တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်လာနိုင်သော မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ပို့ကုန်များကို ပင်လယ်ရေကြောင်းနှင့် လေကြောင်းမှ တိုးချဲ့တင်ပို့နိုင်ရေး ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
ဒီဇင်ဘာ ၃၁ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံ၏ အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ပထမအဆင့်ကတော့ ရောဂါပိုးကို မရောက်လာအောင်လို့ ကျွန်တော်တို့ရဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို သေချာဂရုစိုက်ပြီးတော့ ဆောင်ရွက်ဖို့ ကျွန်တော်တို့ ညွှန်ကြားထားပါတယ်။ ကာကွယ်ရေးပစ္စည်းတွေလည်း ထောက်ပံ့ပြီးတဲ့အခါကျတော့ ကာကွယ်ရေးပစ္စည်းဆိုတာ လက်အိတ်၊ Mask တို့ ဒါတွေထောက်ပံ့ပြီးတဲ့ အခါကျတော့ ကာကွယ်နိုင်ဖို့ကိုလည်း ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိပါတယ်။ အခုပြောနိုင်တဲ့ အချက်ကတော့ ဘာမှမပြောနိုင်သေးတာပါပဲ။ ဒီရောဂါက ဘယ်လောက်ထိ သက်ရောက်လာမလဲဆိုတာ ကျွန်တော်တို့အနေနဲ့ ခန့်မှန်းလို့မရသေးပါဘူး။ တစ်ဖက်ကတော့ ပို့ကုန်ကိစ္စနဲ့ ပတ်သက်ပြီးတော့ တရုတ်နိုင်ငံအပြင် တခြားနိုင်ငံတွေကိုပါ တိုးချဲ့တင်ပို့နိုင်ဖို့ ကျွန်တော်တို့အနေနဲ့ ဦးစားပေးစီစဉ် ဆောင်ရွက်သွားပါမယ်။ ကုန်းလမ်းခရီး နယ်စပ်က ကုန်သွယ်ရေးကနေမှ ပင်လယ်ရေကြောင်းကနေ ကုန်သွယ်မှု၊ လေကြောင်းနဲ့ ကုန်သွယ်မှုအပိုင်းတွေကို ပိုတိုးချဲ့နိုင်အောင် ကျွန်တော်တို့အနေနဲ့ ဆောင်ရွက်သွားဖို့ အစီအစဉ်များ ချမှတ်လျက်ရှိပါတယ်” ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် မြန်မာ- တရုတ်နယ်စပ်ကုန်သွယ်ရေးအား ပုံမှန် တရုတ်နှစ်သစ်ကူး ပိတ်ရက်အပြင် ဖေဖော်ဝါရီ လဆန်းပိုင်းအထိ ပိတ်ရက်ထပ်မံတိုးချဲ့ခဲ့ကြောင်း၊ လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးကို ကြီးမားသည့် ထိခိုက်မှုမရှိသေးသော်လည်း ယင်းဖြစ်စဉ်များကြောင့် ထပ်မံထိခိုက်လာနိုင်သော အခြေအနေများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။
“ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီးတော့ ဒါကတော့ တရုတ်နှစ်သစ်ကူးအချိန်မှာ ဖြစ်သွားတာပေါ့လေ။ ဖြစ်သွားတဲ့အခါကျတော့ လောလောဆယ်တော့ ကျွန်တော်တို့အနေနဲ့ သိပ်ပြီးသိသာတဲ့အနေအထားတော့ မရှိသေးပါဘူး။ သူတို့ရဲ့ တရုတ်နှစ်သစ်ကူးပိတ်ရက်က ၂၇ ရက်၊ ၂၈ ရက် ဒီလအထိကို လုပ်ပါတယ်။ အခု ဒီကိုရိုနာဗိုင်းရပ်စ် သူတို့က ဖေဖော်ဝါရီ ၃ ရက် ၄ ရက်လောက်ထိကို ပိတ်ရက်ကို တိုးလိုက်ပါတယ်။ အဲဒီတော့ လောလောဆယ်မှာတော့ ကျွန်တော်တို့ရဲ့ ပို့ကုန်သွင်းကုန်တွေ ထိခိုက်မှုမရှိသေးဘူးလို့ ဒါဆိုနိုင်ပါတယ်။ ဒါပေမဲ့လည်း ဒီသက်ရောက်မှုက ဝင်လာမယ့်သဘောရှိပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
တရုတ်နိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အရေးပေါ်အခြေအနေနှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ကန့်သတ်ထားမှုကြောင့် မြန်မာနိုင်ငံဘက်မှ သစ်သီးဝလံများ တင်ပို့ရောင်းချမှုနှင့် ဝယ်ယူမှုစျေးကွက်၌ အခက်အခဲဖြစ်ပေါ်နေကြောင်း သစ်သီးဝလံ ကုန်စည်ဒိုင်၊ မူဆယ် (၁၀၅) မိုင်၊ ကုန်သွယ်ရေးဇုန်က ဇန်နဝါရီ ၂၇ ရက်က သတင်းထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် ဝူဟန်ဒေသမှ အစပြုသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံအတွင်း အရေးပေါ်အခြေအနေနှင့် လူစုလူဝေး၊ ပျော်ပွဲရွှင်ပွဲ၊ ခရီးသွားလာမှုလမ်းကြောင်းများကို တရုတ်နိုင်ငံအစိုးရမှ ကန့်သတ်ထားကြောင်း သိရသည်။
“ အခြေအနေကတော့ ဒီရောဂါကြောင့် တရုတ်ဘက်မှာ တော်တော်များများ Shut Down ဖြစ်သွားတော့ တရုတ်တွေ တော်တော်များများက အဝင်အထွက် မရှိတော့ဘူး။ တရုတ်ဘက်က အသီးမကောင်းလို့၊ အရည်အသွေးမကောင်းလို့၊ နှစ်ကူးကြောင့်မို့ မဝယ်တာမဟုတ်ဘူး။ အဲဒီပြဿနာရှိလို့ မဝယ်ကြတာ။ သူတို့က ဝယ်ပြီးသွားရင်တောင် ဘယ်မှာ သွားရောင်းလို့ရောင်းရမယ်မှန်း မသိကြဘူး။ ဒီနေ့ဆိုရင် သူတို့ပြောတာ ရှင်းတယ်။ မင်းငါ့ကို အလကားပေးသွားရင်တောင် ငါဘယ်နားသွားရမယ်မှန်း မသိဘူး။ အဲဒီလိုကို ဖြစ်နေတာ” ဟု ခွာညိုသစ်သီးပွဲရုံမှ ဒါရိုက်တာ ကိုစိုင်းမင်းသူနိုင်က ပြောကြားသည်။










