စိတ်လေလေကွင်းပြင်

စိတ်လေလေကွင်းပြင်
Photo: unsplash.com
Photo: unsplash.com
Published 5 January 2020
မောင်နောင်မွန်

မြင်ကွင်းက စိမ်းစိုစိုနဲ့ ကျယ်ပြန့်ပြန့်၊ မျက်စိတဆုံး မြင်နေရတဲ့ မြက်ခင်းစိမ်းတွေဟာ ဟိုးအဝေးက မိုးကုပ်စက်ဝိုင်းရဲ့ အနားသတ်မျဉ်းထိ ရောက်လောက်အောင် ကျယ်ပြန့်လွန်းနေတယ်။ တိမ်စိုင်တွေဆီကိုအထိ၊ ထိုင်ခုံပြာလေးတွေက အစီအရီနဲ့ ဒီမြက်ခင်းပြင်ဟာ လေတွေ တဖြူးဖြူးနဲ့ အဝေးက တိမ်စိုင်ခဲတွေက တိမ်ပင်လယ်တွေလို ဖြစ်နေတယ်။

ဒီလိုမြင်ကွင်းမျိုးဟာ စိတ်ကျေနပ်စရာနဲ့ ဒီလိုအချိန်မှာ ထိုင်ခုံပြာလေးပေါ်ထိုင်ချပြီးတော့ ထိုင်ငေးနေတာ အကောင်းဆုံးပါပဲ။ အဝေးက တိမ်မျှင်တွေဆီမှာ မီးခိုးမြူတွေလို အခိုးအငွေ့တွေနဲ့။ တစ်ခါတစ်ခါ ထွက်ခွာသွားသူတွေလို အရိပ်အယောင်တွေ တွေ့ရတယ်။ ဒါပေမဲ့ ပုံရိပ်ယောင်တွေ အဖြစ်လိုမျိုးပါ။ ဒီလိုအချိန် ဘယ်အကြောင်းကြောင့် ဒီမြက်ခင်းပြင်ပေါ် ထိုင်ငေးနေရတာလဲ ကျွန်တော် မသိဘူး။ ပုံရိပ်ယောင်တွေရဲ့ ရုပ်လုံးကြွမှုလို ဇဝေဇဝါနဲ့။ ဒီမတိုင်ခင် နောက်ဆုံး စွဲထင်နေတဲ့ မှတ်ဉာဏ်က အဝေးပြေးကားပေါ် တက်စီးပြီး ချစ်သောသူဆီ သွားနေတဲ့ ကျွန်တော့်ရဲ့ ပုံရိပ်။ ဒါပေမဲ့ ခုကျွန်တော် သတိရနေ မြင်တွေ့နေတဲ့ မြင်ကွင်းက တစ်ခါမှ မရောက်ဖူး၊ မမြင်ဖူးတဲ့ မြက်ခင်းပြင်ကြီး ကျယ်ပြန့်ပြန့် မြက်ခင်းပြင်ကြီးတစ်ခုလုံးက မေ့လျော့မှုတွေနဲ့ ထင်တယ်။ နေရောင်ဟာ မြက်ခင်းစိမ်းပေါ် ဖြာကျလိုက်၊  တိမ်စိုင်တွေရဲ့ အရိပ်တွေ ကွယ်လာလိုက်၊ ထိုင်ခုံပြာပေါ်ကနေ ငေးကြည့်နေရတာကိုက ဘာမှ မထူးခြားတဲ့ ဇာတ်ကွက်တစ်ခုလိုပဲ။ ကျွန်တော်ကတော့ အဲဒီဇာတ်ကွက်ကို ငေးပြီး မေ့လျော့နေတဲ့ လူသားတစ်ယောက်လို။ အစိမ်းရောင်ရယ်၊ တိမ်ဖွေးဖွေးရယ်၊ ကောင်းကင်ပြာပြာကြီးရယ်။ ကျွန်တော်ကတော့ ကျွန်တော့်ကိုယ် ကျွန်တော်မှတ်မိစေဖို့ အသည်းအသန် ကြိုးစားနေရတယ်။ ကြိုးစားနေရတာကိုက စိတ်ရဲ့တင်းကျပ်မှုတွေနဲ့ ပိုပိုမေ့နေသလို၊ ဒါဟာ မသိစိတ်ရဲ့ ခိုင်းစေမှုလား။ ဒါဟာ မမြင်ရတဲ့အခြားတစ်ဖြတ်ရဲ့ မြင်ကွင်းလား။ မသိစိတ်ဆိုတာက ကြောက်ဖို့ ကောင်းတဲ့အရာ မဟုတ်လား။ စိတ်ခံစားမှုရဲ့ အတွင်းဘက်ဆုံးက ချုပ်တည်းထားတဲ့အရာတွေကို ထကြွစေသလို၊ ဟိုဝေးဝေးက လီလီပန်းတွေဟာ မိုးသောက်ရင် ဝတ်ရည်စုပ်တဲ့ ပျားပိတုန်းတွေအတွက် နံနက်စာပဲ။ အခန်းကျယ်ကြီးတစ်ခုဆီ ရောက်သွားလိုက်၊ မွန်းကျပ်နေတဲ့ အုတ်မြို့ရိုးတွေဆီ ဝင်သွားလိုက်၊ တစ်ချက်ချက် ထိမိသိမိတဲ့ ဒဏ်ရာတွေဆီက နာကျင်မှု ခံစားမှုတွေဆီက အသိစိတ်ရဲ့ လှုံ့ဆော်မှုကို ရတယ်။ ခုထိုင်နေချိန်တွင်မှာတောင် စိတ်က မသိစိတ်ဖြစ်လိုက်၊ အသိစိတ်ဖြစ်လိုက်။ အိပ်မက်မက်နေချိန် ဖြစ်နေတဲ့ ခံစားချက်တချို့တဝက်တွေ၊ အိပ်မက်ထဲ ရောက်နေတာလား။ ပြင်ပလက်တွေ့ ဘဝခံစားမှုလား။ ဒါဟာ ဘာကြောင့်မှန်းမသိတဲ့ အဖြစ်တွေလို။ စိတ်ဟာလေးလံလိုက်၊ ပေါ့ပါးလိုက်။ မြင်နေရတဲ့ မြင်ကွင်းဟာလည်း တစ်ခါတလေ အတိတ်ကပုံရိပ်တွေကို အဖြူအမည်းပြကွက်နဲ့ ပြန်မြင်နေသလို၊ တစ်ခါတလေတော့လည်း မဖြစ်ဖူးသေးတဲ့ အဖြစ်အပျက်တွေကို ရှေ့ဖြစ်ဟောနေသလို ပုံရိပ်တွေ ထင်ထင်လာတယ်။ တိမ်စိုင်တွေ ပျောက်သွားလိုက်၊ ပြကွက်တွေပေါ်လာလိုက်။ တိမ်စိုင်ရဲ့ အဆုံးသတ် မိုးကုပ်စက်ဝိုင်းမျဉ်းဆီကို တွားသွားချင်နေမိတယ်။ မျက်စိတစ်မှိတ်အတွင်း ပြေးလွှားသွားတဲ့ အဖြစ်အပျက်တွေ၊ လေဟာနယ်တစ်ခုထဲ မျောလွင့်နေသလို၊ စိတ်ကတော့ တစ်ခါတလေ ပေါ့ပါးနေပြန်တယ်။ ဘာလို့ ဒီနေရာမှာ ရောက်နေမှန်း ခုချိန်ထိ အူကြောင်ကြောင် ဖြစ်ဆဲ။

ခုချိန်က တွေးတောနေတာ ပိုကောင်းတယ်။ စိတ်ကို အနားမပေးရဲဘူး။ တစ်ခုမဟုတ် တစ်ခုကို တွေးနေရအောင် အလုပ်ပေးထားရတယ်။ မဟုတ်ရင် မသိစိတ်တွေက အငုံ့စိတ်တွေနဲ့ ရောပြီး ဘာကိုနာကြည်းလို့ နာကြည်းမှန်းမသိ ဖြစ်လာပြန်ရော။ ကျွန်တော့်ရဲ့ အငုံ့စိတ်တွေက ပိုဆိုးတယ် ပြောရမယ်။ တွေ့သမျှကို မနာလိုတဲ့စိတ်နဲ့ လိုက်ပြိုင်နေသလို၊ တခြားသူတစ်ယောက် အောင်မြင်နေတာကို ဘယ်တော့မှ မုဒိတာမပွားနိုင်ဘဲ ခပ်ညံ့ညံ့ ခံပြင်းစိတ်တစ်ခုတည်းနဲ့ လိုက်ပြိုင်ချင်တာ။ အဲဒီလိုနဲ့ လူတွေ ကျွန်တော့်ကို ချဉ်လာကြတယ်။ အဲဒီလိုနဲ့ ကျွန်တော်ဟာ လူတွေကို ချဉ်တတ်လာတယ်။ အပြောချိုချိုနဲ့ နေရာယူတတ်တဲ့ လူတွေကိုလည်း မျက်မုန်းကျိုးလာတယ်။ ကျွန်တော် မြင်နေရတဲ့လူတွေက တစ်ခုခုဆို နေရာဝင်ယူ၊ နာမည်ဝင်ယူပြီး ကိုယ်ရည်သွေးတတ်တဲ့ သူတွေက အများသားရယ်။ အဲဒါနဲ့ ကျွန်တော်ဟာ သူတို့ကို မမြင်ချင် မဆက်ဆံချင်တဲ့အခါ စိတ်တွေဟာ ညစ်ညူးလာတယ်။ အငုံ့စိတ်ကြောင့်လည်း ပါမယ်ထင်တယ်။ မနာလိုစိတ်တွေ ခံပြင်းစိတ်တွေက များလာတယ်။ အဲလိုတွေဖြစ်လာရင် ရင်ဟာ ပူလာတယ်။ တဆတ်ဆတ်တုန်ပြီး ဒေါသတွေ အလိပ်လိုက် အကုသိုလ်တွေ ပွားတော့တာပဲ။ ဝက်ရူးပြန်ရောဂါသည်တစ်ယောက်ဟာ ဝက်ရူးပြန်မထခင် ရှေ့ပြေး လက္ခဏာတွေကို ကြုံတွေ့ရသလိုပေါ့။ ပြီးရင် ကျွန်တော့်တစ်ကိုယ်လုံးဟာ မောပန်းပြီး ခြေကုန်လက်ပန်း ကျတော့တာပဲ။ ဒီတော့ အဲဒီလိုအငုံ့စိတ်လေး မပေါ်အောင် တခြားအရာတွေကို တွေးနေရတယ်။ စိတ်ကို အလွတ်မပေးရဲအောင် တွေးနေရတယ်။ စိတ်ဆိုတာ တွေးနေမှ ကောင်းမဲ့အရာ မဟုတ်လား။ ကိုယ်မတွေးလည်း သူဟာသူ တွေးချင်ရာတွေ လျှောက်တွေးပြီးတော့ ပြီးတော့ မြင်ချင်ရာတွေ မြင်နေကြတာပါပဲ။ ခု ကျွန်တော်ကတော့ အဝေးပြေးကားပေါ်မှာ ကျွန်တော် နောက်ဆုံး ကြုံတွေ့ခဲ့တဲ့ မှတ်ဉာဏ်ကို အစဖော်နေခဲ့တယ်။ ကျွန်တော် ခုရောက်နေတဲ့ မြင်ကွင်းနဲ့ တခြားစီ ဖြစ်နေတယ် မဟုတ်လား။ အဲဒီတော့ ကျွန်တော် ထိုင်နေရဦးမယ်။

အရင်တုန်းက တွေးခဲ့မိတာက စိတ်လွင့်မျောနေတယ်ဆိုတာ စိတ်ဝိညာဉ်တစ်ခုရဲ့ သေဆုံးခြင်းဆိုတာလား။ ဒါဆို ကျွန်တော်ဟာ သေဆုံးခြင်းရဲ့ မြက်ခင်းပြင်မှာလား။ စောင့်ဆိုင်းနေတာလား။ ထွက်ခွာနေတာလား။ လမ်းကြောင်းပေါ်ရောက်နေတာလား။ ကျွန်တော် မသိဘူး။ အဲဘတ်စ်ကမျူးရဲ့ The Outsider ဝတ္ထုထဲက မွန်စီယာမာဆိုးလို သေခြင်းတရားကို လေ့လာဖို့တော့ မဖြစ်နိုင်ခဲ့ဘူးကွာလို့ အော်ဟစ်နေရမှာလား။ ဒါဆို ကျွန်တော် သေဆုံးသွားပြီလား သိချင်တယ်။ ဒါမှမဟုတ် မျောနေတာလား။ မျောနေတယ်ဆိုလည်း ကျွန်တော်ဟာ သေခြင်းနဲ့ ရှင်ခြင်းကြားက မြက်ခင်းပြင်ကြီးမှာလား။ အဆိုတော်အငဲရဲ့ မျှော်လင့်ခြင်း ကွင်းပြင်သီချင်းလို ဒီမြက်ခင်းကြီးကို တို့နှစ်ယောက်အတူတူ ဖြတ်ဖူးတယ် ဆိုရအောင် ခုထိတော့ တစ်ဦးတည်း ထီးထီးကြီးပဲ။ ဘဝမှာ တစ်ကိုယ်တည်းနေရရင် ကောင်းမယ်လို့ တွေးဖူးတဲ့ အခိုက်အတန့်တွေ ရှိခဲ့တယ်။ တစ်ကိုယ်တည်းနေ တစ်စိတ်တည်း ထားရမယ် မဟုတ်လား။ ဒါပေမဲ့ လူဆိုတာကလည်း အစုအဖွဲ့နဲ့ နေရမယ်ဆိုတော့ တစ်ယောက်တည်းနေတဲ့သူကို လူတွေက ရူးကြောင်ကြောင်လို့ ထင်ကြပြန်တယ်။ ဖတ်ခဲ့ဖူးတဲ့ ဂါစီယာမားကွတ်စ်ရဲ့ နိုဘယ်ဆုရ The One Hundered years of solitude ထဲက ဇာတ်ကောင် အာဆာလာလို၊ အော်လေးလျားနိုးလို အထီးကျန်နေမှာ စိုးတယ်။ ဟိုးဆေးသြဒီးယားဗွင်းက ဖာသာနီ ကာရော်နာကို “ ကျုပ်က ရူးနေလို့ ခုလိုတစ်ယောက်တည်း အချုပ်ခံထားရတာပေါ့ဗျာ” လို့ပြောနေသလို။ တစ်ခါတလေတော့ အထီးကျန်တဲ့အရသာက အတော်ကို ခံရခက်စေတယ်။ ပြီးတော့ စိတ်ဓာတ်ကျစေတာပေ့ါ။ စိတ်ဓာတ်ကျတဲ့သူတွေကို တွေ့တော့လည်း တစ်ခါတလေ ကိုယ်ချင်းစာမိတယ်။ ဘာတွေကြောင့်များ စိတ်ဓာတ်ကျရတာလဲဆိုပြီး ဝင်တွေးကြည့်ချင်မိတယ်။ ကျွန်တော့်ရဲ့ ပင်ကိုယ်စိတ်အခံကိုက ခံစားရလွယ်တယ်။ ပြီးတော့ အဆုံးစွန်ထိကို ခံစားတတ်တယ်။ ကျွန်တော်ရဲ့ စိတ်ကိုက တက်လိုက်ကျလိုက်နဲ့ မတည်ငြိမ်ဘဲ ချိန်သီးနာရီထဲက ချိန်သီးတစ်လုံးလို ယိမ်းခါနေတယ်။ အဲဒီတော့ ဘာမဟုတ် အကြောင်းအရာနဲ့ကိုပဲ စိတ်ဓာတ်က တက်လိုက် ကျလိုက်ဖြစ်တတ်တယ်။ ဖတ်ခဲ့ဖူးတဲ့ စာတွေအရတော့ စိတ်ဓာတ်ကျတဲ့သူတွေက ကိုယ့်ကိုယ်ကို သတ်သေမှု အမြင့်ဆုံးတဲ့။ ကျွန်တော်ငယ်ငယ်တုန်းက ရွာအနောက်ဘက် လယ်ကွက်မှာ လည်ပင်းကို ဆွဲကြိုးချသေတဲ့ သူတစ်ယောက်ကို တွေ့ဖူးတယ်။ နွားပွဲရှုံးပြီး ပေးစရာအကြွေးတွေ ၀ိုင်းလည်နေလို့ စိတ်ဓာတ်ကျပြီး သတ်သေသွားတယ်တဲ့။ ကျွန်တော် ကြိုက်တဲ့ ကမ္ဘာကျော် အနုပညာရှင်တွေတော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကြတာ များတယ်။ တစ်ခါတလေ သေခြင်းတရားက ကိုယ့်ကို လာခေါ်မှာ စောင့်နေတာထက် ကိုယ်က သေခြင်းတရားဆီ သွားလိုက်တာက ပိုပြီး ရဲရင့်တယ် မဟုတ်လား။ ဘုရားဟောထဲက မသိခြင်း ငါးပါးမှာ ဘယ်လိုအချိန်၊ ဘယ်နေရာမှာ ဘယ်လိုသေမယ် မသိရဆိုတာကို သူတို့တွေက သေခြင်းတရားကို စီမံသွားကြတဲ့သူတွေလို့ ကျွန်တော်တော့ တွေးမိတာပဲ။ ဒါပေမဲ့ အဲဒီလိုလုပ်ဖို့က သူတို့လို သတ္တိရှိမှ ရမယ်။ သူတို့လို တွယ်တာစိတ်မဲ့ပြီး အရာရာ ကင်းလွတ်နိုင်မှရမယ် ထင်တာပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ ခုထိ တွယ်တာစရာတွေကို မစွန့်ပစ်နိုင်သေး။ လွန်ခဲ့တဲ့ သင်္ကြန်အခါက တရားစခန်းဝင်တုန်းကလည်း ခုလို စိတ်ခံစားမှုကို ရတယ်။ တရားပြ ဓမ္မကထိက ဆရာတော်ကတော့ သမာဓိမြဲအောင် စိတ်စုစည်းခိုင်းနေတာပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ မျက်လုံးမှိတ်ပြီး အာနာပါန စမှတ်ပြီဆိုတာနဲ့ စိတ်ဟာ လေလွှင့်တော့တာပဲ။ ကြယ်တွေ ဆီပြေးလိုက်၊ ပင်လယ်တွေဆီရောက်လိုက်နဲ့ တစ်စက္ကန့်အတွင်းကို သောင်းပြောင်းဖြစ်နေတော့တာပဲ။ တစ်ခါတလေ အဲဒီလိုအာရုံတွေထဲ မျောပြီး စိတ်ဟာ သာယာနေတော့တယ်။ အဲဒီတော့ ကျွန်တော်ဟာ ကိုယ့်လိပ်ပြာကိုယ် မလုံသလိုဖြစ်ပြီး တရားမမှတ်တော့ဘဲ အိမ်ကိုပြန်ခဲ့တယ်။ ခုလည်း မြက်ခင်းပြင် ခုံပြာလေးပေါ်ထိုင်ရင် စိတ်တွေက တောင်ရောက် မြောက်ရောက်နဲ့။ ကျွန်တော်ကတော့ ဒီနေရာကို ဘယ်လိုရောက်လာခဲ့သလဲ တွေးနေတယ်။

ဘုရားဟောမှာတော့ စိတ်က တစ်စက္ကန့်အတွင်းကို အဖြစ်အပျက်ပေါင်းများစွာကို ဖြစ်စေ၊ တွေးစေတယ်လို့ ဖတ်ဖူးတယ်။ အဲဒီလိုနဲ့ တွေးနေတာကရော ဘာအတွက်လဲလို့ ပြန်တွေးနေရသလို။ တစ်ခါတလေ ခုလို မြက်ခင်းပြင်ပေါ် ထိုင်နေရတာက ပိုကောင်းနေတယ်။ အိပ်မက်ထဲဆိုဆို၊ အသိမေ့မျောနေတယ်ပဲဆိုဆို လက်တွေ့ဘဝရဲ့ မတရားမှုတွေနဲ့ ပြင်ပလောကရဲ့ မသမာမှုတွေဆီကတော့ တဒင်္ဂလေးတော့ မေ့လျော့သွားတာပဲ။ အဲဒီလိုဆိုတော့လည်း ခုလိုတွေဝေပြီး ဘာအကြောင်းကြောင့်မသိပဲ မြက်ခင်းပြင်ကြီးထဲက ထိုင်ခုံပြာပြာလေးပေါ် ထိုင်ပြီး တိမ်စိုင်တွေကို ငေးနေရတာကို ကျေနပ်နေမိပြန်တယ်။ အဝေးက တိမ်စိုင်တွေကို ငေးတယ်။ ပြီးတော့လေတိုက်တိုင်း ယိမ်းနွဲ့နေတဲ့ မြက်ပင်လေးတွေကို ရေတွက်တယ်။ ဒါဟာ စိတ်တည်ငြိမ်စေတယ်လို့ ထင်တာကိုး။ အဲဒီတော့လည်း ကောင်းတာပြန်ပဲ။ စိတ်က လေလွှင့်နေတာ ကောင်းလား၊ တည်ငြိမ်နေတာကောင်းလား ပြန်စဉ်းစားမိတယ်။ လေဟာနယ်လိုပဲ။ အဖြေကတော့ ဘာမှန်းမသိသလို။ ခုလည်း ထိုင်နေရင်းက စိတ်ကူးတွေဟာ ဟိုးအဝေးဆီရောက်လိုက်၊ စကြာဝဠာထဲက တွင်းနက်ထဲဆီ ရောက်လိုက်၊  သမုဒ္ဒရာကြီးထဲ နစ်မြုပ်လိုက်၊ အမေဇုန် တောထဲရောက်လိုက်ပဲ။ တစ်ချက်တစ်ချက်တော့ အသိစိတ်တွေဟာ ကျွန်တော့်နား ပြေးကပ်လာလိုက်၊ အနားကနေ ပြေးထွက်သွားလိုက်ပဲ။ ဒါပေမဲ့ အသက်ရှူရတာ လေးလံလာတယ်။ နာကျင်တဲ့ဝေဒနာကို ခံစားလာရတယ်။ မျက်စိရှေ့က မြက်ခင်းပြင်ဟာ ပေါ်လိုက်ပျောက်လိုက်၊ ကောင်းကင်ပေါ်က တိမ်ပင်လယ်ကြီးဟာ ဖြူလိုက်မည်းလိုက်၊ လင်းလိုက်မှောင်လိုက်။ နားထဲမှာ လေတိုးသံတွေက တစ်ချက်တစ်ချက် ကြားတစ်ချက် မကြားတစ်ချက်နဲ့။ လေဟာနယ်ဆီကနေ ပြန်လာရသလိုနဲ့၊ ပြန်သွားရသလိုနဲ့။ ဆူညံသံတွေ စကားသံတွေကို ကြားဖြတ်ကြားလာရတယ်။

ကျွန်တော့်ကို လှုပ်နှိုးလိုက်သလို ခံစားနေရတယ်။ ကျွန်တော်ရဲ့နာမည်ကို အော်ခေါ်သံကြားနေရတယ်။ အသိစိတ်ထဲ မူးဝေဝေနဲ့။ စောစောက မြင်ရတဲ့မြက်ခင်းပြင်ကြီးမရှိတော့၊ မျက်ခွံတွေဟာ လေးလံနေတယ်။ အပေါ်တည့်တည့်က ထိုးထားတဲ့ မီးစလောင်းကြီးနှစ်ခုရဲ့ အလင်းက စူးရှလွန်းတယ်။ အော်ခေါ်သံတွေ၊ စကားပြောသံတွေနဲ့ လှုပ်နှိုးနေသံတွေ ကြားရတယ်။ ဆက်သွယ်မှုဧရိယာပြင်ပက ပြန်လာတဲ့ သူတစ်ယောက်လို အသိစိတ်တွေက သိတစ်ချက် မသိတစ်ချက်။ ကျွန်တော်ဟာ အဝေးက ပြန်လာရသူတစ်ယောက်လို၊ မျက်နှာဖုံးစိမ်းတွေနဲ့ လူတွေကြားထဲ၊ သတိရပြီလားဆိုပြီး လှုပ်နှိုးနေကြသလို၊ စိတ်ထဲမှာတော့ အသိစိတ်က လွတ်လိုက် ပြန်ကပ်လိုက်၊ အိပ်ချင်မူးတူး ဖြစ်လိုက်။ ပါးစပ်ထဲက အသက်ရှူပိုက်ကို ဖြုတ်ပေးလိုက်တော့ဆိုတဲ့ အသံကို တစ်ချက်တစ်ချက် ကြားရတယ်။ ပါးစပ်ထဲ ဆို့ထားတဲ့ ပိုက်တစ်ချောင်းကို ဆွဲထုတ်လိုက်တယ်။ ပြီးတော့ နှာသီးဝထဲ အောက်စီဂျင်ပိုက်လေး တပ်ထားပေးတယ်။ အလင်းစူးရှရှကြောင့် မျက်လုံးမဖွင့်နိုင်သေးဘူး။ မျက်စိမှိတ်တော့ မြင်ကွင်းက မှောင်မည်းမည်းနဲ့။ ခဏမြင်ရတဲ့ မြက်ခင်းစိမ်းကြီး မတွေ့ရတော့ဘူး။ “ ကားမှောက်ထဲမှာ ဒီလူနာတော့ ကံကောင်းတယ် ပြောရမယ်။ ဘာမှသိပ် မထိလိုက်ဘူး။ အသက်ကယ်လိုက်နိုင်တယ်” ဆိုတဲ့ စကားကို မသဲမကွဲ မကြားတစ်ချက်ကြားတစ်ချက်နဲ့။ ကျွန်တော် မျက်စိကို ဖွင့်လိုက်တယ်။ မျက်နှာကြက်ပေါ်က ဆလိုက်မီး စူးရှရှနဲ့။ မျက်စိကို ပြန်မှိတ်လိုက်တယ်။ မှောင်နက်နက်နဲ့။ အပြင်လောကမှာတော့ ငိုသံရယ်သံ ဆူညံသံတွေနဲ့။ ကျွန်တော်  ပြန်အိပ်ပျော်သွားတယ်။ မြက်ခင်းစိမ်းစိမ်းနဲ့ တိမ်ဖြူဖြူတွေကို အိပ်မက်ထဲ ပြန်မြင်ချင်နေမိတယ်။

 

Most Read

Most Recent