မြန်မာနိုင်ငံမှ ဖရဲနှင့်သခွားများ တရုတ်နိုင်ငံသို့ မတင်ပို့နိုင်မီ ကာလအတွင်း တခြားစျေးကွက်များသို့ တင်ပို့နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ကာ ကူညီပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ပြောကြားသည်။
“ကျွန်တော်တို့ရဲ့နယ်စပ်ကို ရောက်သွားတဲ့အခါ ဖရဲသီးတွေဟာ ယူနန်ကနေ ဟိုးဘက်ကိုဆက်သွားဖို့ ခက်သွားတယ်။ အဲတော့ အဝယ်မှာ လောလောဆယ်တော့ လျော့သွားတယ်။ လျော့သွားတယ်ဆိုရာမှာ အများကြီး မတင်ပို့ကြဖို့ မူဆယ်မှာရှိတဲ့ကုန် စည်ဒိုင်ကရော အသင်းကရော သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ အဲဒီအတွက် တချို့ကလည်း ဆက်မသွားတော့ဘူး။ ဒါပေမဲ့မှည့်နေလို့ ရောင်းချင်တဲ့ အဖွဲ့တွေက ရန်ကုန်ဘက်ကို ဆင်းလာပြီးတော့ စျေးကွက်ရှာကြတယ်လို့လည်း သိရတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ ဖရဲသခွားအသင်းနဲ့ရောတွေ့ပြီး လတ်တလောပေါ့။ ဟိုဘက်ကို မရောင်းနိုင်ခင်စပ်ကြား သူတို့အတွက် အဆင်သင့်ဖြစ်နေတဲ့ သီးနှံတွေအတွက် စျေးကွက်ရအောင် ဘယ်လိုလုပ်ရင်ရမလဲဆိုတာ ညှိနှိုင်းတိုင်ပင်ပြီးတော့ ဆောင်ရွက်ပေးဖို့ ရှိပါတယ်။ နည်းလမ်းရှာပြီး အတတ်နိုင်ဆုံး ကူညီပေးမှာ ဖြစ်ပါတယ်” ဟု အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ပြောကြားသည်။
ယင်းကဲ့သို့ ဖရဲနှင့်သခွားများ စျေးကွက်အသစ်များ ရှာဖွေနိုင်ရန်အတွက် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှလည်း ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
“ကုန်သည်စက်မှု အသင်းချုပ်အနေနဲ့လည်း သူတို့အတွက် စျေးကွက်အသစ်တွေ ရှာပေးနေပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ အခြားပြည်နယ်တွေကလည်း လာတဲ့ဟာကို အသင်းတွေနဲ့ တွေ့ပေးပါတယ်။ သူတို့အချင်းချင်း ပြောကြပါတယ်။ ဆိုတော့ မကြာမီတော့ တော်တော်များများ စျေးကွက်အသစ်တွေ ပေါ်လာဖို့ရှိပါတယ်” ဟု UMFCCI ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားသည်။
တရုတ်နိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အရေးပေါ် အခြေအနေနှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ကန့်သတ်ထားမှုကြောင့် မြန်မာနိုင်ငံဘက်မှ သစ်သီးဝလံများ တင်ပို့ရောင်းချမှုနှင့် ဝယ်ယူမှုစျေးကွက်၌ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သစ်သီးဝလံ ကုန်စည်ဒိုင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က ဇန်နဝါရီ ၂၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် ဝူဟန်ဒေသမှ အစပြုသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံအတွင်း အရေးပေါ် အခြေအနေနှင့် လူစုလူဝေး၊ ပျော်ပွဲရွှင်ပွဲ၊ ခရီးသွားလာမှု လမ်းကြောင်းများကို တရုတ်နိုင်ငံအစိုးရက ကန့်သတ်ထားကြောင်း သိရသည်။
“အခြေအနေကတော့ ဒီရောဂါကြောင့် တရုတ်ဘက်မှာ တော်တော်များများ Shut Down ဖြစ်သွားတော့ တရုတ်တွေ တော်တော်များများက အဝင်အထွက် မရှိတော့ဘူး။ တရုတ်ဘက်က အသီးမကောင်းလို့၊ အရည်အသွေး မကောင်းလို့၊ နှစ်ကူးကြောင့်မို့ မဝယ်တာ မဟုတ်ဘူး။ အဲဒီပြဿနာရှိလို့ မဝယ်တာ။ သူတို့က ဝယ်ပြီးသွားရင်တောင် ဘယ်မှာသွားရောင်းလို့ ရောင်းရမယ်မှန်း မသိကြဘူး။ ဒီနေ့ဆိုရင် သူတို့ပြောတာ ရှင်းတယ်။ မင်းငါ့ကို အလကား ပေးသွားရင်တောင် ငါဘယ်နားသွားရမယ်မှန်း မသိဘူး။ အဲဒီလိုကို ဖြစ်နေတာ” ဟု ခွာညိုသစ်သီးပွဲရုံမှ ဒါရိုက်တာ ကိုစိုင်းမင်းသူနိုင်က ပြောကြားသည်။
တရုတ်ဘက်က ရောဂါပြန်ကောင်းသွားမှသာ သစ်သီးလုပ်ငန်း ပြန်လည်စတင်နိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
တရုတ်နိုင်ငံဘက်တွင် ကိုရိုနာဗိုင်းရပ်စ် မဖြစ်ပွားခင်က မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သစ်သီးဝလံ တင်ပို့မှု အရောင်းအဝယ် ပုံမှန်စျေးကွက်ဖြင့် အရောင်းအဝယ် ပြုလုပ်ခဲ့ကြောင်း၊ ယခုနှစ်အတွင်း စျေးနှုန်းအနေဖြင့် ကားတစ်စီးလျှင် ယွမ် ၄၈၀၀၀၊ ၅၀၀၀၀ (ကျပ်တစ်သိန်းနီးပါး) ခန့်ရှိကာ အမြင့်ဆုံးစျေး ရရှိခဲ့သည်ဟု ဆိုနိုင်ကြောင်း သိရသည်။ ယခင်နှစ်က ကားတစ်စီးလျှင် ယွမ် ၂၅၀၀၀ နှင့် ယွမ် ၃၀၀၀၀ ကြားသာစျေး ရှိခဲ့ကြောင်း သိရသည်။ တစ်နေ့လျှင် မူဆယ်မှ တရုတ်ဘက်သို့ ဖရဲသီးနှင့် သခွားမွှေးအစီးရေ ၃၀၀ ခန့် တင်ပို့နေကြောင်း သိရသည်။
“ဒီနှစ်မှာ စျေးကွက်အလားအလာက စျေးက ဒီရောဂါပိုးကြောင့်မို့ မဟုတ်ရင် ကျန်တာအားလုံး ကောင်းပါတယ်။ ဘာလို့လဲဆိုရင် တရုတ်နှစ်ကူးပြီးတဲ့ အချိန်လည်း ဟုတ်တယ်၊ သစ်သီးတွေ ပြန်ရောင်းကြ ဝယ်ကြတော့မယ်။ တကယ်လို့ စျေးကလည်း နည်းနည်းပဲ။ ဥပမာ- ၄၈၀၀၀၊ ၅၀၀၀၀ ကနေ ကျသွားရင်တောင် အလွန်ဆုံး ၃၀၀၀၀၊ ၃၅၀၀၀၊ ပုံမှန်စျေးကို ရောက်သွားမယ်။ လက်ရှိမှာ စျေးကွက်က မရှိဘူး မဟုတ်ဘူး ရှိတယ်။ ဒါပေမဲ့ ဟိုမှာက ရောင်းမရဘူး ဖြစ်နေတာ” ဟု ကိုစိုင်းမင်းသူနိုင်က ဆိုသည်။
ဖရဲသီး-သခွားမွှေး ထုတ်လုပ်တင်ပို့ ရောင်းချသူ တောင်သူများ နစ်နာဆုံးရှုံးမှု မဖြစ်စေရေးအတွက် တရုတ်ဘက်မှ အဆိုပါ ရောဂါကို ထိန်းချုပ်နိုင်ပြီး အခြေအနေ တည်ငြိမ်သည်အထိ စောင့်ဆိုင်းပြီးမှသာ တင်ပို့ရန် နှိုးဆော်ထားသည်။










