နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွင် ဆက်လက်ဆွေးနွေးရန် အချက်သုံးချက် ကျန်ရှိပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (SOP) အား UPDJC အတည်ပြု

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွင် ဆက်လက်ဆွေးနွေးရန် အချက်သုံးချက် ကျန်ရှိပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (SOP) အား UPDJC အတည်ပြု
Published 26 November 2017

(၁၃) ကြိမ်မြောက် UPDJC အစည်းအဝေးကို နေပြည်တော်တွင် နိုဝင်ဘာ ၂၄ ရက်က ပြုလုပ်စဉ်

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွင် ဆက်လက်ဆွေးနွေးရန် အချက်သုံးချက်ကျန်ရှိပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (SOP) အား (၁၃) ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) က အတည်ပြုနိုင်ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

(၁၃) ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို နိုဝင်ဘာ ၂၄ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“Framework (နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်)၊ ToR (လုပ်ငန်းလမ်းညွှန်) ငါးခု၊ SOP (လုပ်ထုံးလုပ်နည်း) တစ်ခု၊ အားလုံးပေါင်း ခုနစ်မျိုးပေါ့။ တချို့အားလုံးနီးပါး အတည်ပြုနိုင်ခဲ့တယ်။ တချို့အပိုင်းတွေမှာတော့ ကျွန်တော်တို့ ဆက်လက်ဆွေးနွေးဖို့ မူဘောင်မှာ သုံးချက်ကျန်တယ်။ ကျန်တဲ့အပိုင်းတွေက ကြီးကြီးမားမားမဟုတ်ဘူး။ သက်ဆိုင်ရာအစုအဖွဲ့နဲ့ ပြန်ဆွေးနွေးရမယ့်ဟာကတစ်ခု။ နောက်အစုအဖွဲ့နှစ်ဖွဲ့ကြားပြန်ပြီးတော့ အလွတ်သဘော ဆက်လက်ဆွေးနွေးရမယ့်ကိစ္စတွေက တစ်ခုပေါ့။ အဲ့ဒါနဲ့ ကျွန်တော်တို့က မပြတ်သေးတာ” ဟု ဦးဇော်ဌေးက ပြောကြားသည်။

အဆိုပါမူဘောင်တွင် ဆွေးနွေးရန် ကျန်ရှိသည့်အချက်များပေါ်မူတည်၍ လုပ်ငန်းလမ်းညွှန် (ToR) များရေးဆွဲရသောကြောင့် လုပ်ငန်းလမ်းညွှန်သည် ငါးခုရှိကြောင်း ၎င်းက ပြောကြားသည်။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွင် ဆွေးနွေးရန်ကျန်ရှိသည့် သုံးချက်အနက် အကြောင်းအရာတူသည့်နှစ်ချက်မှာ အခြေခံမူတွင်လည်းကောင်း၊ ဆွေးနွေးရမည့်ကဏ္ဍအလိုက် ခေါင်းစဉ်များအောက်တွင်လည်းကောင်း၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးနှင့် ပတ်သက်သည့်ကိစ္စအား ထည့်သွင်းရန်ဖြစ်ကြောင်းနှင့် ကျန်တစ်ချက်မှာ ပြည်ထောင်စုသဘောတူစာချုပ်ကို လွှတ်တော်တင်သည့်အပိုင်းဖြစ်ကြောင်း ဦးဇော်ဌေး၏ ပြောကြားချက်အရ သိရသည်။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်သည် စိတ်ကူးဖြင့်ရေးဆွဲခဲ့ခြင်းဖြစ်သဖြင့် လက်တွေ့နိုင်ငံရေးဆွေးနွေးပွဲ စတင်ကျင်းပသည့်အခါ အဆင်ပြေသည်များရှိသကဲ့သို့ အဆင်မပြေသည့် အချက်များလည်းရှိသောကြောင့် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့အလိုက် ပြန်လည်သုံးသပ်မှုများပြုလုပ်ကာ ယခုကဲ့သို့ ပြင်ဆင်ခြင်းဖြစ်သဖြင့် လက်တွေ့အလုပ်ဖြစ်သည့် မူဘောင်ဖြစ်လာသောကြောင့် ထူးခြားမှုရရှိလာကြောင်း ဦးဇော်ဌေးက ဆိုသည်။

“အဓိကအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ SOP ဆိုတာ တစ်ပုံစံတည်းဖြစ်ရမယ်။ SOP ဆိုတာ ဘယ်သူကဘာလုပ်ရမယ်။ ဘယ်လိုလုပ်ရမယ်။ ဘယ်နှရက်အတွင်း အကြောင်းပြန်ရမယ်။ ဘယ်နှရက်အတွင်း ဘာတွေလုပ်ပေးရမယ်။ ဒီလုပ်ငန်း၊ ဒီလုပ်ငန်းလုပ်ပေးရမယ်။ တိတိကျကျလုပ်ထားတဲ့အတွက် အငြင်းပွားဖွယ်မရှိတော့ဘူးပေါ့။ နောက်ထပ်လည်း ကျွန်တော်တို့ဒီအစည်းအဝေးမှာ သဘောထားတွေဖော်ထုတ်တဲ့အခါမှာ တခြားသောလုပ်ငန်းစဉ်တွေမှာ တိကျတဲ့လုပ်ထုံးလုပ်နည်း ရှိဖို့လိုတယ်ဆိုပြီး နောက်ပိုင်းမှာတော့ ကျွန်တော်တို့ တိုးမြှင့်ဆောင်ရွက်သွားရမယ်။ အဲဒီတော့ ဘာထူးခြားလာလဲဆိုတော့ လက်တွေ့ကျတဲ့အတွေ့အကြုံတွေ အပေါ်အခြေခံပြီး တကယ်အလုပ်ဖြစ်တဲ့ မူဘောင်တစ်ခုပေါ့နော်။ ကျွန်တော်တို့ရေးဆွဲနိုင်ခဲ့တဲ့ ကျန်တဲ့ ToR တွေလည်းအလားတူပဲ၊ SOP တွေလည်းအလားတူပဲ” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ယခင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် ခွင့်ပြုရာတွင် UPDJC က ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ UPDJC က ကျင်းပခွင့်သဘောတူသော်လည်း ကျင်းပမည့်နေရာအား ဒုတိယဥက္ကဋ္ဌများက ညှိနှိုင်းကာခွင့်ပြုခြင်း၊ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ခေါင်းဆောင်ပိုင်းအချင်းချင်း နားလည်မှုယူကာ သဘောတူညီခွင့်ပြုခြင်း စသည့်နည်းလမ်းသုံးမျိုးဖြင့် ပြုလုပ်ခဲ့သဖြင့် တစ်ပုံစံတည်းဖြစ်ရန် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (SOP) ကို အပြီးသတ်အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့ရာတွင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပခွင့်နေရာ အငြင်းပွားနေသည့် ရှမ်းနှင့် ကျင်းပခွင့်မရသေးသော ရခိုင်ကိစ္စရပ်များအား ယခု UPDJC အစည်းအဝေးတွင် ဆွေးနွေးခဲ့ခြင်းမရှိကြောင်း သိရသည်။

Most Read

Most Recent