောက်ကတော့ ရှိသင့်တယ်။ ဘယ်ခေတ် ဘယ်အခါ လွှတ်တော်မှာပဲ ဖြစ်ဖြစ်ပေါ့။ ဒီလိုမျိုး တပ်တော် သား ကိုယ်စားလှယ်တွေ ရှိနေခြင်းအားဖြင့် အရပ်ဘက်နဲ့ တပ်မတော်ဘက်နဲ့ လက်တွဲ ပြီးတော့ လုပ်ရမယ့် လုပ်ငန်းတွေလည်း ရှိတယ်။ ဥပဒေပြုရေး အခန်းကဏ္ဍထဲမှာလည်း တပ်မတော်သားတွေဟာ အတိုင်းအတာ တစ်ခုအထိတော့ ပါဝင်သင့်တယ် ဆိုပြီးတော့ ဒီလိုမျိုး ပြင်ဆင်ရေး ပူးပေါင်းကော်မတီကတော့ပြင်ဖို့ တင်ပြထားတာ ရှိပါတယ်” ဟု ပြောကြားသည်။
ပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်ပြထားသော ဥပဒေမူကြမ်းနှစ်ခုတွင် ပါဝင်သော တပ်မတော်သား ကိုယ်စားလှယ်များ၏ ရာခိုင်နှုန်းကို လျော့ချသည့် ပြင်ဆင်ချက်သည် ပြည်ထောင်စုအဆင့် လွှတ်တော်များ ဖြစ်သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်များသာမက တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အသီးသီးတွင်လည်း သက်တမ်းအလိုက် လျှော့ချရန်အတွက် ၁၅ နှစ်စာခန့် မျှော်မှန်းပြီး ပြင်ဆင်ထားကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။
အထက်ပါ ဥပဒေမူကြမ်းများကို တင်ပြထားကြောင်း နာယက၏ အသိပေးမှုအပြီးတွင် “All Inclusive ပါအောင်လုပ်မယ်လို့ ဆိုပေမဲ့လည်း သူတို့ NLD က ပြင်ချင်တဲ့ ၁၁၄ ချက်ကိုပဲ ဒုတိယအကြိမ် ပြင်ဆင်တဲ့ မူကြမ်းဆိုပြီးတော့မှ တင်လာတဲ့ဟာအပေါ်မှာ ပြည်သူကို ကျွန်တော်တို့ နားလှည့်ပြီးတော့မှ ပါးရိုက်တဲ့ပုံစံမျိုး ဖြစ်နေတယ်လို့ ကျွန်တော်တို့က မြင်ပါတယ်” ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြောကြားသည်။
ပြင်သင့် ပြင်ထိုက်သည့် အချက်များကို ပြင်ရမည်ဆိုသည်ကို နားလည်သော်လည်း အခြားသော ပါတီများ၊ အဖွဲ့အစည်းများ၊ အစုအဖွဲ့များကို ခုတုံးလုပ် အသုံးပြု၍ ဝန်းရံခိုင်းပြီး ပြည်သူကို မလှိမ့်တစ်ပတ် လုပ်ထားသည့် ပြည်သူလူထု၏ အကြံပြုချက်ကို ရယူခြင်းမရှိဘဲ၊ တတ်သိနားလည်သည့် ပညာရှင်များ၊ တလေးတစား ဖိတ်ခေါ်သင့်သည့် ပညာရှင်များ၊ အသိပညာရှင်များကို မဖိတ်ခေါ်ဘဲ ထင်ရာမြင်ရာ မဲခွဲဆုံးဖြတ်ခဲ့သည့် All Inclusive ဆို၍ NLD ၏ ပြင်ဆင်ချက်များကို အတည်ပြုထားသည့် ယနေ့ (ဇန်နဝါရီ ၂၇ ရက်) က တင်သွင်းလာသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းများသည် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ၏ သဘောထား လုံးဝမပါဝင်ကြောင်း ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြောကြားခဲ့သည်။
ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက “ကျွန်တော်တို့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ ဥပဒေမှာ ပါလာတဲ့ဟာတွေကို ပြန်ပြီးလေ့လာ သုံးသပ်ဦးမှာ ဖြစ်ပါတယ်။ လေ့လာသုံးသပ်ပြီးတော့မှ ဒီဟာကတော့ ပြင်သင့်တယ်။ ဒီဟာကတော့ မပြင်သင့်ဘူး။ ဒီဟာကတော့ ဘယ်အချက်နဲ့ ငြိတယ်။ ဘယ်အချက်နဲ့တော့ လိုက်လျောညီထွေဖြစ်တယ်။ ဒါကြောင့် ပြင်သင့်တယ်ဆိုတာ ဒါမျိုးတွေကို ပြန်သုံးသပ်ဦးမှာ ဖြစ်ပါတယ်။ ပြန်သုံးသပ်ပြီးမှ လွှတ်တော်မှာ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်” ပြောကြားသည်။
လက်ရှိတင်သွင်းထားသည့် ဥပဒေမူကြမ်းမှာ တပ်မတော်၏ အခန်းကဏ္ဍကို လျှော့ချခြင်းနှင့် ပတ်သက်၍ မေးမြန်းမှုကို “ဒါတွေကတော့ ခုနက တင်ပြသလိုပဲ၊ ဒါတွေကို ကျွန်တော်တို့ ပြန်ဆွေးနွေးဦးမှာပါ။ ပြန်ဆွေးနွေးပြီး ဒီဟာက ကျွန်တော်တို့ကတော့ ဒီအပေါ်မှာ အလွတ်သဘော ပြောစရာမရှိဘူး။ အဲဒီအပေါ်မှာ ခုနက ပြောသလိုပေါ့၊ တတ်သိနားလည်တဲ့သူတွေ၊ ပညာရှင်တွေ၊ တတ်ကျွမ်းတဲ့သူတွေ၊ ယခင်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆွဲထားတဲ့ ရည်ရွယ်ချက်တွေနဲ့ အခုလက်ရှိ အနေအထားတွေနဲ့ နောင်ဖြစ်လာနိုင်မယ့် အနေအထားတွေနဲ့ ကျွန်တော်တို့က ညှိနှိုင်းပြီးတော့မှ ဒီဟာကို ဘယ်လို ဆွေးနွေးသင့်သလဲ။ ဘယ်လိုလုပ်မလဲဆိုတဲ့ဟာကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြန်လည်ဖြေကြားထားသည်။
အထက်ပါ ကဲ့သို့သော NLD ပါတီ ဦးဆောင်သော လွှတ်တော်၏ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ NLD ပါတီဝင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်၏ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရန် အရေးကြီး အဆိုတင်သွင်းခြင်းဖြင့် ခြေဥပြင်ဆင်ရေးကို စတင်ခြေလှမ်းသည် လက်ရှိအချိန်တွင် ဥပဒေမူကြမ်း နှစ်ရပ်အဖြစ် ရေးဆွဲပြုစု၍ လွှတ်တော်သို့ တင်ပြထားသည့် အခြေအနေသို့ ရောက်လာပြီဖြစ်သည်။
NLD ပါတီဝင် ကိုယ်စားလှယ်အများစု ဦးဆောင်နေသည့် လွှတ်တော်မှ ဖွဲ့စည်းပုံ ပြင်ရန်အတွက် ဥပဒေမူကြမ်း မရေးဆွဲမီ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရန် အဆိုတင်သွင်းသည့် အချိန်၌ပင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့၏ ကန့်ကွက်မှုများကို ကြုံတွေ့ခဲ့ရခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်သည့် တပ်မတော်၏ ရပ်တည်ချက်များကြောင့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်ချက်များ အောင်မြင်မည်၊ မအောင်မြင်မည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။
ပြီးခဲ့သည့် အစိုးရလက်ထက် ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် လွှတ်တော်ကိုယ်စားလှယ်နေရာ အများဆုံး ရယူထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ကိုယ်စားလှယ်များ၏ ဖွဲ့စည်းပုံ ပြင်ဆင်ရန် အဆိုတင်သွင်းခြင်း၊ ဆွေးနွေးဆုံးဖြတ်ခြင်းများ ပြုလုပ်ခဲ့သော်လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့၏ ထောက်ခံမှုကို အပြည့်အဝ မရရှိခဲ့ခြင်းကြောင့် ပြင်ဆင်ရန် တင်သွင်းထားသော ပုဒ်မများအနက်မှ အနည်းငယ်သာ မဲခွဲဆုံးဖြတ်မှုဖြင့် ပြင်ဆင်နိုင်ခဲ့သည့် သာဓကများလည်း ရှိခဲ့သည်။
NLD ပါတီဝင် ကိုယ်စားလှယ်အများစု ဦးဆောင်သည့် ဒုတိယအကြိမ်လွှတ်တော်၏ သက်တမ်း သုံးနှစ်ပြည့်ခါနီးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး လေ့လာသုံးသပ်မည့် ပူးပေါင်းကော်မတီ ဖွဲ့စည်းရန် အဆိုတင်သွင်းပြီး ဖွဲ့စည်းပြင်ဆင်ရေး ကြိုးပမ်းမှု စတင်ရာတွင် ထောက်ခံကြိုဆိုသည့် နိုင်ငံရေးပါတီများ ရှိသလို ပူးပေါင်းကော်မတီ ဖွဲ့စည်းခြင်းသည် လုပ်ထုံးလုပ်နည်းနှင့် မညီဟုဆိုကာ တပ်မတော်သား ကိုယ်စားလှယ်များနှင့် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ပြီး ကော်မတီဖွဲ့စည်းရန် မဲခွဲဆုံးဖြတ်ရာတွင်လည်း တပ်မတော်သား ကိုယ်စားလှယ်များနှင့် ပြည်ခိုင်ဖြိုးပါတီဝင် ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြခြင်းများလည်း ရှိခဲ့သည်။
လက်ရှိအချိန်တွင် ပြည်ထောင်စုလွှတ်တော်သို့ ရောက်ရှိနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း ခုနစ်ခုအထိ ရှိနေပြီး ယင်းဥပဒေကြမ်းများ အားလုံးကို လွှတ်တော်၌ ဆွေးနွေးတော့မည်ဖြစ်သည်။
ပြီးခဲ့သည့် လွှတ်တော်ပုံမှန် အစည်းအဝေးများ ကျင်းပစဉ်က တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က တင်သွင်းသည့် ဥပဒေကြမ်းများအပြင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်တင်သွင်းသည့် ဥပဒေကြမ်းများနှင့် ပတ်သက်၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီက တင်သွင်းလာသည့် အစီရင်ခံစာများကို ဆွေးနွေးချိန်တွင် လွှတ်တော်၌ NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အကြား မတ်တပ်ရပ် ကန့်ကွက်သည့် ဖြစ်စဉ်များ ရှိခဲ့သလို NLD ပါတီ ဦးဆောင်သော အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်းနှစ်ခုနှင့် ပတ်သက်၍ အစီရင်ခံစာများ တင်သွင်းချိန်တွင်လည်း ဆွေးနွေးမှုများနှင့် ပတ်သက်၍ ယင်းဖြစ်စဉ်များ ထပ်မံဖြစ်ပေါ်လာနိုင်သည်။
မည်သို့ပင် ဆိုစေကာမူ တပ်မတော်၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုကို လျှော့ချရန်အတွက် ပြင်ဆင်ထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှစ်ရပ်နှင့် ပတ်သက်၍ လွှတ်တော်အတွင်း ဆွေးနွေးမှုများနှင့် တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့၏ ထောက်ခံမှုရရှိမှသာ ပြင်ဆင်နိုင်မည့် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးသည် အမှန်တကယ် ဖြစ်ပေါ်လာမည်လား ဆိုသည်ကိုတော့ စောင့်ကြည့်ဖို့သာ ရှိတော့သည်။










