ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပခဲ့သော ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲ၌ တရားဝင် ထုတ်ပြန်ခဲ့သောရလဒ်များအရ လက်ရှိသမ္မတ ဆန်အင်းဝမ်က ထောက်ခံမဲ ၅၇ ရာခိုင်နှုန်းရရှိပြီး ဒုတိယမြောက်သက်တမ်းအတွက် အပြတ်အသတ်အနိုင်ရခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။ ဆန်သည် ထောက်ခံမဲ ၈.၂ သန်းအထိ စံချိန်တင်ရရှိခဲ့ပြီး ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် ရရှိခဲ့သော ထောက်ခံမဲအရေအတွက်ထက် ၁.၃ သန်းကျော် ပိုမိုရရှိခဲ့ခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။
၎င်း၏အနီးဆုံးပြိုင်ဘက်ဖြစ်သူ တရုတ်လိုလားသည့် အတိုက်အခံကူမင်တန်ပါတီမှ ကိုယ်စားလှယ်လောင်း ဟန်ကူယွီက ထောက်ခံမဲ ၃၉ ရာခိုင်နှုန်းရရှိခဲ့ပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဂျိမ်းစ်ဆောင်းက ထောက်ခံမဲ လေးရာခိုင်နှုန်းရရှိခဲ့သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းစုအား အထီးကျန်စေရန် ပေကျင်း၏ ကြိုးပမ်းမှုအား ထိုင်ဝမ်မဲဆန္ဒရှင်များက ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြပြီး ထိုင်ဝမ်၏ ပထမဆုံး အမျိုးသမီးခေါင်းဆောင်အား ဒုတိယမြောက်သက်တမ်းအတွက် ရွေးချယ်ခဲ့ကြသည်။ ထိုင်ဝမ်သည် ၎င်းတို့၏ လွတ်လပ်ပြီး ဒီမိုကရေစီ နည်းကျသောဘဝအား မည်မျှတန်ဖိုးထားကြောင်းနှင့် ထိုင်ဝမ်အား မည်မျှမြတ်နိုးကြောင်းကို ကမ္ဘာကြီးအား ပြသလိုက်သည်ဟု အသက် ၆၃ နှစ်ရှိ ဆန်က ရွေးကောက်ပွဲအနိုင်ရပြီးနောက် ပြောကြားခဲ့သည်။ ယင်းမတိုင်မီက ကူမင်တန်ပါတီကိုယ်စားလှယ်လောင်း ဟန်ကူယွီက ၎င်းရှုံးနိမ့်ကြောင်းကို ဝန်ခံခဲ့သည်။
ဆန်အား ရှုံးနိမ့်စေရန်နှင့် ၎င်း၏နေရာအား ကူမင်တန်ပါတီက ဆက်ခံစေရန် လိုလားသော တရုတ်အတွက် ထိုရလဒ်က ကြီးမားသောထိုးနှက်ချက်ဖြစ်ခဲ့သည်။ တရုတ်သည် ပြီးခဲ့သော လေးနှစ်အတွင်း ထိုင်ဝမ်အား စီးပွားရေးနှင့် သံတမန်ရေးဆိုင်ရာဖိအားများ တိုးမြှင့်ခဲ့ပြီး ဆန်၏ အတိုက်အခံများအား မဲဆန္ဒရှင်များက ထောက်ခံလာစေရန် မျှော်လင့်ခဲ့ကြသည်။
ဟောင်ကောင်ဆန္ဒပြမှုများသည် တစ်ချိန်တွင် တရုတ်က ထိုင်ဝမ်အား ထိန်းချုပ်သင့်ကြောင်း ဖြစ်လာမည့် ကြိုတင်သတိပေးချက်တစ်ခုအဖြစ် ဆန်က ၎င်း၏မဲဆွယ်မှုတွင် မကြာခဏ ကိုးကားခဲ့သည်။ အောင်ပွဲခံမိန့်ခွန်းတွင် ဆန်က သူသည် တရုတ်ခေါင်းဆောင်များနှင့် ဆွေးနွေးရန် ကတိပြုခဲ့ပြီး ငြိမ်းချမ်းရေးလိုလားကြောင်း ပြောကြားခဲ့သည်။
သို့သော် ထိုင်ဝမ်အား လက်နက်အင်အားဖြင့် ခြိမ်းခြောက်နေမှုကို ရပ်တန့်ရန်နှင့် ထိုင်ဝမ်၏ အနာဂတ်အား ပြည်သူ ၂၃ သန်းကသာ ဆုံးဖြတ်သင့်ကြောင်း အယူအဆကို လေးစားရန် ဆန်က ပေကျင်းအား တောင်းဆိုခဲ့သည်။ ပေကျင်းအာဏာပိုင်များသည် ထိုင်ဝမ်၏ ဒီမိုကရေစီနှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်သော အစိုးရကို နားလည်မည်ဟု မျှော်လင့်ကြောင်း ဆန်က ပြောကြားခဲ့ပြီး ခြိမ်းခြောက်မှုများအား အလျှော့ပေးမည် မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။
ပြီးခဲ့သောနှစ် နိုဝင်ဘာတွင် ဟောင်ကောင်ခရိုင် ရွေးကောက်ပွဲများ၌ ဒီမိုကရေစီ အင်အားစုက အပြတ်အသတ်အနိုင်ရခဲ့ပြီး နောက်ပိုင်း ဆန်၏ အောင်ပွဲသည် ပေကျင်းအတွက် ဒုတိယမြောက် ရွေးကောက်ပွဲဆိုင်ရာ မအောင်မြင်မှုဖြစ်ခဲ့သည်။














