လေလွင့်ကျန်ရစ်သူ၏ ဆောင်းနေ့စွဲများ

လေလွင့်ကျန်ရစ်သူ၏ ဆောင်းနေ့စွဲများ
Photo: Pinterest
Photo: Pinterest
Published 11 January 2020
နိုလှိုင်း​​​​​​​

(၁)

အိမ်ကိုတော့ ရောက်တဲ့နေရာက လှည့်ပြန်ခဲ့တာချည်းပဲ။ ဒါပေမဲ့ တော်တော်နဲ့ကို မရောက်နိုင်ဘူး ဖြစ်နေတယ်။ အလွမ်းဟာ ရေမြောင်းအဖုံးပေါ်က ကျွံကျတော့မယ့် ကြွက်စုတ်လို ကြောင်တောင်တောင် မျက်လုံးနဲ့ လှုပ်လှုပ်ရှားရှား ဖြစ်နေတဲ့စိတ်နဲ့။ မျှော်လင့်ခြင်းဟာ ကြေကွဲစရာတွေကိုသာ ပိုပြီးတွေးလို့နေတယ်။ အလွမ်းဟာ ပြောမပြတတ်အောင် နေ့တာကိုရှည်စေတယ်။ အဲဒီလိုပဲ ညတာရှည်တဲ့ ဆောင်းမနက်လို ဘယ်နေရာ ရောက်ရောက် လှုပ်ရှားဆောင်ရွက်သမျှတိုင်းမှာ ကိုယ်အမူအရာပျက်စေတဲ့ နှိပ်စက်မှု၊ လောကဓံရဲ့ ကျီစယ်မှုတွေချည်းပဲ။

ဖြစ်ပုံက ဘယ်လိုအမူအရာနဲ့နေနေ လူဟာ လွမ်းနေဆွေးနေမှန်း သိသာတယ်။ မြင်တာနဲ့ တစ်စုံတစ်ယောက်ကို လွမ်းနေပြီဆိုတာ သိနိုင်တယ်။ လွမ်းနာကျပုံပေါက်နေလို့လည်း မြင်သမျှအရာရာ လွမ်းစရာတွေချည်း ဖြစ်နေလေသလားဆိုတာတော့ မပြောတတ်ဘူး။ ဆည်းလည်းသံလို အရိပ်အငွေ့တွေ လွင့်စင်ပါးလျသွားတဲ့နောက် အိမ်ဆိုတာလည်း သူ့အသံထွက်ကိုက အိမ်လို့ မမည်နိုင်တော့သလို တစ်နေရာကနေ ပြန်ရောက်ပြီ ဆိုရင်တောင် အိမ်ဆိုတဲ့အဓိပ္ပာယ် မပီသ၊ ရောက်ရာနေရာကနေ ဘယ်များထပ်သွားရင် ကောင်းဦးမလဲဆိုတာကိုပဲ လျှောက်စဉ်းစားနေမိတယ်။ လူရှင်းတဲ့ စူပါမတ်ကက်ထဲ အပေါ်ထပ်နဲ့အောက်ထပ် အခါခါလျှောက်သွား၊ လှည့်ပတ်ငေးကြည့်နေမိမယ်။ မြင်တဲ့သူတွေကလည်း ဒီလူတော့ ရူးများရူးနေပြီလား ဆိုပြီး ကြည့်နေ၊ ကိုယ့်ကိုယ်ကိုယ်လည်း သိနေပေမဲ့ ပတ်ဝန်းကျင်အကြည့်တွေကို ပေါ့ပေါ့ပါးပါး ရယ်မောပစ်လို့ မရခဲ့ပါဘူး။ ထိုင်ရာမထ တစ်နေရာရာမှာ ငေးငိုင်နေတာကြာတော့လည်း ပျင်းလာတယ်။ စိတ်တွေ မတရားလေနေတယ်။ တစ်ပတ် ဆယ်ရက် ခွဲခွာနေရရုံနဲ့ ဒီလောက်ဖြစ်နေမယ်ဆိုရင် ရေခြားမြေခြားခွဲနေရသူတွေ ဘယ်လိုနေမလဲဆိုတာကို ဆက်မတွေးရဲတော့ဘူး။ ကိုယ့်လောက်တော့ အလုပ်အကိုင်တစ်ခုအတွက် ဘဝနောင်ရေးအတွက် ငွေငွေငွေအတွက်ဆိုပြီး ရေခြားမြေခြား မိသားစုနဲ့ နှစ်ရှည်လများ ဝေးနေကြရသူတွေ၊ အချုပ်ခန်းထဲက အုတ်နံရံသံတိုင်တွေကြား အမှန်တရား ကွယ်ပ အိမ်ရှိရာ မှန်းဆမျှော်လွမ်းနေရသူ အကျဉ်းစံတွေ၊ ကမ်းမမြင်လမ်းမမြင် ပင်လယ်မှာ ရေကြောင်ကြောင်ပြီး “ ဟေး ငါ အခုချက်ချင်း အိမ်ကို ပြန်လာပြီကွ” လို့ ကြုံးအော် သင်္ဘောတစ်စီးပေါ်က ခုန်ချသွားသူတွေက ရယ်စရာလုပ်ပစ်လိုက်လည်း ရတယ်။ ဒီလောက်ကလေးများကွာလို့ ပြောလို့ရပေမဲ့ ခံစားဖူးတဲ့သူမှ သိမယ်။ ကြုံဖူးသူမှ နားလည်နိုင်မယ်။ ပါးစပ်ရာဇဝင်ပုံပြင်တွေထဲမှာလည်း တစ်ညတာအလွမ်းစကားကို တစ်ဘဝလုံး ပြောသွားခဲ့တာပဲ မဟုတ်လား။ ကိုယ်က သူတို့လိုတောင် တစ်ရက် တစ်ညလောက်ကလေး လွမ်းနေရတာမှမဟုတ်တာ။ အခုလို ညစဉ်ရက်ဆက်။

(၂)

ဘယ်တုန်းကမှလည်း ရက်အကြာကြီး မခွဲခဲ့ဖူးသလို ဘယ်နေရာသွားသွား မိသားစုအတူတူ အပျော်အတူတူမှာ ရသမျှအရာ အားလုံးအတူ၊ မခွဲအတူတူ တွေ့ကြုံသလောက် မျှဝေခံစားတတ်ကြလို့ မိသားစုဆိုတဲ့ အဓိပ္ပာယ်ပီသ ပျော်ခဲ့ကြရတယ်။ မိသားစုနဲ့ နေ၊ မိသားစုနဲ့အတူရှိနေရတဲ့ အချိန်တွေဟာ ပျော်စရာကောင်းခဲ့ပါလား ရယ်လို့ တွေးထင်မှတ်မိနေတာချည်းပေါ့။ ဒါပေမဲ့ အခုတော့ ကိုယ်တိုင်က မိသားစုနဲ့ အဝေး အကြောင်းကိစ္စတစ်ခုနဲ့ ရောက်နေရတာမျိုးမဟုတ်ဘူး။ မိသားစု အပျော်ခရီးမှာ စာမေးပွဲရှိလို့ အိမ်မှာ ကျန်ရစ်နေခဲ့ရတဲ့ ကျောင်းသားတစ်ယောက်လို လွမ်းကျန်နေခဲ့ရတာ။ ထွက်ခွာသွားသူကသာ မသိသာပေမဲ့ ကျန်ခဲ့သူက ပိုခံစားရတယ်ဆိုတဲ့ စကားအတိုင်း ကိုယ့်မှာ လွမ်းနေမိတာ။ ကိုယ် တကယ်မအားလို့လား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ အလုပ်တွေကတော့ ပုံမှန်ပဲ။ အခြေအနေအရ ပုံမှန်အလုပ်တွေ လက်စမပြတ်သေးတာနဲ့ ကျန်နေခဲ့ရတဲ့အဖြစ်မှာ သူတို့ပျော်ရင် ပျော်သလောက် ကိုယ်လည်း မျှော်နေနိုင်သလောက်နဲ့ ပိုလွမ်းနေရတာမျိုးပါ။ အမှန်တော့ အလုပ်အကိုင်တွေ ဒီအတိုင်း ပစ်ချလိုက်သွားလို့ချင် ရနိုင်ပေမဲ့ အချိန်တိုင်းမှာလည်း ပျော်မနေချင် ပျော်ရမယ့်အချိန်ကို လက်ထဲ စုဆောင်းထားတဲ့ ငွေကြေး အနည်းအများပေါ်မူတည်ပြီး စဉ်းစားနေရတာလည်းဖြစ်တော့ ပျော်စရာကို ငွေနဲ့တိုင်းတာ တွက်ချက်နေရတဲ့အခါ ကိုယ်လည်း နည်းနည်းပဲဖြစ်ဖြစ် နောက်ဆုတ်နေပေးလိုက်တယ်ဆိုတဲ့ သဘောလောက်ပါပဲ။

အဲဒီတော့ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် လွမ်းစရာရှိတာ လွမ်းပြီး နေရင်းအတိုင်း လုပ်စရာရှိတာ လုပ်၊ ပိန်လိန်နေလိုက်ပေါ့။ ရောက်လာတဲ့အရာကို လက်ဖဝါးဖြန့်ပြီး ပေခံလိုက်ပေါ့။ တကယ်လည်း အလုပ်တွေက အရင်လို မကောင်းတော့ဘူး ဆိုပါတော့။ အရင်လောက်တောင် အိမ်ရဲ့စီးပွားရေးက ဝင်ငွေမရ ဖုတ်ပူမီးတိုက် အလုပ်တွေလည်း မရှိတော့ဘူး။ အရင်လို ပြေးနိုင်လွှားနိုင် သယ်နိုင်ပိုးနိုင်နဲ့ လူက ပေါ့ပေါ့ပါးပါးလည်း မဖြစ်တော့ပါဘူး။ တစ်နေရာကနေ နောက်တစ်နေရာအကူး လမ်းစားရိတ် ပိုကုန်လာတယ်။ တစ်နေရာက တစ်နေရာ ပစ္စည်းပစ္စယ သယ်ရပိုးရတာ ပင်ပန်းလာတယ်။ အလုပ်အတွက် သွားရတာနဲ့ အလုပ်လုပ်လို့ ပြန်ရလိုက်တာ မကာမိတော့တဲ့အခါ ကိုယ့်ကို ထမင်းကျွေးတဲ့ အလုပ်ဆိုသော်ငြားလည်း  စိတ်ကုန်စိတ်ညစ်လာမိတယ် ဆိုပါတော့။ စိတ်က ဘယ်လိုပဲ တွေးခေါ်စဉ်းစားပြီး သည်းညည်းခံ လုပ်နေတယ်ဆိုနေသေးပေမဲ့ လက်တွေ့ဘဝဆိုတာ စိတ်ထဲကလောက် မလွယ်တတ်ဘူး မဟုတ်လား။ မလွယ်ခဲ့လို့လည်း ဝမ်းတစ်ထွာဟာ သမုဒ္ဒရာဆိုသလို ကိုယ်စီထမင်းအလုတ်တိုင်းမှာ သူ့တန်ဖိုးနဲ့ သူတော့ ရှိကြတာချည်းပဲလို့ ဆိုကြတယ်။ ဒီတော့ မလုပ်ဘဲနေရင် ဘာမှမရရုံ လက်ထဲက ထမင်းလုတ်ပြုတ်ကျရုံပဲ ရှိတော့မှာပါ။ ဒါဆို တခြားအလုပ်တစ်ခု ပြောင်းလုပ်ပါလား ဆိုပေမဲ့ တခြားတစ်ခုခု ပြောင်းလဲစဉ်းစားဖို့ ဆိုတာကလည်း ကိုယ်တွေခေတ်ရဲ့ ပညာအရည်အချင်းဆိုတဲ့စကားနဲ့ ရောက်လာတဲ့ အသက်အရွယ်မှာ အလုပ်အကိုင်အခွင့်အလမ်း ရွေးချယ်ခွင့် သိပ်ရနေတာမဟုတ်ဘူး ဆိုမှတော့လည်း အွန်လိုင်းပေါ်မှာ ဖတ်ဖူးတဲ့ သူတောင်းစားပုံပြင်ထဲကလို ကိုယ်ဘယ်လို တွေးတွေး mind set က ဒီထဲက မထွက်နိုင်တော့တဲ့အခါ ဘာတတ်နိုင်ဦးမှာလဲပေါ့။ အခုရော မင်းဘဝက ဘာဖြစ်နေလို့လဲဆိုရင်။

(၃)

လွမ်းနေရသေးတယ်။ သူတို့ ဘယ်လို နေနေမလဲဆိုတာပဲတွေး လွမ်းနေတဲ့အကြောင်း အပြန်ပြန်အလှန်လှန် စဉ်းစားနေမိတုန်းပဲ။ ဒီစာသားမှာ လွမ်းတဲ့အကြောင်းက အရက်ခွက်ကြီးနဲ့ဆိုတဲ့ လင်းခါးရဲ့ ကဗျာထဲကလိုပဲ ဖတ်ရတာ သိပ်တော့ အဆင်ပြေမှာ မဟုတ်ဘူး ဆိုပါတော့။ လူကလည်း ဗွက်အိုင်ထဲက လောက်လန်းလို ဘယ်လိုမှ အသုံးမကျ၊ ဦးနှောက်ကြီးကလည်း ဓာတ်ခဲကုန်နေတဲ့ နာရီအိုကြီးလို မသတီစရာ ကောင်းလောက်အောင် ရပ်နေတယ်။ ဘာတွေလုပ်လို့ ဘယ်ကို သွားရမှန်းမသိ လူတွေ အနှောက်အယှက် ဖြစ်လောက်အောင်ပဲ နေနေမိတယ်။ အသိမိတ်ဆွေတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်တော့လည်း ဘေးမှာရှိတဲ့လူနဲ့ စကားမပြော ကြောင်တောင်တောင်မျက်လုံးနဲ့ ငေးချင်ရာငေးနေမိတယ်။ “ နယ်မှာရော ဆောင်းဟာ အေးနေပြီလား။ ကလေးတွေရော နေကောင်းကြရဲ့လား” လို့ လှမ်းမေးချင်နေမိတယ်။ ဖုန်းစခရင်ကို ခဏ ခဏ ထုတ်ကြည့်နေရတာနဲ့ကို ပြောစရာ စကားစရှာမရ ဘေးလူတွေကတော့ ဘာထင်နေမလဲ မသိဘူး။ ကိုယ်တိုင်ကတော့ နေရာမှာ အဲဒီအတိုင်း ဆက်ထိုင် တွေးချင်ရာတွေးမိ ငေးငေးနေတော့တာပဲ။ ပြီးတော့ မပြောမဆို ထသွားတတ်ပြန်တယ်။ ဆိုတော့ စိတ်က ဘယ်လိုမှ ပျော်အောင်နေလို့မရဘူး။ အိမ်မှာ ဘယ်သူမှ မရှိလို့ လွတ်လပ်တယ်ဆိုတာကလည်း တစ်ရက် တစ်ညလောက်ပဲ ခံတာပါ။ နောက်တစ်ရက်အကြာ အဲဒီလွတ်လပ်မှုဟာ ဘာအဓိပ္ပာယ်မှ မရှိတော့ဘူး ဖြစ်နေပြန်တယ်။ ဆိုမှတော့ ရက်နည်းနည်းဆက်လာတဲ့အခါ လူက ဘယ်လိုမှ မပျော်တတ်တော့ဘူး။

အခု အိမ်က လူတွေအကုန် နယ်ကို ရောက်နေကြတယ်ပဲ ထားပါတော့။ ဆောင်းရက်တွေထဲ ပိတ်ရက်နည်းနည်းလေးကို ကိုယ့်အိမ်မှာကိုယ်မပျော်ဘဲ “ ငါ့ကိုများ တစ်ယောက်တည်း ချန်ထား။ နယ်မှာ အအေးခံ သွားနေနေကြတယ်” လို့ပဲ စိတ်က ထင်လာမိတော့တယ်။ စိတ်နှစ်ခွဖြစ်နေပြီး အချိန်တိုင်း စိတ်တိုနေ တစ်ချိန်တည်းမှာပဲ စိတ်က ဝမ်းနည်းလာမိတယ်။ တစ်နေကုန် တစ်မိုးချုပ် ဘာလုပ်နေတယ်မရှိ ယောင်ချာချာ ဖြစ်နေတာနဲ့ သွားစရာနေရာတွေ ကုန်တဲ့အခါ အိမ်ပဲပြန်လာ အိမ်မှာ မြင်ချင်တွေ့ချင်တဲ့ မျက်နှာတွေ မတွေ့ရတဲ့အခါ အလိုလို စိတ်ဓာတ်ကျ တစ်နေရာမှာ အကြာကြီး ထပ်သွား ထိုင်လို့ စိတ်လေနေမိပြန်တာပါပဲ။ အိမ်ခန်း ကျဉ်းကျဉ်းထဲ သိမ်းဆည်းစရာ ပစ္စည်းတွေ၊ ရှင်းစရာအမှိုက်တွေကို ခပ်သွက်သွက်ရှင်းလို့ ချောင်တစ်နေရာရာထဲမှာ ကျောက်ချ ထိုင်နေမိမယ်။ ဆေးပေါ့လိပ်တွေချည်း ထိုင်သောက်မိနေ စားစရာ သောက်စရာ တစ်ခုခု တွေ့မလား လိုက်လိုက်ရှာနေမိတယ်။ ပြီးတော့လည်း စားဖြစ်တယ်ဆိုတာ မရှိပါဘူး။ ညဉ့်နက်တဲ့အထိ သီချင်းခွေကို ဒီအတိုင်းဖွင့်ထား လက်က တခြားတစ်ခုခု လုပ်နေတယ်။ စာဖတ်နေလျက်ကနေ ပုံရေးနေပြန်တယ်။ အဲဒီလိုတွေ စိတ်မလေအောင် လျှောက်လုပ်နေတယ်ဆိုပေမဲ့ အိမ်ခန်းနေရာ ပိုပိုကျဉ်းမြောင်းလာ ပစ္စည်းတွေ မွစာကျဲ ရှုပ်ပွသွားတာပဲ အဖတ်တင်ကျန်ခဲ့တယ်။ ဒီလိုနေလို့ အလွမ်းပြေလားဆိုတော့ မပြေပါဘူး။ အရက်သောက်လို့လည်း အလွမ်းပြေလားဆိုတော့ မပြေပါဘူး။ တခြား ဘာလုပ်ပြီး နေရမယ်ဆိုတာလည်း စဉ်းစားလို့ မရနိုင်တော့ဘူး။

(၄)

အိမ်မှာ တစ်ယောက်တည်း လှုပ်ရှားနေစရာ နေရာမရှိသလို ပြတင်းပေါက်ဘေး တမေ့တမော ထိုင်နေမိမယ်။ လမ်းမဘက် အဝင်ဝ လမ်းထိပ် လာရာလမ်းဘက်ဆီ မျှော်ငေးလို့ စီးကရက်တစ်လိပ်ပြီး နောက်တစ်လိပ် သောက်နေမိတယ်။ ကားနောက် ဘီးနဲ့ လွင့်စင်ထွက်သွားတဲ့ ကျောက်စရစ်ခဲ သေးသေးလေးမှာလည်း မခံချင်စိတ်ရှိတယ်ဆိုတာ အခုမှ သတိထားမိ အရှည်ကြီး လှမ်းတွေးနေမိသေးတယ်။ အဲဒီမှာ စိတ်ဟာ ယောင်ချာချာနဲ့ ဆက်လေလွင့်လို့ ကျောက်စရစ်ခဲ လွင့်စင်ထွက်သွားပုံက အားလည်း ရှိတယ်။ သူ့မာနနဲ့သူ လမ်းပေါ်က လွင့်သွားပုံက မာရေကျောရေနဲ့ပါလားဆိုပြီး အံ့သြနေမိတယ်။ ကိုယ်တိုင်ကတော့ အငုံ့စိတ်နဲ့ လွမ်းစိတ်နဲ့သာ ရှည်ကြာ ဆောင်းမနက်ထဲ ရန်ကုန်မှာ နှင်းတွေ မကျနိုင်မှတော့  အိမ်ခန်းထဲ အလွမ်းတွေ ပိန်းပိတ်နေတာပဲ မြင်နေရမယ် မဟုတ်လား။ ဒီနေ့လည်း တစ်နေရာပြီး တစ်နေရာ ယောင်ချာချာ လျှောက်သွားရဦးမှာပဲ လားဆိုတာမသိသလို ဘာအလုပ်မှ မပြီးဘဲ ပြန်လာရတယ်ဆိုတာလည်း ဖြစ်ချင်ဖြစ်လိမ့်ဦးမယ်ပေါ့။ အလွမ်းဟာ အစီအစဉ်တကျ နှိပ်စက်လို့ လူ့ဘဝကို အစီအစဉ်မကျအောင် လုပ်ပစ်တတ်ပါလားပေါ့။ စိတ်ထဲ တွေးစရာ တစ်ခုခု လုပ်စရာတစ်ခုခု စဉ်းစားရင်း အိမ်ကနေ ထထွက်လာခဲ့ပေမဲ့ တခြားတစ်ခုခု ပြောင်းလဲလုပ်လိုက်ဖို့လည်း ဆုံးဖြတ်တတ်သေးပြန်တာပဲ။ ထိုင်နေတာ ကြာတဲ့အခါ ဘယ်မှ သွားစရာမရှိလည်း တစ်နေရာရာက ထလာ လမ်းမပေါ် ယောင်ချာချာ ရပ်နေမိ ပြန်ပြီဆို နောက်တစ်နေရာ ထပ်ထိုင်ချမိမယ်။ အိမ်ကိုပြန်လိုက်ဖို့ စဉ်းစားမိပေမဲ့ အိမ်မှာ ဘယ်သူမှရှိမနေတာ သိနေလေတော့ ဘာလုပ်ရမှန်း မသိတော့ပါဘူး။

ဒီအတိုင်း လက်ဖက်ရည်ဆိုင်၊ စာအုပ်ဆိုင်၊ လမ်းထောင့်က အရက်ဆိုင် ဘယ်နေရာမှာမှ အလွမ်းဆိုတာ အနည်ထိုင် မနေတတ်ပါဘူးလို့ဆိုပြီး။ စူပါမတ်ကက်ထဲ စျေးပေါပေါ ကစားစရာပစ္စည်းလေးတွေရှာလို့ ကလေးတွေ ကြိုက်တတ်တဲ့ စားစရာ မုန့်လေးတွေ ဝယ်လို့ သူတို့နဲ့ ပြန်တွေ့တဲ့အခါ အလွမ်းများစွာ၊ အရုပ်များစွာ၊ မုန့်များစွာနဲ့ အချစ်များသူတို့ဆီမှာသာ ရှိနေပါတယ်ဆိုတာကို သက်သေပြမယ်လို့ ကြံစည်စိတ်ကူးနေလျက်က အခုထပ်သွားနေမိပြန်တာပါပဲ။ နောက်ထပ် တစ်နေရာရာ။  

 

Most Read

Most Recent