စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့ အောင်ချမ်းသာရပ်တွင် နေထိုင်သော ဦးဇော်လင်း(ခ) ဦးဇော်မြင့်လင်းမှာ ဌာနဆိုင်ရာအဖွဲ့အစည်းများကို တိုင်ကြားမှုမကြာခဏပြုလုပ်ခြင်း၊ ရပ်ကွက်အတွင်း အေးချမ်းသာယာရေး ပျက်ပြားစေသည့်လုပ်ရပ် များပြုလုပ်သည်ဟုဆိုကာ ခြေချုပ်နှင့်ခံဝန်ပုဒ်မများဖြင့် တရားစွဲခံခဲ့ရပြီး အမှုရင်ဆိုင်ခဲ့ရ သည့်အတွက် နစ်နာမှုများအားရှင်းလင်းတင်ပြခြင်း သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၁၃ ရက်က မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည်။
ဦးဇော်မြင့်လင်း(ခေါ်)ဦးဇော်လင်းသည် ၎င်းနေထိုင်သည့်ခြံဝင်းအတွင်း လာရောက် နေထိုင်သူများနှင့် မိသားစုဝင်များ ပြဿနာ ဖြစ်ပွားကာ ယင်းအပေါ်အခြေခံ၍ နှစ်ဖက် အပြန်အလှန်တိုင်ကြားမှုများပြုလုပ်ခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်မှုမရှိ သည့်ကိစ္စများကို နိုင်ငံတော်အဆင့်အထိတိုင် ကြားမှုများပြုလုပ်ခဲ့ပြီးနောက် ခြေချုပ်နှင့်ခံ ဝန်ဥပဒေပုဒ်မ ၅၁(စ)(ဆ)နှင့် ဖမ်းဆီးတရား စွဲဆိုခံခဲ့ရကာ တစ်လကျော်ကြာ ဖမ်းဆီးခံအ မှုရင်ဆိုင်ခဲ့ရပြီး ၂၀၁၉ ဒီဇင်ဘာ ၂၀ ရက်တွင် တစ်နှစ်ခံဝန်ကတိဖြင့်နေထိုင်ရန် အမိန့်ချ မှတ်လွတ်မြောက်ခဲ့ကြောင်း သိရသည်။
“ဖြစ်စဉ်က ပထမဦးဆုံး ကျွန်တော့်ဇနီးနဲ့ သားသမီးတွေကို တစ်ဖက်အိမ်က ပုဒ်မ၄၅၂ အမှုဖွင့်တယ်။ ဒါကိုကျူးလွန်ခဲ့ခြင်း မရှိကြောင်း သက်ဆိုင်ရာမှာ သွားဖြေရှင်းတဲ့အခါ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ပေးခြင်းမရှိဘဲ ဘက်လိုက်ဆောင်ရွက်တဲ့ကိစ္စတွေကို ဌာနဆိုင်ရာအသီးသီးကို တိုင်ကြားခဲ့တယ်။ တိုင်ကြားတဲ့အတွက် အရေးယူခံခဲ့ရတဲ့အရာရှိတွေ ရှိခဲ့တယ်။ ဒီလိုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အထက်ကညွှန်ကြားချက်အရလို့ဆိုကာ ကျွန်တော့်ကို ၅၁(စ)(ဆ) ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၀ ရက်နေ့ကမှ အမိန့်ချပြီး တစ်နှစ်ခံဝန်နဲ့ လွှတ်ခဲ့တာပါ။ ကနဦးစွဲဆိုခံ ထားရတဲ့အမှုကိုလည်း ကျွန်တော့်သားသမီး တွေက ကျူးလွန်ခဲ့ခြင်းမရှိဘဲ အမှုရင်ဆိုင်နေ ရပါတယ်။ ဒီနိုင်ငံသားဖြစ်တဲ့အတွက် နိုင်ငံသားအခွင့်အရေးကို အပြည့်အဝရချင်ပါတယ်။ အခုလိုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့တွေနဲ့ စစ်ဆေးပြီးထိရောက်တဲ့အရေးယူမှုတွေ ပြုလုပ်ပေးစေလိုပါတယ်” ဟု ဦးဇော်မြင့်လင်းက ပြောကြားသည်။
ဦးဇော်မြင့်လင်းအား ခြေချုပ်နှင့်ခံဝန်ဥပဒေ ပုဒ်မ ၅၁(စ)(ဆ) နှင့် ဖမ်းဆီးတရားစွဲဆို ရာတွင် ရပ်ကွက်နေ ပြည်သူ ၅၀ ကျော်၏ လက်မှတ်များဖြင့် တိုင်ကြားခဲ့သည်ဟုဆို သော်လည်း ယင်းလက်မှတ်များမှာ အစည်းအဝေးတက်ကြောင်း လက်မှတ်များသာဖြစ်ပြီး ဖမ်းဆီးချုပ်နှောင် အမှုရင်ဆိုင်စဉ်တွင်လည်း ကျန်းမာရေးချို့ယွင်းမှုများအတွက် ဆေးဝါး ကုသခွင့်များမရခဲ့ကြောင်း နစ်နာသူမိသားစုဝင်များက ပြောကြားသည်။















