၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၂၄ ရက်အထိ လေးလအတွင်း အထူးစီးပွားရေးဇုန် ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံရန် ဒေါ်လာ ၇၆ သန်းကျော် ခွင့်ပြုပေးခဲ့မှုအပါအဝင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၂ ဒသမ ၁၅၆ ဘီလျံကျော်အထိ ဝင်ရောက်မြှုပ်နှံရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC က ခွင့်ပြုပေးလိုက်သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၀) ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၄ ရက်က ရန်ကုန်မြို့ သစ္စာလမ်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၂၇ ရက်က ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးကာလအတွင်း စုစုပေါင်းလုပ်ငန်း ၂၃ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာ ၄၃၃ ဒသမ ၈၀၃ သန်းကို ခွင့်ပြု၊ အတည်ပြုပေးခဲ့သည်။ အဆိုပါလုပ်ငန်းများမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၁၉၅၁ ဦးကို ဖန်တီးပေးမည်ဖြစ်သည်။ ခွင့်ပြု၊ အတည်ပြုလုပ်ငန်း ၂၃ ခုမှာ လျှပ်စစ်ကဏ္ဍမှ နှစ်ခု၊ အိမ်ရာအဆောက်အဦကဏ္ဍမှ တစ်ခု၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍမှ တစ်ခုနှင့်စက်မှုကဏ္ဍမှ ၁၉ ခုဖြစ်သည်။
လက်ရှိအောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၂၄ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုအတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀၀ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာ ၁၈၃၁ ဒသမ ၁၈၃ သန်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၂၀၈၀ ဒသမ ၀၆၅ သန်းဖြစ်သည်။
အထူးစီးပွားရေးဇုန်ဥပဒေအရ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် လေးလအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၇၆ ဒသမ ၁၄၀ သန်းဖြစ်သည်။ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၂၄ ရက်အထိ စုစုပေါင်းနိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏဒေါ်လာ ၂ ဒသမ ၁၅၆ ဘီလျံ (ဒေါ်လာ၂၁၅၆ ဒသမ၂၀၅ သန်း) ဖြစ်သည်။
၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာလကုန်အထိ သုံးလအတွင်း မြန်မာနိုင်ငံတွင် နိုင်ငံပေါင်း ၁၆ နိုင်ငံက ဒေါ်လာ ၁ ဒသမ ၁၆၄ ဘီလျံကျော် လာရောက်ရင်းနှီးမြှုပ်နှံထားကြပြီး ဟောင်ကောင်က ဒေါ်လာ ၈၂၄ သန်းကျော်ဖြင့် နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုစာရင်း၌ ထိပ်ဆုံးမှ ရပ်တည်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ယခင်က နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှု စာရင်း၌ ထိပ်ဆုံးမှရပ်တည်ခဲ့သည့် စင်ကာပူက သုံးလအတွင်း ဒေါ်လာ ၁၆၆ ဒသမ ၈၁၈ သန်းဖြင့် ဒုတိယနေရာတွင်သာ ရပ်တည်နေသည်။ သုံးလအတွင်း တရုတ်နိုင်ငံက ဒေါ်လာ ၆၃ ဒသမ ၂၂၂ သန်း၊ ထိုင်းနိုင်ငံက ဒေါ်လာ ၁၄ ဒသမ ၄၈၃ သန်း၊ ဘရူနိုင်းနိုင်ငံက ဒေါ်လာ ၁၂ ဒသမ ၆၃၉ သန်း၊ ပြင်သစ်နိုင်ငံက ဒေါ်လာ ၈၁၄ သိန်း၊ ဂျာမနီနိုင်ငံက ဒေါ်လာ ၁ ဒသမ ၅၄ သန်း စသည်ဖြင့် မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။










