ဘဏ္ဍာနှစ် သုံးလခွဲကျော်တွင် ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၅ ဒသမ ၄ ဘီလျံကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံကျော် ပိုမိုရရှိ

ဘဏ္ဍာနှစ် သုံးလခွဲကျော်တွင် ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၅ ဒသမ ၄ ဘီလျံကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံကျော် ပိုမိုရရှိ
Published 25 January 2020

 

လက်ရှိဘဏ္ဍာနှစ် သုံးလခွဲကျော်တွင် ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၅ ဒသမ ၄ ဘီလျံကျော်အထိ ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၁၇ ရက်အထိ ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၅ ဒသမ ၄၃၅ ဘီလျံရရှိထားပြီး ယခင်နှစ်ကာလတူတွင် ဒေါ်လာ ၄ ဒသမ ၂၈၄ ဘီလျံသာရရှိထားသည်။ ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် သုံးလခွဲကျော်တွင် ပြည်ပသို့ ပို့ကုန်တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၁၅၁ ဘီလျံအထိ ပိုမိုတင်ပို့ထားနိုင်ခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP) နှင့် အခြားကုန်စည်များ စသည်တို့ကို အဓိက တင်ပို့နေခြင်းဖြစ်သည်။

လက်ရှိ NLD အစိုးရသစ်လက်ထက်တွင် ပို့ကုန်သုံးဆ မြှင့်တင်နိုင်ရေးရည်မှန်းထားပြီး လက်ရှိအခြေအနေတွင် ပို့ကုန်တင်ပို့မှုမှာ ၂၀၁၅ ခုနှစ်ထက် နှစ်ဆတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်း/ပြည်ပ ကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရန်ဖြစ်ပြီး အဓိကရည်မှန်းချက်မှာ ပို့ကုန်မြှင့်တင်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေရန်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ယခင်နှစ်နည်းတူ ကုန်သွယ်မှုလိုငွေပမာဏ ဒေါ်လာသန်း ၅၀၀ သာရှိစေရန် မျှော်မှန်းထားသော်လည်း လက်တွေ့လုပ်ကိုင်ရာ၌ အခက်အခဲများ ရှိနေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုလိုငွေပြမှုများ လျော့နည်းစေရန်နှင့် ကုန်သွယ်မှုပိုငွေ ဖြစ်ပေါ်လာစေရန်အတွက် ပို့ကုန်ဖွံ့ဖြိုး တိုးတက်ရန် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ ချမှတ်ခြင်း၊ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ခြင်း၊ ပုဂ္ဂလိက ကဏ္ဍအား အားပေးခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ တင်ပို့နိုင်ရေးအားပေးခြင်း၊ GSP ကဲ့သို့ ပို့ကုန်ဆိုင်ရာ အခွန်သက်သာခွင့်ရရှိပြီး လုပ်ငန်းရှင်များပို့ကုန်စျေးကွက် တိုးချဲ့တင်ပို့နိုင်ရေးကိစ္စများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၄ ဒသမ ၉၇၉ ဘီလျံအထိရရှိခဲ့ပြီး ခန့်မှန်းလျာထားချက်ထက် ဒေါ်လာ ၃ ဒသမ ၈ ဘီ လျံကျော်အထိ ပိုမိုရရှိခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ  သိရသည်။

 

Most Read

Most Recent