တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေကို ဘယ်သူတွေက စွပ်စွဲပြစ်တင် နုတ်ထွက်စေနိုင်သလဲ

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေကို ဘယ်သူတွေက စွပ်စွဲပြစ်တင် နုတ်ထွက်စေနိုင်သလဲ
ရခိုင်ပြည်နယ်လွှတ်တော်က စည်ပင်ဝန်ကြီးဦးမင်းအောင် တာဝန်ထမ်းဆောင်သင့် မသင့် မဲခွဲဆုံးဖြတ်ခဲ့စဉ် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက်က မြင်ကွင်းကို တွေ့ရစဉ်
ရခိုင်ပြည်နယ်လွှတ်တော်က စည်ပင်ဝန်ကြီးဦးမင်းအောင် တာဝန်ထမ်းဆောင်သင့် မသင့် မဲခွဲဆုံးဖြတ်ခဲ့စဉ် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက်က မြင်ကွင်းကို တွေ့ရစဉ်
Published 2 February 2020
ဖြိုးဝေ

( ၁ )

လွှတ်တော်ကိုယ်စားလှယ်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေဟာ ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက်  ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ကိုယ်စားလှယ်တွေ အများစုကြီးစိုးတဲ့ ပြည်ခိုင်ဖြိုးလွှတ်တော်မှာ ပေါ်မလာခဲ့ပါဘူး။ ဒါ့အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အစိုးရလက်ထက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ အဓိကပါဝင်ထားတဲ့ NLD လွှတ်တော်မှာလည်း ပြဋ္ဌာန်းနိုင်မှု မရှိသေးတာကြောင့် လွှတ်တော်နှစ်ဆက်တိုင် ပြည်သူ့အခွင့်အရေးတွေ ဆုံးရှုံးနေကြရပါတယ်။

ပြည်သူတွေက ရွေးကောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ ပြည်သူကပေးထားတဲ့ တာဝန် မကျေပွန်ဘူးဆိုရင်၊ ပြည်သူကပေးအပ်တဲ့ တာဝန်တွေကို မျက်ကွယ်ပြုနေမယ်ဆိုရင် သူ့ကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆ (ခ) အရ “ သက်ဆိုင် ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စု ရွေးးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်” ဆိုတဲ့ အချက် ပြဋ္ဌာန်းထားပါတယ်။                        

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆ (ခ) အရ “ (၁) နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ (၂) ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျုးလွန်ခြင်း၊ (၃) အကျင့်သိက္ခာ ပျက်ပြားခြင်း၊ (၄) ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၏ အရည်အချင်း ပျက်ယွင်းခြင်း၊ (၅) ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း” ဆိုတဲ့ အချက်တွေနဲ့ ငြိစွန်းလို့  ပြည်သူတွေက မနှစ်သက်တော့ရင် သက်ဆိုင်ရာ မဲဆန္ဒနယ်က မူလမဲဆန္ဒရှင်တွေရဲ့ အနည်းဆုံး တစ်ရာခိုင်နှုန်းက တိုင်ကြားရမယ်။ တိုင်ကြားလာပြီဆိုရင် ပုဒ်မ ၃၉၆ (ဂ) အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးရမယ်။  ပုဒ်မ ၃၉၆ (ဃ) အရ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးတဲ့အခါ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင် ဒါမှမဟုတ် ကိုယ်စားလှယ်နဲ့ ချေပခွင့်ပေးရမှာ ဖြစ်ပါတယ်။ ပုဒ်မ ၃၉၆ (င) အရ ပြည်သူ့စွပ်စွဲချက်တွေက မှန်ကန်ပြီး စွပ်စွဲခံရသူဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ထမ်းရွက်ဖို့ မသင့်ကြောင်း သဘောရရှိလာမယ်ဆိုရင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဟာ ဥပဒေနဲ့အညီ ဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြဋ္ဌာန်းထားပေမယ့် အရေးအကြီးဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၇ အရ “ ပြည်ထောင်စုလွှတ်တော်သည် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍လည်းကောင်း၊ တာဝန်မှပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍လည်းကောင်း လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရမည်”  ဆိုတဲ့အချက်ကို ပြည်ထောင်စုလွှတ်တော်က လုပ်ဆောင်ပေးနိုင်မှုမရှိဘူးလို့ ဆိုနိုင်တာကြောင့် ပြည်သူ့အခွင့်အရေး နစ်နာဆုံးရှုံးနေရတာက လွှတ်တော်သက်တမ်း နှစ်ဆက်ရှိလာပြီလို့ သုံးသပ်မှုများ ရှိနေပါတယ်။

( ၂ )

ပြည်သူ့တာဝန်မကျေပွန်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူတွေက ဖြုတ်ချခွင့်ဥပဒေ အခုအထိ မရှိသေးပါဘူး။ ဒီလို မရှိသေးပေမဲ့လည်း ပြည်သူတွေက ရွေးကောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက တာဝန်မကျေပွန်တဲ့ သမ္မတတွေ၊ ဒုသမ္မတတွေ၊ ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေကို စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ကိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေက တာဝန်ပေးအပ်ထားတာ တွေ့ရပါတယ်။

တာဝန်မကျေပွန်တဲ့ သမ္မတတွေ၊ ဒုသမ္မတတွေ၊ ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေကို စွပ်စွဲပြစ်တင် ဖြုတ်ချဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပေးထားရာမှာ နှစ်ပိုင်းကွဲပါတယ်။ တစ်ပိုင်းက ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်တွေဟာ တာဝန်မကျေပွန်တဲ့ သမ္မတ၊ ဒုသမ္မတ၊ ပြည်ထောင်စုဝန်ကြီးတွေကို စွပ်စွဲပြစ်တင်ဖြုတ်ချနိုင်တာ ဖြစ်ပါတယ်။ နောက်တစ်ပိုင်းမှာတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေကို ဖြုတ်ချနိုင်တာ တွေ့ရပါတယ်။   

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၂၆၃ (က) အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ပါးပါးကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေက စွပ်စွဲပြစ်တင် ဖြုတ်ချနိုင်ခွင့်အဖြစ် အချက်ငါးချက်နဲ့ သတ်မှတ်ထားပါတယ်။

အဲဒီအချက်ငါးချက်က (၁) နိုင်ငံတော်၏ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ (၂) ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ (၃) အကျင့်သိက္ခာပျက်ပြားခြင်း၊ (၄) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီး၏အရည်အချင်း ပျက်ယွင်းခြင်း၊ (၅) ဥပဒေအရပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်းဆိုတဲ့ အချက်တွေနဲ့ ငြိစွန်းရင် စွပ်စွဲပြစ်တင်ဖြုတ်ချနိုင်တယ်ဆိုတဲ့ အချက် ငါးချက်ဖြစ်ပါတယ်။

နိုင်ငံ့ကျေးဇူးသစ္စာဖောက်တဲ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျုးလွန်တဲ့၊ အကျင့်သိက္ခာပျက်ပြားတဲ့၊  တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဝန်ကြီးရဲ့ အရည်အချင်းပျက်ယွင်းတဲ့၊ ဥပဒေအရ ပေးထားတဲ့ တာဝန်ကျေပွန်အောင် မဆောင်ရွက်တဲ့  တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတစ်ပါးပါးကို စွပ်စွဲပြစ်တင်မယ်ဆိုရင် ပုဒ်မ ၂၆၃ (ခ) အရ သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းရဲ့အနည်းဆုံးလေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး မိမိတို့ရဲ့ စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ်တစ်ဦးဦး၊ ဝန်ကြီးတစ်ဦးဦးဟာ အရည်အချင်း ပျက်ယွင်းတယ်လို့ သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တိုင်ကြားချက်ရလာတာနဲ့ ပုဒ်မ၂၆၃ (ဂ) အရ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်က လွှတ်တော်ဥက္ကဋ္ဌဟာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီး စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးဖို့နဲ့ စုံစမ်း စစ်ဆေးရမယ့် cလုပ်ငန်းပမာဏအရ စုံစမ်းစစ်ဆေးမှု ပြီးစီးရမယ့် ကာလကိုလည်း  သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။

စွပ်စွဲပြစ်တင်ဖို့ တင်ပြလာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးတဲ့အခါ ပုဒ်မ၂၆၃ (ဃ) အရ စွပ်စွဲပြစ်တင်ခြင်းခံရတဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဝန်ကြီးကို ကိုယ်တိုင်ချေပခွင့် ဒါမှမဟုတ် ကိုယ်စားလှယ်နဲ့ ချေပခွင့်ပေးရမှာ ဖြစ်ပါတယ်။

တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ပါးပါးအပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်မှုနဲ့ စပ်လျဉ်းပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းစစ်ဆေး တွေ့ရှိချက်တွေကို တင်ပြလာရင် လွှတ်တော်ဥက္ကဋ္ဌဟာ ပုဒ်မ၂၆၃ (င) (၁) အရ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်ကို တင်ပြရမှာပါ။ အဲဒီလို တင်ပြလာမှုအပေါ် မဲခွဲဆုံးဖြတ်ချိန်မှာ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းထဲက အနည်းဆုံး သုံးပုံနှစ်ပုံက စွပ်စွဲပြစ်တင်မှု မှန်ကန်တယ်လို့ ဆုံးဖြတ်မယ်။ စွပ်စွဲခံရသူဟာ ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီး ရာထူးမှာ ဆက်လက်ထမ်းရွက်စေဖို့ မသင့်ကြောင်း ဆုံးဖြတ်ရင် သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌက အဲဒီဆုံးဖြတ်ချက်ကို သမ္မတဆီ တင်ပြအစီရင်ခံရမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်တစ်ဦးဦး၊ ဝန်ကြီး တစ်ဦးဦးဟာ တာဝန်နဲ့မသင့်တော်လို့ စွပ်စွဲပြစ်တင်ခံရမှု အတည်ပြု ဆုံးဖြတ်ချက်ကို ရရှိလာပြီဆိုရင် သမ္မတဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃ (င) (၂) အရ အဲဒီဝန်ကြီးချုပ်၊ ဝန်ကြီးကို ရာထူးကနေ ရပ်စဲပေးရမယ်လို့ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။

တာဝန်မကျေပွန်တဲ့ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေကို လွှတ်တော် ကိုယ်စားလှယ်တွေက စွပ်စွဲပြစ်တင်မှု မလုပ်နိုင်ဘူးဆိုရင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၄ (ခ) (၁) အရ သမ္မတက “ လုပ်ငန်း တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးအား ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်းမပြုလျှင် တာဝန်မှ ရပ်စဲရမည်”  လို့လည်း ပြဋ္ဌာန်းပေးထားတဲ့အတွက် နိုင်ငံတော်သမ္မတကလည်း ကိုယ့်အစိုးရအဖွဲ့ကို ပုံရိပ်မလှစေတဲ့၊ တာဝန်မကျေပွန်တဲ့၊ အဂတိသံ အရမ်းထွက်တဲ့ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေကို တာဝန်ကနေ ရပ်စဲနိုင်တာ မြင်ရမှာဖြစ်ပါတယ်။

( ၃ )

တိုင်းဒေသကြီးနဲ့ ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ဥပဒေပါ ပေးထားချက်အတိုင်း ရခိုင်ပြည်နယ်မှာဆိုရင် ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို ရခိုင်ပြည်နယ် လွှတ်တော်ကနေ ဖြုတ်ချခဲ့တဲ့ဖြစ်စဉ်ကလည်း ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်နယ်လွှတ်တော်ရဲ့ ပွတ်တိုက်မှုအဖြစ် လေ့လာသင့်တဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကို နိုင်ငံတော်က ပေးအပ်တဲ့တာဝန်တွေ မကျေပွန်ဘူးဆိုပြီး ရခိုင်ပြည်နယ်လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးမှာ ၁၇ ဦးက ဦးမင်းအောင်ကို ဝန်ကြီးတာဝန်က ရပ်စဲဖို့ ပြည်နယ်လွှတ်တော် ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၉ ရက်မှာ တိုင်ကြားစာပို့ခဲ့ပါတယ်။

ဦးမင်းအောင်ကို နိုင်ငံတော် သမ္မတဦးထင်ကျော်က ၂၀၁၆ ခုနှစ် ဧပြီ ၇ ရက်မှာ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ သမ္မတက ခန့်အပ်ခဲ့တဲ့ ဦး မင်းအောင်ကို ရခိုင်ပြည်နယ်လွှတ်တော်က တိုင်ကြားချက်ကိုးချက်နဲ့ စွပ်စွဲပြစ်တင်ခဲ့တာပြီး စွပ်စွဲချက် တွေမှာဆိုရင် ရခိုင်ပြည်နယ် မြို့နယ်ငါးခုက စည်ပင်သာယာဌာနပိုင် စျေးများတည်ဆောက်ရေး တင်ဒါခေါ်ယူရာမှာ လွှတ်တော်ကို အသိမပေးတာ၊ ကျောက်ဖြူမြို့နယ်က ဌာနပိုင်စျေးဆိုင်ခန်းတွေကို နီးစပ်ရာကို လက်လွှဲရောင်းချတာ၊ မင်းပြားနဲ့ ရသေ့တောင်မြို့နယ်မှာ ကူးတို့တင်ဒါတွေကို ပွင့်လင်းမြင်သာမှုမရှိဘဲ ခေါ်ယူခဲ့တာဆိုတဲ့ စွပ်စွဲချက်တွေပါ။

ဒီစွပ်စွဲချက်တွေအတွက် ရခိုင်ပြည်နယ်လွှတ်တော်က အဖွဲ့ဝင်ငါးဦးနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးပြီး ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဆီကို အစီရင်ခံစာ တင်ပြပြီးတဲ့နောက်မှာ လွှတ်တော်ခေါ်ယူခဲ့ပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်က ဦးမင်းအောင်နဲ့ ပတ်သက်ပြီး လွှတ်တော်ခေါ်ယူချိန်မှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က စောင့်ဆိုင်းပေးပါလို့ ညှိနှိုင်းစာပေးပို့ခဲ့လို့ လွှတ်တော်ကနေ ဦးမင်းအောင်အတွက် ဆုံးဖြတ် သင့် မသင့် ကနဦးလျှို့ဝှက်မဲခွဲရာမှာ အနိုင်ရတာကြောင့် ဆက်လက် မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

ဦးမင်းအောင် စည်ပင်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မှု ရပ်နား သင့် မသင့် လွှတ်တော်က ဆုံးဖြတ်ရာမှာ မဲပေးပိုင်ခွင့်ရှိတဲ့ အမတ် ၄၅ ဦးထဲက ၃၇ ဦးက ထောက်ခံခဲ့ပြီး ခုနစ်ဦးကပဲ ကန့်ကွက်ခဲ့လို့ ဦးမင်းအောင်ကို ဝန်ကြီးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ဖို့ မသင့်ကြောင်း လွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက် မှာ ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်က ဦးမင်းအောင်ကို ဝန်ကြီးတာဝန် ဆက်လက်ထမ်းဆောင်ဖို့ မသင့်ကြောင်း မဲခွဲဆုံးဖြတ်အပြီး ဇန်နဝါရီ ၁၈ ရက်မှာ သမ္မတရုံးကနေ ဦးမင်းအောင်ကို တာဝန်က ရပ်စဲကြောင်း တရားဝင်ကြေညာလိုက်တာ တွေ့ရပါတယ်။

ဦးမင်းအောင်ကို စွပ်စွဲပြစ်တင်တဲ့အချိန်နဲ့ တာဝန်ကနေ ရပ်စဲဖို့ မဲခွဲဆုံးဖြတ်ခဲ့တဲ့အချိန်ဟာ တစ်လလောက်ပဲ ကြာမြင့်ပြီးတော့ ဦးမင်းအောင်ကို စွပ်စွဲပြစ်တင်တဲ့အထဲက အဆင့်မြင့်စျေးကြီးငါးစျေး တည်ဆောက်မယ့် စီမံကိန်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဖျက်သိမ်းလိုက်တာ တွေ့ရပါတယ်။

အခြားသော ပြည်နယ်နဲ့ တိုင်းဒေသကြီးက လွှတ်တော်တွေအတွက်လည်း ဒါဟာ အတုယူစရာပါ။ အစိုးရအဖွဲ့ဝင်တစ်ဦးဦးဟာ လုပ်ပိုင်ခွင့်ကို တလွဲအသုံးချပြီး ပြည်သူ့ဘဏ္ဍာတွေကို ထင်သလို သုံးစွဲနေတာ၊ သမ္မတရုံးက တင်ဒါညွှန်ကြားချက်တွေကို လိုက်နာမှုမရှိတာ၊ အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်မှုကြောင့် ပြည်သူ့ဘဏ္ဍာတွေ နစ်နာဆုံးရှုံးနေတာ၊ ပြန်နယ်/ တိုင်းအစိုးရအဖွဲ့က လုပ်ဆောင်မယ့် စီမံကိန်းတွေကို လွှတ်တော်ဆီတင်ပြမှုမရှိဘဲ လုပ်ပြီးမှ အသိပေးတာမျိုးဆိုရင် ဝန်ကြီးချုပ်ဖြစ်စေ၊ ဝန်ကြီးကိုဖြစ်စေ တာဝန်မကျေပွန်မှုနဲ့ အချိန်တိုအတွင်း စွပ်စွဲပြစ်တင် ဖြုတ်ချနိုင်တာကို လွှတ်တော်ကိုယ်စားလှယ်တွေ သိဖို့လိုအပ်ပါတယ်။

ဒီလိုမျိုး တာဝန်မကျေပွန်တဲ့ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေကို အချိန်မရွေး စွပ်စွဲပြစ်တင်ဖြုတ်ချနိုင်တဲ့ အခွင့်အာဏာ ကိုယ့်လက်ထဲမှာ ရှိနေသလို တကယ်လည်း ဖြုတ်ချရဲတဲ့ သတ္တိရှိနေမယ်ဆို လွှတ်တော်နဲ့ အစိုးရကြားက Check and Balance ကို ကောင်းမွန်စွာ တည်ဆောက်နိုင်မှာဖြစ်သလို  အရည်အချင်းရှိတဲ့ အစိုးရအဖွဲ့ကို ပြည်သူတွေက ပိုင်ဆိုင်ရမှာပါ။

လက်ရှိအခြေအနေမှာဆိုရင် ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၄ ခုထဲက ဝန်ကြီးချုပ်အချို့နဲ့ ဝန်ကြီးအချို့ရဲ့ လုပ်ရပ်အချို့ဟာ နိုင်ငံတော်သမ္မတရုံးက တင်ဒါညွှန်ကြားချက်တွေကို လိုက်နာမှုမရှိတာ၊ စီမံကိန်းတွေ လုပ်ရာမှာ လွှတ်တော်ကို တင်ပြမှုမရှိတာ၊ လုပ်နေတဲ့ စီမံကိန်းတွေကြောင့် နိုင်ငံ့ဘဏ္ဍာနစ်နာတာ၊ အရည်အချင်းမပြည့်ဝမှု ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးရတာ၊ အဂတိနဲ့ ငြိစွန်းနိုင်တာဆိုတဲ့ ဝေဖန်သံတွေ ဆူညံနေပါတယ်။

ဒီလို ဆူညံနေပေမဲ့လည်း လွှတ်တော်ကို ထိထိရောက်ရောက် လာမရှင်းတာ၊  ထင်ရာပဲ ဆက်လုပ်နေတာမျိုးဆိုရင် သက်ဆိုင်တဲ့ လွှတ်တော်ဟာ အဂတိသံဆူညံတဲ့၊ သမ္မတရုံးညွှန်ကြားချက်ကို မလိုက်နာတဲ့၊ နိုင်ငံ့ဘဏ္ဍာနစ်နာဆုံးရှုံးစေတဲ့ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေကို စွပ်စွဲပြစ်တင်မှုလုပ်နိုင်တာကို တိုင်းနဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေက မေ့မထားဖို့ လိုအပ်ပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် ဝန်ကြီးချုပ်၊ ဝန်ကြီးတစ်ဦးဦးကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေက တိုင်ကြားလို့၊ စုံစမ်းစစ်ဆေးပြီးလို့ တာဝန်မကျေပွန်တာ၊ အဂတိလိုက်စားမှုရှိနေတာစတဲ့ ချို့ယွင်းချက်တွေ စစ်ဆေးပေါ်ပေါက်လာခဲ့မယ်ဆိုရင် တာဝန်မကျေပွန်တဲ့ ဝန်ကြီးချုပ်၊ ဝန်ကြီးကို လွှတ်တော်ကပဲ တာဝန်ကနေ ရပ်စဲပြီး ပိုမိုကောင်းမွန်သင့်တော်တဲ့ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ လဲလှယ်ပေးဖို့ ထိန်းကျောင်းနိုင်တယ်ဆိုတာကိုလည်း မမေ့စေလိုပါဘူး။

ဒီလိုမျိုး အရည်အချင်း ပျက်ယွင်းသူကို တာဝန်ဆက်ပြီး ထမ်းခွင့်ပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်မဲ့မှုပဲ ဖြစ်လာပါလိမ့်မယ်။ ပြည်သူက ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ တာဝန်မကျေပွန်တဲ့ အစိုးရအဖွဲ့ဝင်တွေကို စွပ်စွဲပြစ်တင် နုတ်ထွက်စေခြင်းနဲ့ ပြည်သူရွေးကောက်ထားတဲ့ တာဝန်ကျေပွန်စေချင်ပါတယ်။ အရည်အချင်း ပျက်ယွင်းသူတွေကို ဖယ်ထုတ်နိုင်မှလည်း အောင်မြင်တဲ့အစိုးရအဖွဲ့ကို ရရှိမှာဖြစ်သလို Check and Balance နဲ့ အစိုးရအဖွဲ့ကို အကောင်းဆုံး ထိန်းကျောင်းနိုင်ခဲ့တဲ့ လွှတ်တော်ရယ်လို့ သမိုင်းတွင်ကျန်ခဲ့မှာ ဖြစ်ပါတယ်။

 

 

Most Read

Most Recent