အိန္ဒိယစျေးကွက်ကိုသာ အဓိကတင်ပို့နေရသည့် မြန်မာ့ပဲမျိုးစုံအတွက် လက်ရှိတွင် ဥရောပ၊ ဂျပန်၊ တရုတ် စသည့်နိုင်ငံများသို့ စျေးကွက်တိုးချဲ့ရှာဖွေထားနိုင်သဖြင့် လာမည့် နှစ်နှစ်အတွင်း ပဲတင်ပို့မှုအခက်အခဲ မရှိနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
“ လောလောဆယ် ပဲအခြေအနေကတော့ ပဲစိုက်တောင်သူတွေအတွက်ရော ကုန်သည်တွေအတွက်ရော အခြေအနေကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ နောက်တစ်ခုကတော့ ၂၀၁၇ ခုနှစ် အကြပ်အတည်း ဖြစ်ပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ ပဲစျေးကွက်တွေကို တိုးချဲ့ပြီးတော့ ရှာဖွေပါတယ်။ အဲမှာ ဥရောပစျေးကွက်တို့၊ ဂျပန်စျေးကွက်တို့၊ အခုနောက်ပိုင်းရတဲ့ စျေးကွက်တစ်ခုကတော့ တရုတ်ရဲ့ စျေးကွက်ပေါ့နော်၊ တရုတ်စျေးကွက်မှာဆိုရင် မြေတောက်ပဲစျေးကွက်က တော်တော်လေးကို ကြီးလာပါတယ်။ အဲဒီအတွက် ပဲစျေးနှုန်းကတော့ လာမယ့်တစ်နှစ်၊ နှစ်နှစ်အတွင်းမှာတော့ အကြပ်အတည်းတော့ မဖြစ်နိုင်သေးဘူးလို့ မျှော်မှန်းပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမှ ထွက်ရှိသည့် ပဲမျိုးစုံများအနက် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ စသည့်ပဲအမျိုးအစား သုံးခုကို ပြည်ပသို့ အများဆုံးတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအနက် မတ်ပဲနှင့် ပဲစဉ်းငုံကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ပဲတီစိမ်းကို တရုတ်နှင့် ဥရောပနိုင်ငံတချို့သို့ အဓိကတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်နှင့် အီးယူ စျေးကွက်ကောင်းမွန်သဖြင့် လက်ရှိပြည်တွင်း၌ ပဲတီစိမ်းအညံ့စားပင်လျှင် ကျပ် ၁၁ သိန်းကျော်ရှိပြီး ပြည်ပပို့ကုန် အရည်အသွေးပြည့်မီပါက ကျပ် ၁၄ သိန်းခန့်အထိရှိကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းမှ သိရသည်။
“ တရုတ်ဘက်က စျေးကောင်းရင် များသောအားဖြင့် ပဲတီစိမ်းစျေးကွက်က စျေးကောင်းတာများတယ်။ ဒါပေမဲ့လည်း အီးယူကလည်း သူ့ဟာသူစျေးကွက်တစ်ခု ရှိတဲ့အခါကျတော့ တရုတ်နဲ့ အီးယူက စျေးကောင်းတယ်ဆိုရင် ကျန်တဲ့နိုင်ငံတွေကလည်း စျေးအထိုက်အလျောက် ပေးဝယ်တာပေါ့နော်။ ပဲတီစိမ်းဆို ဒီနှစ်ဆိုရင် တကယ်တမ်းညံ့တဲ့ အစားတောင် ၁၁သိန်းကျော်လောက် ပုံမှန်ရှိတယ် ပြည်တွင်းမှာ။ တကယ်ကောင်းတဲ့ အစားဆို ၁၃သိန်းကျော် ၁၄ သိန်းလောက်ရှိတယ်။ ပဲတီစိမ်းစျေးကွက်ကတော့ ပိုခိုင်မာပါတယ်” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ အတွင်းရေးမှူး ဦးမင်ကိုဦးက ပြောကြားထားသည်။
မြန်မာ့ပဲစျေးကွက်သည် အိန္ဒိယကို အဓိကအားထားခဲ့ရသောကြောင့် ပြီးခဲ့သည့် ၂၀၁၇ ခုက အိန္ဒိယနိုင်ငံတွင် ပဲအထွက်နှုန်းများ ကောင်းသည့်အချိန်၌ မြန်မာနိုင်ငံက ပဲကို ဝယ်ယူရန်ကန့်သတ်ခဲ့သည်။ ထို့ကြောင့် ယင်း ၂၀၁၇ ခုနှစ်အတွင်း မြန်မာ့ပဲစျေးများ ထိုးကျခဲ့သည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။
“ မြန်မာနိုင်ငံကပဲတွေက အဓိကအိန္ဒိယကိုပဲ သွားနေတာဖြစ်ပါတယ်။ အိန္ဒိယရဲ့ ရာသီဥတု အခြေအနေအပေါ်မှာ မူတည်ပြီးတော့ ဝယ်အားကလည်း အတက်အကျ ဖြစ်လာပါတယ်။ ၂၀၁၇ လောက်တုန်းကဆိုရင် အိန္ဒိယနိုင်ငံမှာ ပဲအထွက်များတဲ့အခါမှာ မြန်မာနိုင်ငံကပဲဝယ်တာကို ကန့်သတ်လိုက်တဲ့အတွက်ကြောင့် စျေးနှုန်းတွေ အရမ်းထိုးကျသွားတဲ့ အခြေအနေမျိုး ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာတော့ ရာသီဥတုအခြေအနေက သူတို့ဘက်က ပုံမှန်အခြေအနေဖြစ်လာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့မတ်လအထိကို သူတို့ဘက်က ဘယ်လောက်ဝယ်မယ်ဆိုတာကို သူတို့ လုပ်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်မှာသူတို့ဆီမှာ ပဲအထွက်ကျတယ်။ ကျတဲ့အတွက် မြန်မာနိုင်ငံအတွက်ရယ်မဟုတ်ပါဘူး အားလုံးအတွက် quota ပေါ့ သတ်မှတ်ချက်ကို ရက်လည်းတိုးတယ်။ ပမာဏလည်းတိုးတဲ့အတွက် ပဲစျေးနှုန်းက အခုမှာတော်တော်ကို တည်ငြိမ်ပြီးတော့မှ မြန်မာကုန်သည်တွေပဲ ဖြစ်ဖြစ် တောင်သူလယ်သမားတွေပဲဖြစ်ဖြစ် ပဲစိုက်ပျိုးခြင်းကနေပြီးတော့မှ အကျိုးအမြတ် ရရှိနေတာ ဖြစ်ပါတယ်” ဟု ဒုဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
လက်ရှိဘဏ္ဍာနှစ် နှစ်လကျော်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁၂၀၀၀၀ တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁၅၇ သန်း ရရှိထားပြီး ယခင်နှစ်ကာလတူထက် တင်ပို့မှုတန်ချိန် ၈၀၀၀၀ ခန့် လျော့ကျခဲ့သော်လည်း စျေးနှုန်း မြင့်တက်ခဲ့သဖြင့် ဝင်ငွေဒေါ်လာငါးသန်း ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဆိုသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁၂၀၀၀၀ ကျော်တင်ပို့ မှုမှ ဝင်ငွေဒေါ်လာ ၁၅၇ သန်း ရရှိခဲ့သည်။ ယခင်နှစ်ကာလတူတွင်မူ ပဲမျိုးစုံတန်ချိန် ၃၀၀၀၀၀ တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၁၅၂ သန်းသာ ရရှိထားသည်။
ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် နှစ်လကျော်တွင် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု တန်ချိန် ၈၀၀၀၀ ခန့်လျော့ကျခဲ့သော်လည်း ဝင်ငွေ ဒေါ်လာ ၅ သန်းအထိ ပိုမိုရရှိထားသည်။










