သံခင်းတမန်ခင်းတွင် အနာရှိသကဲ့သို့ အမာရွတ်လည်း ရှိမည်ဖြစ်သည်။ သံခင်း တမန်ခင်း အနာများလျှင် မကောင်းသကဲ့သို့ အမာရွတ်များလာသည်မှာ ရင်မောစရာပင်ဖြစ်သည်။ အမာရွတ်များသည် သံခင်း တမန်ခင်း၏ သမိုင်းစာမျက်နှာများကို ထင်ဟပ်နေပြီး သင်ခန်းစာများနှင့် အခွင့်အလမ်းများကို ပြောပြလျက်ရှိသည်။ အနာကို အနာမှန်းသိရှိပြီး အတိမ်အနက်ကို အကဲဖြတ်နိုင်မှသာ ဆေးကု၍ရမည် ဖြစ်သည်။ သံခင်း တမန်ခင်းသည် သိမ်မွေ့ ထိလွယ်ရှလွယ်ပြီး ပရိယာယ်တို့နှင့် ဝန်းရံနေသည့်အလျောက် ဆေးကု၍ရနိုင်လင့်ကစား၊ ဆေးကောင်းဝါးကောင်းနှင့် တွေ့နိုင်လင့်ကစား ဆေးကုသဖို့ လွယ်မယောင်နှင့် ခက်လေ့ရှိတတ်သည်ကို မျက်ခြည်မပြတ်သင့်ပေ။
နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍတို့နှင့် ဆက်စပ်သည့် တိုင်းပြည်၏မူဝါဒများ၊ လမ်းစဉ်များ၊ ဗျူဟာများကို ချမှတ်ဖော်ဆောင်ရာတွင် နိုင်ငံတကာ သံခင်းတမန်ခင်းသည် သော့ချက်ကျပြီး နိုင်ငံခြားရေးမူဝါဒနှင့် ဟန်ချက်ညီရန် အရေးကြီးသည်။ ဒီမိုကရေစီပြုရေးသည်လည်း နိုင်ငံခြားရေးမူဝါဒအပေါ် အခြေပြုသည့် နိုင်ငံတကာဆက်ဆံရေးနှင့် ဆက်စပ်နေသည်။ နိုင်ငံတကာသံခင်းတမန်ခင်းတွင် မျက်နှာပန်းမလှနိုင်သရွေ့ နိုင်ငံရေး၊ စီးပွားရေးအပါအဝင် ပြုပြင်ပြောင်းလဲရေးသည် စိတ်သွားတိုင်းကိုယ်ပါဖို့ ခဲယဉ်းမည် ဖြစ်သည်။ တိုင်းပြည်၏ နိုင်ငံခြားရေးမူဝါဒနှင့် နိုင်ငံတကာ သံခင်းတမန်ခင်းဗျူဟာ၊ နည်းနာတို့သည် နိုင်ငံရေးအနှစ်သာရ ပြည့်ဝရမည့်အပြင် တိုင်းပြည်၏နိုင်ငံရေး အပြောင်းအလဲနှင့်လည်း နှစ်ကိုယ့်တစ်စိတ်ဖြစ်ဖို့ ပဓာနကျမည်ဖြစ်သည်။
နိုင်ငံတကာအသိုင်းအဝိုင်းအကြား တရိပ်ရိပ်မြင့်တက်နေဆဲ စိန်ခေါ်မှုများ၊ အကျပ်အတည်းများနှင့် စီးချင်းထိုးနေရဆဲ မြန်မာနိုင်ငံကဲ့သို့ နိုင်ငံများအဖို့ နိုင်ငံခြားရေး မူဝါဒ၊ သံခင်းတမန်ခင်းဗျူဟာနှင့် ပရိယာယ်တို့သည် ပို၍ပင် သော့ချက်ကျမည်ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအလွန် ၂၀၁၁ ခုနှစ် မတ်လကုန်နောက်ပိုင်း မြန်မာနိုင်ငံ၏ သံခင်းတမန်ခင်းကို ဘက်ကင်းကင်း၊ အစွဲကင်းကင်း၊ မျက်နှာလိုမျက်နှာရကင်းကင်း ပြန်လည်ဆန်းစစ်၊ သုံးသပ်နိုင်ရန် လိုအပ်မည် ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်ဝန်းကျင် မြန်မာ့သံခင်းတမန်ခင်းကို ဆန်းစစ်မည်ဆိုလျှင် နွံထဲ၌လှည်းဘီးကျွံနေဆဲ၊ အနာနှင့် ဆေးလွဲနေဆဲဟု အကဲဖြတ်ရမည်ဖြစ်သည်။ သံခင်း တမန်ခင်းအနာကို ကုစားရာတွင် အစွမ်းထက် ဆေးဝါးထက် ဆေးမြီးတိုကို အားကိုးနေသရွေ့ အနာပျောက်ဖို့ အလှမ်းဝေးပြီး အမာရွတ်သစ်များကိုသာ တိုးသထက်တိုးလာစေမည်ဖြစ်သည်။
သံခင်းတမန်ခင်းအနာနှင့် ဆက်စပ်မည်ဆိုလျှင် နိုင်ငံခြားရေးဝါဒသည် အက္ခရာပင်ဖြစ်သည်။ နိုင်ငံခြားရေးဝါဒကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်မည်ဆိုလျှင် အနာနှင့် ဆေးတွေ့ဖို့ ပို၍နီးစပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် နိုင်ငံခြားရေးဝါဒ၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးနှင့် ပြည်ထောင်အချင်းချင်း ဆက်ဆံရေးတို့ကို လေးလေးနက်နက် ပြဋ္ဌာန်းထားလင့်ကစား လက်တွေ့ဖော်ဆောင်ရာ၌ အားနည်းချက်များ၊ လိုအပ်ချက်များက အစုလိုက်အပြုံလိုက် ရှိနေဆဲပင်ဖြစ်သည်။ သံခင်းတမန်ခင်းအနာနှင့် ဆေးတွေ့ဖို့ဆိုလျှင်၊ သံခင်းတမန်ခင်း ထင်တိုင်းပေါက်ဖို့ဆိုလျှင် ပြုပြင်ပြောင်းလဲသင့်သည်ကို ရဲရဲဝံ့ဝံ့ ပြောင်းလဲပစ်နိုင်မှသာ တွန်းအားဖြစ်မည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁ တွင် နိုင်ငံတော်သည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက် ဆက်ဆံရေးကိုရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်ဟု ပြဋ္ဌာန်းထားသည်။ သံခင်းတမန်ခင်းသည် အမှီအခိုကင်းကင်း ရပ်တည်နိုင်မှသာ လွတ်လပ်မည်ဖြစ်ပြီး မှန်ကန်၊ ကြောင်းကျိုးညီ၊ တရားသည့်ဘက်မှ ရပ်နိုင်မှသာ တက်ကြွ၍ ဘက်မလိုက်သော သဘောဆောင်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် လတ်တလောအခင်းအကျင်းတွင် သံခင်းတမန်ခင်းနှင့်ဆက်စပ်၍ ဘက်လိုက်မှု ကင်းကင်း၊ လွတ်လပ်တက်ကြွစွာ ရပ်တည်နေပါသလားဟု မေးခွန်းထုတ်မည်ဆိုလျှင် ငြင်းကြခုန်ကြရဦးမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။
နိုင်ငံတကာသံခင်းတမန်ခင်းတွင် မြန်မာနိုင်ငံသည် ဘက်မလိုက်ရပ်တည်၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများနှင့် ဟန်ချက်ညီညီ ရှေ့ခရီးဆက်နေသည်မှာ နှစ်ပေါင်း ၇၀ နီးနီး ရှိပြီဖြစ်သည်။ သံခင်း တမန်ခင်းသမိုင်းမှတ်တမ်း၊ မှတ်ရာများကို ပြန်ပြောင်းလှန်လှော ဆန်းစစ်မည်ဆိုလျှင် ယခုကာလသည် အကျပ်တည်းဆုံး၊ အခက်ခဲဆုံး၊ ပြဿနာအများဆုံးဟု ဆိုရမည်ဖြစ်သည်။ အနာသိလျှင် ဆေးရှိမည်ဆိုသည့်အလျောက် အနာသိဖို့ ဦးစွာအားထုတ်ရမည်ဖြစ်ပြီး အနာနှင့်ဆေးတွေ့ဖို့ကိုလည်း ရှေးရှုရမည်ဖြစ်သည်။ နိုင်ငံအချင်းချင်းအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းနေသည်ဟု ဆိုလင့်ကစား ကိုယ့်နိုင်ငံထဲက တိုင်းရင်းသားလူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ ခက်ခဲလွန်းနေသည်နှင့် စပ်လျဉ်း၍ မေးခွန်း ထုတ်မည်ဆိုလျှင် ထုတ်ဖို့ကောင်းသော မေးခွန်းပင်ဖြစ်သည်။
ခေတ်ပြိုင် နိုင်ငံတကာသံခင်းတမန်ခင်းတွင် မြန်မာနိုင်ငံအနေဖြင့် စိန်ခေါ်မှုများ၊ အကျပ်အတည်းများ၊ ဖိအားများလျှော့ချနိုင်ရေးကို ဗျူဟာမြောက် ဖော်ဆောင်နိုင်ဖို့ လိုအပ်နေဆဲဖြစ်သည်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံရေးကို ဦးတည်ရည်မှန်းချက်ထားနိုင်ရန် အရေးကြီးမည်ဖြစ်သည်။ နေပြည်တော်အနေဖြင့် နိုင်ငံခြားရေး မူဝါဒနှင့်အညီ ရေတိုနှင့် ရေရှည်ကာလ သတ်မှတ်၍ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ အစီအစဉ်များ၊ စီမံချက်များ၊ ဗျူဟာများကို ညှိနှိုင်းဆွေးနွေးချမှတ်ပြီး ဆောလျင်စွာဖော်ဆောင်နိုင်ရေး ဦးတည်သင့်သည်။ သံခင်း တမန်ခင်း ခြေလှမ်းတိုင်းသည် ဒီမိုကရေစီခေတ်တွင် လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတရည်တူမှု၊ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှု၊ သူနိုင်ကိုယ်နိုင်ဖြစ်မှုတို့ကို ရည်မှန်းချက်ပြုနိုင်ရန် အရေးကြီးသကဲ့သို့ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒနှင့် စဉ်ဆက်မပြတ် ချိန်ထိုးနိုင်ရန်လည်း ပဓာနကျမည်ဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု အစီအစဉ်သည် ပေကျင်း၏ နိုင်ငံခြားရေးမူဝါဒနှင့် ဗျူဟာမြောက် ဆက်စပ်နေသည်။ သမုဒ္ဒရာနှစ်စင်း မူဝါဒ၊ အနောက်ဖက်ဒေသ ဖွံ့ဖြိုးရေးမဟာ ဗျူဟာ၊ အိမ်နီးချင်းကောင်းမူဝါဒတို့သည် ပေကျင်း၏ သံခင်းတမန်ခင်းမူဝါဒ၊ ဗျူဟာများဖြစ်ပြီး ၀ါရှင်တန်၏ အင်ဒိုပစိဖိတ်မူဝါဒ၊ နယူးဒေလီ၏ အရှေ့ဖော်မူဝါဒ စသည်တို့သည် မြန်မာနိုင်ငံ၏ သံခင်းတမန်ခင်းနှင့် ဆက်စပ်နေသော အခင်းအကျင်းများပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် သံခင်းတမန်ခင်း နှင့်ပတ်သက်၍ မည်သည့်မူဝါဒ၊ မည်သည့် ဗျူဟာ၊ မည်သည့်နည်းနာတို့ကို နိုင်ငံခြားရေးမူဝါဒနှင့် ဟန်ချက်ညီညီကျင့်သုံး၊ ဖော်ဆောင်ဖို့ ပြင်ဆင်နေသနည်းဟု မေးခွန်းထုတ်မည်ဆိုလျှင် စိတ်ဝင်စားကြမည် ဖြစ်သည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူများနှင့်အညီ လွတ်လပ်တက်ကြွ၍ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးရာတွင် အကြောင်းအရာအလိုက်၊ နေရာဒေသအလိုက်၊ အခွင့်အလမ်းအလိုက် သီးခြားမူဝါဒများ၊ သီးခြားဗျူဟာများကို ရေရှည်အမြင်ရှိရှိ ချမှတ်ဖော်ဆောင်နိုင်ရန် မဖြစ်မနေ လိုအပ်လျက်ရှိသည်။
အချုပ်ဆိုသော် ဒဏ်ရာဒဏ်ချက်များ၊ အနာများ၊ အမာရွတ်များ ပြည့်နက်နေသည့် လက်ငင်း သံခင်းတမန်ခင်းကို နိုင်ငံခြားရေး မူဝါဒဘောင်ထဲမှ အမြော်အမြင်ရှိရှိ ချင့်ချင့် ချိန်ချိန် ပြုပြင်ပြောင်းလဲ ရုပ်လုံးဖော်နိုင်မှသာ သံခင်းတမန်ခင်းအနာနှင့် ဆေး တွေ့နိုင်မည်ဖြစ်သည်။ သံခင်းတမန်ခင်းပုံစံသစ်၊ သံခင်းတမန်ခင်း အမြင်သစ်နှင့် အခင်းအကျင်းသစ်တို့သည် ရှေ့တန်းရောက်လာပြီး လေးနှစ်တာနှင့် ကိုးနှစ်တာ သံခင်းတမန်ခင်းတို့ကို ကျောသားရင်သား မခွဲမခြားပြန်အကဲဖြတ်ဖို့ ဆော်သြရမည်ဖြစ်သည်။ မြန်မာ့သံခင်း တမန်ခင်းကို စေ့စေ့စပ်စပ် အကဲဖြတ်ဆန်းစစ်၍ အကျပ်အတည်းများ၊ စိန်ခေါ်မှုများနှင့် ပြဿနာများအား အဆောတလျင် ဖော်ထုတ်ပြီး အနာနှင့် ဆေးတွေ့ဖို့၊ အနာနှင့် ဆေးမလွဲဖို့၊ ဘေးမဖြစ်ဘဲ ဆေးဖြစ်ဖို့စသည့် မျှော်ရည်မှန်းချက်များနှင့်အတူ ပြိုင်တူတွန်း ဖော်ဆောင်နိုင်ရေး စိုင်းပြင်းသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။










