တစ်ခုသော ဆရာကန်တော့ပွဲ

တစ်ခုသော ဆရာကန်တော့ပွဲ
Published 8 January 2020
မောင်စံပေါ

ပညာသင်ကြားပေးခဲ့ကြတဲ့ ဆရာတွေရဲ့ ဂုဏ်ကျေးဇူးကို အမှတ်တရရှိတဲ့အနေနဲ့ ကန်တော့ကြတဲ့ အလေ့အထဟာ မြန်မာနိုင်ငံမှာ အထွန်းကားဆုံးဖြစ်မယ် ထင်ပါတယ်။ မကြာမီက သူငယ်ချင်းတွေ စုစည်းဆောင်ရွက်ခဲ့ကြတဲ့ ဆရာကန်တော့ပွဲတစ်ခုက မှတ်မှတ်ရရပါ။ ၁၉၈၃ မှာ သစ်တောပညာဘွဲ့ရခဲ့ကြတဲ့ သူငယ်ချင်းတွေက ရန်ကုန်တက္ကသိုလ်မှာ သစ်တောပညာ သင်ကြားပေးခဲ့ကြတဲ့ ဆရာတွေကို ကန်တော့ကြတာ။ ၁၉၈၃ ကနေ ၂၀၂၀ ဆိုတော့ ကြားကာလက ၃၇ နှစ် လောက်ရှိခဲ့ပြီ။ ဒါပေမဲ့ ဆရာတပည့်တွေအကြား သံယောဇဉ်က ခိုင်မာမြဲခိုင်မာဆဲ။ သူငယ်ချင်းတွေ ကြားမှာလည်း ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေးရှိနေဆဲ။                            

အဲဒီတုန်းက သစ်တောပညာကျောင်းသား အရေအတွက်က ၅၀ ပဲ။  နောက်ပြီးတော့  ယောကျ်ားလေးတွေပဲ တက်ရောက်ခွင့်ရတာ။ အရေအတွက် နည်းတာကြောင့် အတန်းတူ နှစ်တူ သူငယ်ချင်းတွေ အထူးရင်းနှီးခင်မင်ကြသလို အထက်အောက်အတန်းတွေကိုလည်း သိကြတယ်။ ဆရာတွေကလည်း အတူတူပါပဲ။ တပည့်တွေ အားလုံးကို နာမည်နဲ့လူနဲ့တွဲပြီး သိတယ်။ တစ်ယောက်ချင်းစီရဲ့ ထူးခြားတာတွေကို မှတ်မိတယ်။

သစ်တောပညာတက်တဲ့ ကျောင်းသားတွေခမျာ သူများတကာတွေ ဆောင်းရာသီ ကျောင်းရက်ရှည်ပိတ်ချိန်မှာ မနားကြရပါဘူး။ တတိယနှစ်ကနေ ဆဋ္ဌမနှစ်အထိ တောတွင်းလက်တွေ့လုပ်ငန်းတွေကို လုပ်ကြရတယ်။ အလုပ်ခွင်ထဲ ရောက်ချိန်မှာ အလုပ်သမားတွေလုပ်မယ့် အလုပ်တွေကို ကိုယ်တိုင် လုပ်ရတာ။

ကျွန်းပင် သင်းသတ်တာ၊ သစ်ပင်တွေကို အမျိုးအစားနဲ့တကွ ရင်စို့လုံးပတ်တိုင်း မှတ်သားတဲ့ ပင်ထောင်ရိုက်တာ၊ ကြိုးဝိုင်း နယ်နိမိတ်ဘုတ်တိုင် ပြင်ဆင်တာ၊ သစ်တော လမ်းဖောက်တာ၊ တံတားထိုးတာ၊ တောင်ယာခုတ်တာ၊ တောင်ယာမီးရှို့တာ၊ ကျွန်းခွေတာ၊ ပန္နက်ရိုက်တာ၊ သစ်ပင်စိုက်တာ၊ သေပင်ဖာတာ၊ ပေါင်းရှင်းတာ၊ ရှင်ပင်စာရင်းကောက်တာ၊ မီးတားလမ်းဖောက်တာ၊ သစ်ဖြတ်ပိုင်းပေးတာ အစရှိတဲ့ သစ်တောလုပ်ငန်းပေါင်းစုံကို စာတွေ့သာမက လက်တွေ့ပါ အခြေခံကျကျ နားလည်သဘောပေါက်အောင် ကိုယ်တိုင်လုပ်ကြရတာကလား။

ဆရာတွေဆိုတာကလည်း သစ်တောနဲ့  သစ်လုပ်ငန်းဌာနတွေမှာ လုပ်ကိုင်ခဲ့ကြတဲ့၊ လုပ်ကိုင်နေကြတဲ့ အရာရှိကြီးတွေ။ ပညာရောသဘာပါ ပြည့်စုံသူတွေ။ တက္ကသိုလ်စာသင်ချိန်တွေမှာ လုပ်ငန်းခွင် အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး ရှင်းလင်းပြောကြားပေးတယ်။ လက်တွေ့ဆင်းချိန်တွေမှာ စာနဲ့ မြေပြင်အခြေအနေကို ဆက်စပ်ပေးတယ်။

သစ်ပင်တွေ အမျိုးအစားခွဲခြားတာကို ထူးခြားချက်တွေနဲ့တွဲပြီး မှတ်သားစေတယ်။ ကြုံကြိုက်သလို တပည့်တစ်ယောက်ချင်းကို မေးတယ်။ ပထမဦးဆုံးသစ်မျိုး အမေးခံရချိန်မှာ ထင်ရာမြင်ရာလျှောက်ပြောလို့ အားလုံးက ၀ိုင်းဟားခဲ့ကြတဲ့ သူငယ်ချင်းတစ်ယောက်အကြောင်း ပြန်ပြောမိတယ်။ မနက်အိပ်ရာထရင်  နောက်ကျတတ်သူတွေ၊ လမ်းလျှောက်ရင် အင်မတန်နှေးသူတွေ၊ သစ်လုံးတံတားကို တောစီးဖိနပ်နဲ့ ဖြတ်ကူးရင်း တစ်ဝက်လောက်ရောက်မှ ချော်ကျမှာ ကြောက်သူစတဲ့ တပည့်တွေအကြောင်း ပြောရင်းနဲ့ မနက်ခင်းကို အသက်သွင်းခဲ့တယ်။

ပကာသနမဖက်တဲ့ ဆရာကန်တော့ပွဲဟာ ကျစ်လစ်စွာနဲ့ လှပနေခဲ့တယ်။ အကန်တော့ခံ ဆရာက လေးယောက်သာ ရှိတော့တယ်။ ၈ ထိပ်စည်းဆရာက နှစ်ယောက်နဲ့ ၈ ထိပ်စည်းကို ချဉ်းကပ်လာနေပြီဖြစ်တဲ့ ဆရာက နှစ်ယောက်။ အသက်ကြီးပြီဖြစ်ပေမဲ့ သတိကောင်းဆဲ၊ ကျန်းမာဆဲ ဆရာတွေကို မြင်တွေ့ရတာ ဝမ်းသာအားတက်ရတယ်။ ကန်တော့တဲ့ တပည့်တွေကိုယ်တိုင်လည်း ၆၀ ပတ်လည်တွေ ရှိနေကြပြီလေ။ ဌာနအကြီးအကဲ ဖြစ်သူကဖြစ်၊ အောင်မြင်တဲ့စီးပွားရေး လုပ်ငန်းရှင်ဖြစ်သူက ဖြစ်၊ ထိပ်တန်းရောက်နေသူတွေအတွက် မုဒိတာပွားရသလို ကံအကျိုးပေးနည်းသူတွေအတွက် ဂရုဏာပိုရတယ်။ လက်ရှိမှာ ဘယ်သူဘယ်ဝါ ဘာတွေ ဖြစ်နေနေ၊ ဆရာတွေ ကန်တော့ချိန် ပြန်ဆုံရတဲ့ခဏတာမှာ အတိတ်ကို ပြန်ရောက်သွားကြတယ်။ ပစ္စုပ္ပန်အရောင်တွေ ခွာချပြီး လွတ်လပ်ပွင့်လင်းစွာနဲ့ တစ်ချိန်တစ်ခါကလို စကားတွေ ဆိုကြတယ်။

ဆရာတွေကို ရန်ကုန်တက္ကသိုလ်၊ သထုံဆောင်ဘုရားခန်းမှာ ကန်တော့ကြတယ်။ အသက်အကြီးဆုံး ဆရာဦးသန်းမြင့်က ၈၆ ရှိပြီ။ သတိကောင်းဆဲ၊ ကျန်းမာဆဲ။ ဆရာဦးသန်းမြင့်က စပြီး သြဝါဒစကား၊ အမှတ်တရ စကားပြောတယ်။ ဆရာ ဒေါက်တာကျော်တင့်၊ ဆရာဦးသန်းဆွေ၊ ဆရာ ဦးစောအယ်ဒါး အစဉ်လိုက် မေတ္တာလွှမ်းတဲ့ စကားတွေကို အမှတ်တရ ြွမက်ဆိုပါတယ်။      

အချိန်တိုတိုအတွင်း ဆရာတွေ ပြောခဲ့တဲ့စကားတွေဟာ သူတို့ဘဝမှာ ကြုံတွေ့ခဲ့ကြတဲ့ အဖြစ်အပျက်တွေကို အခြေခံတာတွေရှိသလို ပစ္စက္ခတ်အခြေအနေ၊ အတွေ့အကြုံ၊ အတွေးအမြင်တွေကို ရောင်ပြန်ဟပ်နေတာတွေလည်း မြင်ရတယ်။ စေတနာ မှန်မှန်နဲ့ မေတ္တာအခြေခံပြီး ပေါက်ဖွားလာတဲ့ စကားတွေ ဖြစ်တယ်။

“ ဆရာတွေဟာ တပည့်တွေရဲ့ ကောင်းကျိုးကိုသာ လိုလားကြသူတွေ ဖြစ်တယ်။ ဆရာတွေရဲ့တာဝန်ဟာ ကိုယ့်ထက် တော်တဲ့ တပည့်တွေကို မွေးထုတ်ပေးဖို့ဖြစ်တယ်။ ဒါမှသာ ဆရာတာဝန် ကျေတယ်”

“ ကုန်လွန်ခဲ့တဲ့အချိန်တွေက ပြန်မရနိုင်တော့ဘူး။ ပြန်လည်တမ်းတမနေနဲ့။ လက်ရှိအချိန်ကို အကောင်းဆုံး အကျိုးရှိရှိ သုံး”

“ သူများ မကောင်းတာကို ပြောနေလို့ ကိုယ်ကောင်းလာမှာ မဟုတ်ဘူး။ သူများ ညံ့တာကိုပြောနေလို့ ကိုယ်တော်လာမှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် တော်အောင်  ကောင်းအောင် တည်ဆောက်”

“ မိဘတွေကိုတတ်နိုင်သမျှ ပြုစုစောင့်ရှောက်တာ မင်္ဂလာရှိတဲ့ ကိစ္စတစ်ခု။ မိဘတွေ ရှိနေသေးရင် ဂရုစိုက်ကြ၊ ပြုစုကြ။ အနေဝေးရင်လည်း တတ်နိုင်သမျှသွားကြ။ တစ်နှစ်မှ တစ်ခါလောက် ရောက်တယ်ဆိုရင်လည်း နှစ်ခါလောက်သွားနိုင်အောင် ကြိုးစားကြ။ ဆရာ့ဘဝမှာ နိုင်ငံခြားပညာသင်က ပြန်လာတော့လည်း မိဘတွေဆီတစ်ခေါက် နှစ်ခေါက်လောက်ပဲ ရောက်ဖြစ်ခဲ့တယ်။ အလုပ်ထဲမှာနစ်နေပြီး မိဘတွေဆီပြန်ဖို့ အချိန်မပေးနိုင်ခဲ့ဘူး။ အချိန်မပေးခဲ့မိဘူးဆိုရင် ပိုမှန်မယ်။ ဟော မိဘတွေ မရှိတော့မှ သွားချင် တွေ့ချင်  ပြုစုချင်တော့ မဖြစ်နိုင်တော့ဘူး”

“ အလုပ်လုပ်ရာမှာ ကိုယ့်တာဝန်ကိုယ် ကျေပွန်ဖို့လိုတယ်။ ကိုယ်လုပ်ရမယ့် အလုပ်ဆို လုပ်ကိုလုပ်ရမယ်။ ဆရာတို့ သစ်တောစီမံ အုပ်ချုပ်တာနဲ့ပတ်သက်လို့ ကွက်စိပ်စီမံကိန်း ဆိုတာရှိတယ် မဟုတ်လား။ အဲဒါကို ခရိုင်အလိုက် ရေးဆွဲထားတာတွေ မရှိသလောက် ဖြစ်နေခဲ့ဖူးတယ်။ တစ်နိုင်ငံလုံးမှာ ခရိုင်က ၆၀ လောက်ပဲ ရှိမယ်။ အဲဒီတုန်းက ဆရာက အထက်လူကြီးကိုပြောတော့ ကိုယ်က ဘယ်လောက်ကျကျနန ရေးရေး၊ အစိုးရက လုပ်ချင်မှလုပ်တာဆိုပြီး ပြန်ပြောတယ်။ ဒါနဲ့ ဆရာက ပြောတယ်။ သူ့ဘာသာ လုပ်ချင်လုပ် မလုပ်ချင်နေ၊ ကျွန်တော်တို့ကတော့ ကိုယ့်အလုပ် ကိုယ်လုပ်ရမှာပဲ။ တစ်ချိန်မှာ ဒါတွေကိုမရေးခဲ့ မလုပ်ခဲ့ပါဘူး အပြောမခံနိုင်ဘူး။ သမိုင်းတရားခံ အဖြစ်မခံနိုင်ဘူးလို့။  ဆရာတာဝန်ယူရတဲ့အချိန်မှာ ကော်မတီဖွဲ့ပြီး ဒါကို အကောင်အထည်ဖော်ခဲ့တယ်”

“ ကိုယ်က လူကြီးနေရာ ရောက်လာတဲ့အခါမှာ လူငယ်တွေကိုလည်း နေရာပေးဖို့ တာဝန်ပေးဖို့ လိုတယ်။ သူတို့ အလုပ်လုပ်ဖို့၊ အစွမ်းပြဖို့ အခွင့်အလမ်းတွေ ဖွင့်ပေးရမယ်။ ကိုယ်ကလုပ်ပေးဖို့ တာဝန်ရှိတာတွေကို လုပ်မပေးဘဲနဲ့ လူငယ်တွေ ညံ့တယ်လို့ဆိုရင် ကိုယ်ညံ့ကြောင်း ဝန်ခံနေတာနဲ့ အတူတူပဲ”

ဒါတွေက ဆရာတွေ ဆရာကန်တော့ပွဲမှာ ပြောကြားခဲ့တာတွေထဲက ကောက်နုတ်ချက် တချို့တစ်ဝက်ပါ။ ဘဝအတွေ့အကြုံတွေ၊ လုပ်ငန်းခွင်အတွေ့အကြုံတွေ လက်ဆင့်ကမ်း ပြောကြားခဲ့တာတွေကလည်း သတိချပ်စရာ၊ တရားသံဝေယူစရာတွေ တွေ့ရတယ်။

ဌာနအကြီးအကဲဘဝမှာ တာဝန်တွေများလှလို့ အဝေးက ကန်တော့ရတဲ့တပည့် ရှိသလိုပင်စင်ယူပြီး မြန်မာပြည်မြောက်ဖျားမှာ အခြေချတာကြောင့် မလာနိုင်သူလည်း ရှိတယ်။ ရန်ကုန်မှာနေပေမဲ့ ကျန်းမာရေး အခြေအနေကြောင့် ဆရာကန်တော့ပွဲ မတက်နိုင်တဲ့ တပည့်လည်း ပါတယ်။ တက်လာတဲ့တပည့်တွေ ပြောတာ နားထောင်ရင်းနဲ့ တက်မလာနိုင်တဲ့ တပည့်တွေအကြောင်း မေးမြန်းကြတယ်။ ဆုံးပါးသွားခဲ့ပြီဖြစ်တဲ့ တပည့်တွေ နာမည်ရေရွတ် ရေတွက်ရင်းနဲ့ စိတ်မကောင်းဖြစ်ကြရတယ်။ လွန်ခဲ့တဲ့ နှစ်၃၀ နီးပါးက တာဝန်ထမ်းဆောင်ရင်းနဲ့ ရေကြီးရာမှာ ပျောက်ဆုံးခဲ့တဲ့ တပည့်တစ်ယောက်ကို သူ့မိန်းမက သေစာရင်းမသွင်း၊ ပင်စင်တောင် မလျှောက်ဘဲ ယောကျ်ား ပြန်အလာကို စောင့်မျှော်နေဆဲဖြစ်ကြောင်း နားထောင်ရတော့ ရင်နင့်ကြတယ်။ သစ်ခိုးဖမ်းရင်း ဒဏ်ရာရတဲ့ တပည့်တွေ၊ လက်နက်ကိုင်တွေရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ တပည့်တွေအကြောင်း စိတ်မကောင်းစွာနဲ့ ပြောမိတယ်။ ပြီးခဲ့တဲ့လပိုင်းက ရခိုင်မှာ အဖမ်းခံခဲ့ရပြီး သေသလား ရှင်သလား ဘာမှ မကြားမသိရတဲ့ သစ်တောပညာဘွဲ့ရ အရာရှိတစ်ယောက်အတွက် ဆုတောင်းရင်း စိတ်မကောင်း ဖြစ်ကြရတယ်။

ဘဝရဲ့နောက်ဆုံးအချိန်တွေအထိ တတ်စွမ်းရာပညာနဲ့ နိုင်ငံအတွက်လုပ်ကိုင်ရင်း သေခြင်းတရားကို ရဲရဲရင့်ရင့် ရင်ဆိုင်ခဲ့ကြတဲ့ ဆရာကြီးတွေအကြောင်း ပြန်ပြောင်းပြောကြချိန်မှာ နှမြောတသဖြစ်ရင်း အာကျလေးစားကြရတယ်။

“ ဆရာ့ကို သွေးကင်ဆာလို့ ပြောတာပဲကွ။ ဆရာ့ အတွေ့အကြုံအရတော့ သွေးကင်ဆာဆိုတာ သိချိန်ကနေ ခြောက်လအတွင်းမှာ သွားကြတာပဲ။ ဆရာကတော့ သေမှာ မကြောက်ပါဘူးကွာ။ ဆရာတာဝန်တွေ ကျေခဲ့ပြီ။ မိသားစုတာဝန်၊ နိုင်ငံ့တာဝန်။ ဆရာ့ဇာတိက ဘိုးဘွားတွေ တည်ခဲ့တဲ့ဘုရားနဲ့  ဆောက်ခဲ့တဲ့ ကျောင်းဇရပ်တွေလည်း ပြင်ပြီးပြီ” အဲဒီလိုစကားတွေပြောပြီး ကိုးရက်အကြာမှာ မျက်စိနှစ်လုံးမှိတ်ခဲ့တဲ့ ဆရာကြီး ဦးစိုးကြည်ကို သတိရမိတယ်။

“ ဆရာ့မြေးက ဆရာဝန်ဆိုတော့ သူတို့ အချင်းချင်းပြောနေတာ ကြားရတာကတော့ ကင်ဆာဆိုလားကွာ။ သူတို့က ငါ အိပ်ပျော်နေတယ်ဆိုပြီး တိုးတိုးပြောကြတာ။ ကင်ဆာဆိုလည်း ကင်ဆာပေါ့ကွာ။ သေတော့လည်း သေပေါ့။ ဆရာ့ဘဝမှာဘာမှ မဟုတ်တာမလုပ်ခဲ့လို့ ဘာမှ နောက်ဆံတင်းစရာ၊ ကြောက်စရာမရှိပါဘူး” ဒါက ဆရာ ဦးထွန်းလှ မဆုံးပါးခင် ရက်ပိုင်းကလေးက အာရှတော်ဝင်ဆေးရုံမှာ ပြောခဲ့တာ။

အနိမ့်ဆုံး ညွှန်ကြာရေးမှူးအဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ် ရာထူးအထိ လုပ်ကိုင်ခဲ့ကြတဲ့ ဆရာတွေအားလုံးမှာ တူညီကြတာတစ်ခုက အသက် ၆၀ ပြည့်လို့ ပင်စင်ယူကြချိန် နောက်ပိုင်းမှာ ဆိပ်ငြိမ်ရပ်ကွက်မဟုတ်တဲ့ သာမန်နေရာလေးတွေမှာသာ အခြေချနေထိုင်ကြတာ။ မိဘဘိုးဘွားအမွေရတဲ့ ရပ်ကွက်ကောင်းကောင်းမှာ ဟိုအရင်ကတည်းက နေထိုင်ခဲ့ကြတဲ့ ဆရာတချို့က လွဲရင်ပေါ့လေ။ ပြောရရင် ဆရာတို့ခေတ်အခါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဆိုတာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ မလုပ်သင့် မလုပ်အပ်ရာကို မလုပ်ဖို့ဆိုတာကို ဆရာတွေက အပြောနဲ့တင်မက လက်တွေ့လုပ်ရပ်တွေနဲ့ပါ တပည့်တွေကို စံနမူနာအဖြစ် ပြသခဲ့တယ်။

ဆရာကန်တော့အပြီးမှာ သထုံဆောင်က ထမင်းစားခန်းမှာပဲ အမှတ်တရ နေ့လည်စာ ဆရာတပည့်တွေ အတူတကွ စားကြတယ်။  ထမင်းစားပြီးတော့ သထုံဆောင်ရှေ့မှာ အမှတ်တရ ဓာတ်ပုံရိုက်ကြတယ်။ ငွေဆောင်သွားဖို့ ကားက အဆင်သင့် စောင့်နေတယ်။ နားနေခြင်း၊ အပန်းဖြေခြင်းတွေ အပြီးမှာတော့ ကိုယ့်နေရာ ကိုယ်ပြန်ကြရပြီပေါ့။ ဆရာတပည့်တွေအကြားက ချစ်ခြင်းနဲ့ သံယောဇဉ်က သစ်လွင်စွာလှပနေဆဲ။ ဒီဆရာတွေ၊ ဒီတပည့်တွေ အသက်ထင်ရှား ရှိနေသမျှ ဒီဆရာကန်တော့ပွဲက အသက်ဝင်နေမှာ။ ဒီဆရာတွေ၊ ဒီတပည့်တွေ မရှိကြတော့ရင်လည်း ဒီဆရာကန်တော့ပွဲရဲ့ လှပတဲ့ အရိပ်အရောင်တွေ ကျန်နေရစ်မှာပါလေ။

 

Most Read

Most Recent