ဘိန်းစာရွက်ပြုတ်ရည် ရောင်းချသည့် မြန်မာလုပ်သား တစ်ဦးနှင့် ထိုင်းနိုင်ငံသား တစ်ဦးအား ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

ဘိန်းစာရွက်ပြုတ်ရည် ရောင်းချသည့် မြန်မာလုပ်သား တစ်ဦးနှင့် ထိုင်းနိုင်ငံသား တစ်ဦးအား ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး
ဓာတ်ပုံ - Labour Hatti
ဓာတ်ပုံ - Labour Hatti
Published 24 January 2020
ကိုရွှေသိန်း (မြဝတီ)

ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်ရှိ အိမ်ရာတိုက်ခန်း တစ်ခုအတွင်း ဘိန်းစာရွက်ပြုတ် ရည်ရောင်းချသူ မြန်မာနိုင်ငံသား တစ်ဦးနှင့် ထိုင်းနိုင်ငံသား တစ်ဦးတို့ကို ဇန်နဝါရီ ၂၂ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မီ(င်) နယ်မြေ ထားကျင်ရပ်ကွက် အေးအာထွန်အိမ်ရာ တိုက်အမှတ်(၁၂) ပထမထပ် အခန်းအမှတ် (၁၁၄/၅) တွင် ဘိန်းစာရွက်ပြုတ်ရည် ရောင်းချနေကြောင်း သတင်းအရ ထိုင်းရဲတပ်ဖွဲ့ အပါအဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဇန်နဝါရီ ၂၂ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် သွားရောက် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးစဉ် အခန်းအတွင်း ဘိန်းစာရွက်ပြုတ်သည့်အိုး၊ ဂက်စ်အိုး၊ ဘိန်းစာရွက် အမြောက်အမြား ထည့်ထားသည့်ခြင်းများ၊ ပြုတ်ပြီးသားအရည် ၁ ဒသမ၂၅ လီတာရှိ ပုလင်း ၁၂ ပုလင်း၊ အချိုရည် လေးပုလင်း၊ ဘိန်းစာရွက် သုံးကီလိုဂရမ်ရှိ ၆၁၈ ရွက်နှင့် ပြစ်မှုကျူးလွန် သူ ထိုင်းနိုင်ငံသူ Mrs. Mayurat Natthabdeekun (၃၈ နှစ်)၊ မြန်မာအလုပ်သမား ကိုစပ်ချိုင် (၃၂ နှစ်) တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသား ကိုစပ်ချိုင်မှာ အလုပ်သမား တစ်ဦးဖြစ်ပြီး အဆိုပါ ဘိန်းစာရွက်ပြုတ်ရည်များကို မြန်မာရွှေ့ပြောင်းလုပ်သားများကို ပြန်လည်ရောင်းချသူ ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ဘိန်းစာရွက်သုံးစွဲ ခြင်းနှင့်ပတ်သက်၍ အလုပ်သမားအရေး ဆောင်ရွက်နေသူ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က ထိုင်းဥပဒေအရ မည်သည့်ထိုင်းနိုင်ငံသားမဆို လွတ်လပ်စွာ သုံးစွဲခွင့်ရှိတဲ့ ဘိန်းစာရွက်၊ ဆေးခြောက်ပင်ကို ထိုင်းလူငယ် မောင်မယ်တွေကြားထဲမှာ မလိုလားအပ်တဲ့ လိင်မှုကိစ္စတွေ၊ မုဒိမ်းမှုတွေ တိုးပွားလာတဲ့အတွက် ဟောဒီ ဘိန်းစာရွက် ဘိန်းစာပင်တွေ သုံးစွဲရောင်းချမှုကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလဆန်း ကတည်းကစပြီး ပြန်လည်ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့နှစ်ဦးမှာ ဘိန်းစာရွက်များကို ကိုယ်တိုင်ပြုတ်၍ မြန်မာအလုပ်သမားများကို ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သဖြင့် ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန် စမွတ်ဆာခွန် ရဲစခန်းသို့ ခေါ်ယူစစ်ဆေးလျက် ရှိသည်ဟု ထိုင်းနိုင်ငံဘက်မှလာသော သတင်းများအရ သိရသည်။

 

Most Read

Most Recent