မျှော်လင့်ချက်လေးတွေရဲ့ ညနေ

မျှော်လင့်ချက်လေးတွေရဲ့ ညနေ
Photo: YouTube
Photo: YouTube
Published 10 January 2020
ထက်လူအောင်

ညနေဟာ တိတ်ဆိတ်နေပါတယ်။ ကျွန်တော် ရောက်ရှိနေတဲ့ နေရာမှာပေါ့။ တိတိကျကျပြောရရင် ဘောလုံးကွင်း အဟောင်းတစ်ခုမှာပေါ့။ မအောင်မြင်တဲ့ မြို့သစ်စီမံကိန်းတစ်ခုဟာ လက်စမသတ်နိုင်တဲ့ အခြေခံအဆောက်အအုံတွေကို ချန်ထားခဲ့ပါတယ်။ ခြံစည်းရိုးခတ်မထားတဲ့ဘောလုံးကွင်းမှာ ဘောလုံးပွဲ မကျင်းပတော့တာ အတော်ကြာခဲ့ပြီပေါ့။ ဘောလုံးကွင်းရဲ့အနားမှာက ပန်းခြံတစ်ခုပြုလုပ်ဖို့ လျာထားခဲ့တဲ့ကွင်းပြင်တစ်ခု။ အခုတော့ ကျူးကျော်တဲသုံးလုံးလောက်တောင်မှ ရှိနေခဲ့ပြီပေါ့။ ကြက်ခြေနီအသင်းပိုင် အဆောက်အအုံ ခပ်သေးသေးတစ်ခုကလည်း ဘောလုံးကွင်းနားမှာ ရှိနေပါတယ်။ အမြဲတမ်း သော့ခတ်ထားတဲ့ တံခါးနဲ့ သံချေးတက်နေတဲ့သော့ကို အဲဒီအဆောက်အအုံလေးရှေ့ကို သွားကြည့်ခဲ့ရင်တွေ့ရမှာပါ။ ကျွန်တော်က သမီးလေးနဲ့အတူ ဘောလုံးကွင်းအဟောင်းထဲ ရောက်လာတာပါတယ်။ စွန်လွှတ်ဖို့ပေါ့။ စွန်လွှတ်ချင်တယ်လို့ သမီးလေးပူဆာနေတာ ကြာပါပြီ။

သိမ်းထားတဲ့ရစ်ဘီးကို အပြင်ထုတ်၊ စွန်ကြိုးတွေ ရစ်နဲ့ ဒီညနေတော့ စွန်လွှတ်ဖို့ အဆင်သင့်ဖြစ်ခဲ့ပြီပေါ့။ သမီးလေးကို စွန်ထိုးခိုင်းပြီး ရစ်ဘီးကိုကျွန်တော် ရစ်တင်လိုက်တာနဲ့ စွန်ဟာအပေါ်ကို ထောင်တက် သွားပါတော့တယ်။ ဆောင်းရာသီရဲ့ နေ့ရက်တစ်ရက်ဖြစ်တာကြောင့် ကောင်းကင်ဟာ ကြည်လင်နေပါတယ်။ အဲဒီကြည်လင်နေတဲ့ ကောင်းကင်ဆီကို စက္ကူစွန်လေးတစ်စွန် ရောက်ရှိသွားခဲ့ပြီပေါ့။ ကြည်လင်နေတဲ့ကောင်းကင်မှာ စက္ကူစွန်လေးဟာ လေကြောင်းမိသွားပြီ။ ရစ်ဘီးကိုလျှော့ပေးလိုက် နည်းနည်းပြန်ရစ်လိုက်နဲ့ စက္ကူစွန်လေးကို ထိန်းသိမ်းဆော့ကစားလို့ ရပြီပေါ့။ သမီးလေးလက်ထဲကို ရစ်ဘီးထည့်ပေးလိုက်ပါတယ်။ ရစ်ဘီးကကြိုးကို လျှော့ပေးလိုက်၊ ပြန်ရစ်လိုက်နဲ့ သမီးလေး ပျော်နေပြီပေါ့။ စက္ကူစွန်လေးဟာ တလည်လည်နဲ့ လွင့်မျောသွားလိုက်၊ ကျွန်တော်တို့ အနားကို ပြန်ရောက်လာလိုက်နဲ့ သမီးလေး အလိုကျ သရုပ်ဆောင်နေပါတယ်။ ကျွန်တော် မြက်ခင်းပေါ်ထိုင်ချလိုက်ပြီး မြက်ခြောက်ပင်လေးကို နုတ်လိုက်၊ သမီးလေးနဲ့ စွန်လေးကို ကြည့်လိုက် လုပ်နေခဲ့ပါတယ်။ တိတ်ဆိတ်နေတဲ့ ဘောလုံးကွင်းထဲကို ဆိတ်ကလေးငါးကောင် ဝင်ရောက်လာပါတယ်။ ဘောလုံးကွင်းဟာ ဆိတ်အော်သံတွေနဲ့ ဆူညံသွားပါတော့တယ်။ ဆိတ်ကလေးတွေရဲ့ နောက်မှာ အဘွားအိုတစ်ယောက် လိုက်ပါလာပါတယ်။ အသက် ၇၀ နီးပါးလောက် ရှိပြီ ထင်ရတဲ့ အဘွားအိုတစ်ယောက်ပေါ့။ ၀ါးခမောက် ဆောင်းထားပြီး လွယ်အိတ်အဟောင်းတစ်လုံး လွယ်ထားပါတယ်။ အဘွားအိုလက်ထဲမှာ လေးခွတစ်လက်လည်း ကိုင်ထားပါတယ်။ ကျွန်တော်နေတဲ့ ပတ်ဝန်းကျင်မှာ ဆိတ်ကျောင်းတာ၊ နွားကျောင်းတာက အဆန်း မဟုတ်ပါဘူး။ အသက်ကြီးကြီး အဘွားအိုတစ်ယောက် ဆိတ်လာကျောင်းတာကတော့ နည်းနည်းထူးဆန်းနေပါတယ်။

အဘွားအိုလက်ထဲမှာ ကိုင်ထားတဲ့လေးခွက ခွေးပစ်ဖို့ပါ။ ဆိတ်ကို ခွေးကိုက်ရင် ဆိတ်သေသွားတတ်ပါတယ်။ အခုလို အကောင်ငယ်ငယ်တွေဆို ပိုသေတတ်တာပေါ့။ ဆိတ်ကလေးတွေ ခွေးကိုက်မခံရဖို့ အဘွားအိုလည်း လေးခွနဲ့ ခြောက်လန့်ပစ်ခတ်နေရတယ် ထင်ပါရဲ့။ သူ လွယ်ထားတဲ့ လွယ်အိတ်အဟောင်းထဲမှာ လောက်စာလုံးနဲ့ ခဲလုံးသေးသေးလေးတွေကို ထည့်လာမှာအသေအချာပါပဲ။ ဆေးလိပ်သောက်တတ်တဲ့ အဘွားအိုဖြစ်ရင်တော့ ဆေးပေါ့လိပ်နဲ့ မီးခြစ်တစ်လုံးလည်း သူ့ရဲ့ လွယ်အိတ်ထဲမှာ ပါလာမှာပေါ့။

ဆိတ်ကလေးတွေဟာ ဘောလုံးကွင်းထဲမှာ မြက်စားရင်းနဲ့ ဟိုဒီသွားနေပါတယ်။ ဆိတ်ကလေးတွေနဲ့ မလှမ်းမကမ်းမှာ အဘွားအို ထိုင်ချလိုက်ပါတယ်။ သူ့ရဲ့မျက်လုံးတွေကတော့ ဘောလုံးကွင်းရဲ့နေရာအနှံ့ကို ကြည့်လို့နေပါတယ်။ ခွေးတွေဘာတွေ ဘောလုံးကွင်းနားမှာ ရှိနေမလားလို့ ကြည့်နေတယ် ထင်ပါရဲ့။ ဆိတ်ပေါက်တစ်ကောင်ရဲ့ တန်ဖိုးကလည်း မနည်းဘူးလေ။ အဘွားအိုဟာ သူ့လွယ်အိတ်ထဲက ဆေးပေါ့လိပ်နဲ့ မီးခြစ်ကို ထုတ်ပြီး ဆေးလိပ်သောက်ပါတယ်။ ညနေရဲ့ နေရောင်အောက်ဟာ အဘွားအို မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်မီးခိုးတွေဟာ ဟိုဒီလွင့်နေလေရဲ့။ အဘွားအိုဟာ သူရဲ့လေးခွကိုတော့ သူရဲ့အနားမှာ ချထားပါတယ်။ ကျွန်တော် အဘွားအိုရဲ့အနားကို သွားလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ အဘွားအိုနဲ့ ဆိတ်ကလေးတွေကို ကျွန်တော် စိတ်ဝင်စားသွားလို့ပါပဲ။

“ အဘွား ဆိတ်တွေက အဘွားဆိတ်တွေလား၊ ဘာဖြစ်လို့ အဘွားကိုယ်တိုင် ကျောင်းနေရတာလဲ”

ကျွန်တော်ရဲ့အမေးကိုပြန်ဖြေဖို့ အဘွားအိုဟာ သူ့ဆေးပေါ့လိပ်ကို မီးသတ်လိုက်ပါတယ်။

“ ဆိတ်တွေက အဘွားဆိတ်တွေကွဲ့၊ အိမ်မှာခိုင်းမယ့်လူမရှိလို့ အဘွားကိုယ်တိုင် ကျောင်းနေရတာပေါ့ ”

“ အဘွားက ဆိတ်တွေအများကြီး မွေးထားတာလား။ အဘွား ဘယ်မှာနေတာလဲ”

အဘွားအိုကို မေးခွန်းတွေ ဆက်မေးမိပြန်ပါတယ်။

“ ဆိတ်က အများကြီးတော့ မဟုတ်ပါဘူး။ အိမ်မှာ ဝက်ကလေးသုံးကောင်တော့ မွေးထားသေးတယ်။ အဘွားက ပေါက်ကုန်းမှာ နေတာ။ အဘွားနေတဲ့အိမ်လေးကို ပြင်ချင်တာရယ်၊ အဘွားမြေးကို ရှင်ပြုပေးချင်တာရယ်ကြောင့် ဆိတ်ကလေးတွေ၊ ဝက်ကလေးတွေ မွေးနေရတာလေ၊ အဘွားမှာ သားတစ်ယောက်တော့ ရှိပါရဲ့။ အရက်ပဲ သောက်နေတာ၊ အားကိုးလို့မရပါဘူးကွယ်”

 အဘွားအိုဟာ ကျွန်တော့်မေးခွန်းတွေကို ပြန်ဖြေရင်းနဲ့ သူ့ဆိတ်တွေကို လှမ်းလှမ်း ကြည့်နေပါတယ်။ အဘွားအိုရဲ့ ဆိတ်ကလေးတွေဟာ အေးအေးလူလူ မြက်စားလို့နေပါတယ်။

အဘွားအိုရဲ့ မျှော်လင့်ချက်လေးတွေကို ညနေရဲ့နေရောင်အောက်မှာ သိရှိလိုက်ရပါတယ်။ အဘွားအိုဖြစ်ချင်တဲ့အရာတွေက သိပ်ပြီးတော့ မကြီးကျယ်လှပါဘူး။ ဘာပဲဖြစ်ဖြစ် အဘွားအိုရဲ့ရှင်သန်မှုဟာ မျှော်လင့်ချက်တစ်ခု၊ အဓိပ္ပာယ်တစ်ခုရှိနေတာ အသေအချာပဲ မဟုတ်လား။ ကျွန်တော်နဲ့ အဘွားအို စကားကောင်းနေတုန်း ဘောလုံးကွင်းထဲကို ကလေးတွေ ရောက်လာပါတယ်။ ဘောလုံးကန်ဖို့ လူတွေဘာတွေ ခွဲနေကြပါတယ်။ သူ တို့ရဲ့ဖိနပ်လေးတွေကိုထပ်ပြီး ဂိုးတိုင်လုပ်၊ ဘောလုံးကန်ကြပါတယ်။ ဘောလုံးကို စိတ်ပါ လက်ပါ၊ အားကြိုးမာန်တက် ကန်ကြပါတော့တယ်။ သူတို့တွေ အားနဲ့မာန်နဲ့ ကန်နေပေမဲ့ သူတို့ရဲ့ဘောလုံးဟာ သိပ်မခုန်၊ လေပေါ်ကို သိပ်မမြောက်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ဘောလုံးဟာ လေသိပ်မရှိလို့ပါပဲ။ ဘောလုံးဟာ အဖာရာဗရပွနဲ့ ဘောလုံးလေးပါ။  ဖာထားတဲ့အပေါက်တွေက လေမလုံဘဲ စိမ့်ထွက်နေထင်ပါရဲ့။ ဘောလုံးဟာ တဖြည်းဖြည်း လေကုန်သွားပါတော့တယ်။ ဘောလုံး လေကုန်သွားတဲ့အခါ ကလေးတွေရဲ့ ဘောလုံးဟာ ပွဲရပ်သွားပါတော့တယ်။

“ ဟာကွာ ဒီဘောလုံးကလည်း ကန်လို့ ကောင်းနေပါတယ်ဆိုမှ လေမရှိတော့ပြန်ဘူးကွာ၊ ဘောလုံးအသစ်ဝယ်ဖို့ စုတဲ့ပိုက်ဆံကလည်း မပြည့်သေးဘူး။ ဟေ့ကောင်တွေ ဘောလုံးဝယ်ဖို့ မင်းတို့ပိုက်ဆံစုတာ ဘယ်လောက် ရပြီလဲ” ကလေးတစ်ယောက်က တခြားကလေးတွေကို ပြောနေတဲ့ စကားတွေပေါ့။

“ ငါတို့လည်း စုနေတာပဲကွာ။ ရတဲ့မုန့်ဖိုးကလည်း မုန့်စားဖို့တောင်မလောက်တော့ ဘောလုံးဝယ်ဖို့ ပိုက်ဆံက မပြည့်ဘူး ဖြစ်နေတာ” ။ “ ငါလည်း မင်းတို့လိုပါပဲကွာ၊ ရတဲ့မုန့်ဖိုးက မုန့်ဝယ်စားပစ်တာနဲ့ ကုန်နေတာ ဟီးဟီး”  ပြန်ပြီးဖြေတဲ့ကလေးတွေရဲ့ စကားတွေဟာလည်း ဘောလုံးလေးလို အားလျော့လို့နေပါတယ်။ “ ဘောလုံးအသစ်တစ်လုံးလောက်ရရင် သိပ်ကောင်းမှာပဲ” ကလေးတစ်ယောက်ဟာ ညည်းတွားလိုက်ပါတယ်။ ညနေရဲ့ နေရောင်ခြည်ဟာ ကလေးတွေရဲ့ စကားသံတွေကို မကြားချင်ယောင်ဆောင်ပြီး အိမ်ပြန်လို့နေပါပြီ။

မကြာခင်မှောင်လာတော့မှာမို့ စက္ကူစွန်လေးကို ပြန်ပြီးသိမ်းလိုက်ပါတယ်။ ဘောလုံးကွင်းထဲကနေ အဘွားအိုနဲ့ ဆိတ်ကလေးတွေ၊ လေလျော့ဘောလုံးလေးနဲ့ ကလေးငယ်တွေ အိမ်ပြန်ဖို့ပြင်နေကြပါပြီ။ ကျွန်တော်တို့သား အဖတွေလည်း အိမ်ကိုပြန်ဖို့ အဆင်သင်သင့် ဖြစ်နေပါပြီ။ ကျွန်တော့်လက်ကိုဆွဲပြီး အိမ်ပြန်လာတဲ့ သမီးလေးဟာ ကျွန်တော့်ကိုစကားတစ်ခွန်း ပြောလိုက်တယ်။

“ နောက်နေ့တွေ အလုပ်ကနေ စောစောပြန်လာခဲ့နော် ဖေဖေ။ ဖေဖေရှိမှ သမီး စွန် လွှတ်လို့ရမှာ။ နေ့တိုင်း သမီး စွန် လွှတ်ချင်တယ်”

သမီးလေးကို ဘယ်လိုပြန်ပြောရမလဲ။ ဒီနေ့က အလုပ်ပိတ်ရက်မို့ သူနဲ့ကစားပေးနိုင်တာ။ အလုပ်ကနေ အိမ်ကို စောစောပြန်ရောက်ဖို့က မလွယ်လှပါဘူး။ အလုပ်ကနေ စောထွက်လို့ရတယ်ဆိုဦးတော့ ဘတ်စ်ကားပေါ်မှာ ကုန်ရတဲ့အချိန်တွေက ခန့်မှန်းလို့မရဘူးလေ။ ဘာပဲဖြစ်ဖြစ် သမီးလေးဖြစ်ချင်တာကိုတော့ အတတ်နိုင်ဆုံး ဖြစ်အောင်လုပ်ပေးဖို့တော့ ကြိုးစားရမှာပဲ။

ဘောလုံးကွင်းအဟောင်းထဲကနေ ထွက်လာကြတဲ့သူတွေမှာ မျှော်လင့်ချက်သေးသေးလေးတွေ ကိုယ်စီနဲ့ပါ။ အဘွားအိုရဲ့ မျှော်လင့်ချက်၊ ကလေးတွေရဲ့ မျှော်လင့်ချက်၊ သမီးလေးရဲ့ မျှော်လင့်ချက်။ သူတို့ရဲ့ မျှော်လင့်ချက်လေးတွေ ပြည့်နိုင်ပါ့မလား။ ဘောလုံးကွင်းအဟောင်းကြီးဟာ ပြန်လည်တိတ်ဆိတ်လို့ သွားပါပြီ။ သူ့ဆီကနေ အိမ်ကိုပြန်သွားကြတဲ့သူတွေ မနက်ဖြန်သူ့ဆီပြန်လာပါ့မလားလို့ အမှောင်ထဲမှာ ဘောလုံးကွင်းကြီး တွေးနေလေမလား။ မျှော်လင့်ချက်သေးသေးလေးတွေကတော့ အမှောင်ထဲ တဖျပ်ဖျပ် လင်းလက်နေလေရဲ့။

 

Most Read

Most Recent