မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်၌ သစ်သီးကားများ အဝင်ရှိသော်လည်း တရုတ်နိုင်ငံအတွင်း ကူးစက်ဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် ဆက်သွယ်မှုလမ်းကြောင်းများ ဖြတ်တောက်ထားသည့်အတွက် တရုတ်နိုင်ငံဘက်မှ လာရောက်ဝယ်ယူသူ နည်းပါးနေ

မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်၌ သစ်သီးကားများ အဝင်ရှိသော်လည်း တရုတ်နိုင်ငံအတွင်း ကူးစက်ဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် ဆက်သွယ်မှုလမ်းကြောင်းများ ဖြတ်တောက်ထားသည့်အတွက် တရုတ်နိုင်ငံဘက်မှ လာရောက်ဝယ်ယူသူ နည်းပါးနေ
မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံစျေးကွက် အတွင်းသို့ ရောက်ရှိလာသည့် သစ်သီးတင်ယာဉ်များအား ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက တွေ့ရစဉ်
မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံစျေးကွက် အတွင်းသို့ ရောက်ရှိလာသည့် သစ်သီးတင်ယာဉ်များအား ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက တွေ့ရစဉ်
Published 29 January 2020
ထွန်းနေလှိုင် (နောင်ပိန်)



ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံစျေးကွက် အတွင်းသို့ ဖရဲ၊ သခွားတင်ယာဉ်များ ဝင်ရောက်မှုရှိနေသော်လည်း တရုတ်ဘက်မှ သစ်သီးလာရောက်ဝယ်ယူသူ နည်းပါးနေခြင်းကြောင့် သစ်သီးအရောင်းအဝယ်စျေးကွက် အေးလျက်ရှိနေကြောင်း သိရသည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံအတွင်း ကူးစက်ဗိုင်းရပ်စ် ပျံ့နှံ့နေမှုများကြောင့် တစ်မြို့နှင့်တစ်မြို့ ဆက်သွယ်မှု လမ်းကြောင်းများ ဖြတ်တောက်ထားရာ မြန်မာနိုင်ငံအတွင်းမှ သစ်သီးများအား လာရောက်ဝယ်ယူကာ တရုတ်နိုင်ငံ အတွင်းသို့ ပို့ဆောင်ရောင်းဝယ် နေကြသည့် တရုတ်သစ်သီး ကုန်သည်များ လာရောက်နိုင်မှု အလွန်နည်းနေကြောင်း သိရသည်။

“တရုတ်ပြည်မှာက မြို့တိုင်းမြို့တိုင်း မြို့ပျက်ကြီးလိုဖြစ်နေပြီး လူတွေက အပြင်မထွက်ကြတော့ဘူး။ အရောင်းအဝယ်လည်း ပျက်ကုန်ပြီပေါ့။ တရုတ်ပြည်က ထုတ်ပြန်ထားတဲ့ အချက်တွေမှာလည်း လူစုလူဝေး နေရာတွေ မသွားခိုင်းဘူး။ စျေးဆိုင်တွေဆီလည်း သွားတဲ့လူ မရှိတော့ဘူးဆိုတော့ အရောင်းအဝယ်တွေ အကုန်ရပ်နားသွားတာပေါ့။ အရောင်းအဝယ်အနေနဲ့ ၁၀၅ မိုင်မှာတော့ တရားဝင်ဖွင့်လှစ် ရောင်းချနေတုန်းပဲ။ နယ်စပ်တွေမှာ ဂိတ်တွေမှာတော့ ပိတ်ပင်ခြင်း မရှိပါဘူး။ ဒါပေမဲ့ ဝယ်တဲ့သူက သူလည်း မရောင်းရတော့ သူလည်းလာ မဝယ်တော့ဘူးလေ” ဟု မူဆယ် ၁၀၅ မိုင် သစ်သီး ဝလံကုန်စည်ဒိုင်မှ ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ်က ပြောကြားသည်။

၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် အတွင်းရှိ သစ်သီးစျေးကွက် အတွင်းသို့ ဇန်နဝါရီ ၂၇ ရက်က ဖရဲသီးတင်ယာဉ် ၁၉၅ စီး၊ သခွားမွှေးတင်ယာဉ် ၃၅ စီး ဝင်ရောက်ခဲ့သော်လည်း ဖရဲ ၁၉၅ စီးနှင့် သခွား၂၉ စီးသာ အရောင်းအဝယ် ဖြစ်ခဲ့ကာ ၉၇ စီးမှာ သစ်သီးကွင်းတွင် နောက်ရက်တွင် ရောင်းချနိုင်ရန် စောင့်ဆိုင်းနေရဆဲ ဖြစ်ကြောင်း သိရသည်။

“ပြည်ကြီးထဲက တရုတ်ဝယ်လက်တွေက ဒီဘက်ကို မလာဝယ်နိုင်ဘူးလေ။ သစ်သီးကားတွေ လက်ကျန် ကားစီးရေ များနေတယ်။ အခုလောလောဆယ် တရုတ်နိုင်ငံထဲက ဝယ်လက်တွေက ဒီအနီးအနားက တယ်ဟုန်ပြည်နယ် ဘက်ကလောက်ပဲ လာဝယ်ကြတယ်” ဟု မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးကုန်သည် တစ်ဦးက ပြောကြားသည်။

“တရုတ်ဝယ်လက်တွေက လာတော့လာတယ်။ ဒါပေမဲ့ သိပ်တော့မရောင်းရဘူး။ သူတို့ဘက် စျေးကွက်က မရှိတော့ သိပ်မရောင်းရတော့တဲ့ သဘောပေါ့။ နှစ်ကူးမပိတ်ခင် ယွမ်လေးသောင်းငါးသောင်းရတဲ့ အသီးတွေက မနက်ကရောင်းတာ ယွမ်နှစ်သောင်းလောက်ပဲ ရတော့တယ်။ တရုတ်မှာက ပြည်နယ်တစ်ခုနဲ့ တစ်ခုက သွားလို့မရဘူး။ ဝူဟန်ဗိုင်းရပ်ကြောင့် တရုတ်မှာ အသွားအလာတွေ ကန့်သတ်ထားတဲ့အတွက် ကုန်စည်တင်ပို့ ရောင်းချမှုတွေ အခက်အခဲ ဖြစ်နေတယ်။ မြန်မာပြည်က ဖရဲသီး၊ သခွားမွှေးတင်ပို့ ရောင်းချတဲ့သူတွေ နစ်နာဆုံးရှုံးမှုတွေ မဖြစ်ပေါ်စေဖို့ တရုတ်ဘက်က ရောဂါကို ထိန်းချုပ်နိုင်ပြီး အခြေအနေ တည်ငြိမ်တဲ့အထိ စောင့်ဆိုင်းပြီးမှ သစ်သီးတွေ ပို့ကြဖို့ နှိုးဆော်တဲ့စာကိုလည်း ဒီနေ့ပဲ ထုတ်ပြန်ထားပါတယ်” ဟု မူဆယ် ၁၀၅ -မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံ ကုန်စည်ဒိုင်မှ ဒေါ်ရီရီခိုင်က ပြောကြားသည်။

ဇန်နဝါရီလ ၂၈ ရက် နံနက်ပိုင်းတွင် သစ်သီးအရောင်းကွင်း အတွင်းသို့ ဖရဲ၊ သခွား တင်ယာဉ် ၃၃၉ စီး ဝင်ရောက် ရောင်းချခဲ့သော်လည်း ၂၄၁ စီးသာ ရောင်းချခဲ့ရပြီး စျေးရရှိမှုမှာ တရုတ်နှစ်သစ်ကူး မတိုင်မီ စျေးထက် သုံးပုံးနှစ်ပုံခန့်သာ စျေးရရှိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent