(၁)
အစတုန်းကတော့ အားလုံးနဲ့ သီးခြားကြီး ကွဲထွက်သွားလိမ့်မယ်လို့ မထင်မိသေးဘူး။ ကျွန်တော်တစ်ယောက်တည်း သီးသန့် ဆန်ဆန်ကြီး ရှိနေတာမျိုးမဟုတ်ပဲ။ သူတို့နဲ့ အဖွဲ့ကျနေမယ်လို့တောင် စိတ်က ထင်မှတ်နေမိသေးတာပါ။ ဒါပေမဲ့ အချိန်နည်းနည်း ကြာလာတာနဲ့အမျှ ကျွန်တော်ကိုယ်တိုင် လူအုပ်ထဲမှာ ကွဲပြားခြားနားတဲ့အခြေအနေမျိုးနဲ့ ရောက်နေခဲ့ပြီဆိုတာကို သိလိုက်ရတယ်။ တစ်ဝိုင်းတည်း အတူရှိနေတဲ့လူတွေနဲ့တောင် ရောနှောမနေတတ်တော့ဘဲ အုပ်စုထဲက ဖဲ့ထွက်ထိုင်နေချင်မိတယ်။ ကျန်တဲ့သူတွေအနေနဲ့တော့ ဘယ်လိုခံစားချက်ရှိမယ် မပြောတတ်ဘူး။ ကျွန်တော်ကတော့ ဒီနေရာမှာ ရှိနေရတာကို စိတ်ပင်ပန်းမွန်းကျပ်လွန်းလှပြီ။
မွေးနေ့ပွဲဆိုပေမဲ့ ပျော်တဲ့သူကလည်း အတင်းပျော်နေသလိုထင်ရပြီး သီချင်းဆိုနေတဲ့ သူကလည်း စိတ်မပါသလို ဆိုနေကြတယ်။ ကျန်တဲ့သူတွေကတော့ စားနေသောက်နေ ဟန်လုပ်ပြီး အချင်းချင်း စကားပြောနေလေရဲ့။ ကျွန်တော်ကတော့ တခြားအဓိပ္ပာယ်တစ်မျိုးနဲ့ သူတို့ကိုလည်း လူချင်းမသိသလို တစ်သားတည်းလည်း ရှိမနေတော့ဘူး။ ဒီအုပ်စုထဲမှာကိုက ကျွန်တော်နဲ့ သိတာဆိုလို့ တစ်ယောက်လား ရှိနေခဲ့တာပဲ။ နောက်ပြီး ကျွန်တော်ရောက်လာရတဲ့ အကြောင်းရင်းကိုက မွေးနေ့ပွဲဆိုတာထက် မတွေ့တာကြာတဲ့လူတစ်ယောက်ကို လာတွေ့တဲ့သဘောလောက်ပဲ။ မြင်ကွင်းကိုပြောရရင် ဟိုတယ်တစ်ခုရဲ့ ရေကူးကန်ဘေးက မြက်ခင်းပြင်နေရာကျယ်ကျယ်မှာ မွေးနေ့ပွဲ လုပ်နေတာ။ ဧည့်သည်တွေကလည်း ဟန်ဆောင်မျက်နှာဖုံးကိုယ်စီနဲ့ သူ့အဖွဲ့နဲ့သူ သူ့အုပ်စုနဲ့သူ ရှိနေကြတယ်။စတိတ်စင်ပေါ်မှာ အဆိုတော် တစ်ယောက်စ နှစ်ယောက်စ သီချင်းတစ်ပုဒ်တည်းကို လုပြီးဆိုနေတယ်။ ဘေးက ရေကူးကန်ထဲမှာတော့ နိုင်ငံခြားသားနှစ်ယောက် မွေးနေ့ပွဲကို စိတ်မဝင်စားသလို အေးအေးလူလူ ရေကူးနေကြလေရဲ့။ အဲဒါလည်း သီးသန့်ဆန်ဆန်ပဲ။ မွေးနေ့ပွဲမှာ ဝန်ဆောင်မှုပေးနေတဲ့ သူတွေကလွဲရင် ဟိုတယ်က ဝန်ထမ်းတွေကလည်း သူ့အလုပ်နဲ့သူ တိတ်တိတ်ဆိတ်ဆိတ် ရှိနေတာပါ။ ပြောရရင် မွေးနေ့ပွဲဆီကနေပဲ အသံတွေ ဆူဆူညံညံထွက်နေတယ်လို့ ထင်ရတာ အံ့သြဖို့မကောင်းပေမဲ့ ကျန်တဲ့အရာတွေအားလုံးက ပုံမှန်ထက် တိတ်ဆိတ်ငြိမ်သက်နေသလို ဟိုတယ်ကြီးကိုက ကားလမ်းမကြီးတစ်ခုရဲ့ ဘေးမှာရှိနေပေမဲ့ သိသိသာသာကြီးကို ခြောက်ကပ်အေးစက်လို့နေတယ်။
(၂)
ကမ်းနားဘက်က ပြန်တက်လာတော့ လက်ထဲမှာ ဖုန်းက ပါမလာတော့ဘူး။ ကားပေါ်မှာပဲ ကျကျန်ရစ်ခဲ့တာလား။ တစ်နေရာရာမှာပဲ မေ့ပြီးတင်ထားမိသလားဆိုတာလည်း မမှတ်မိတော့ဘူး။ လူက ဖုန်းပျောက်လို့ ပျာယာခတ်နေတာပဲ သိတော့တယ်။ အဲဒီလို ခေါင်းမီးတောက်နေတုန်း အရေးထဲမှာမှ သူငယ်ချင်းနှစ်ယောက်နဲ့ လမ်းမှာ တိုးနေသေးတယ်။ သကောင့်သားတွေကလည်း ကိုယ် ဘာဖြစ်လာသလဲဆိုတာ နားမလည်ဘူး။ ဆိုင်သွားထိုင်ရအောင်လို့ချည်း ပြောနေတော့တာပါပဲ။ ကိုယ်ကလည်း ဘယ်လောက်တောင် နရင်းရိုက်ချင်စရာကောင်းလဲဆိုရင် ဒီလောက်ဒုက္ခရောက်နေတာတောင်မှ ဆိုင်ထိုင်မယ်ဆိုတဲ့အသံကြားတော့ စိတ်ပါချင်သလိုလို ပိုက်ဆံဘယ်လောက်ကျန်သေးလဲဆိုတာ စိတ်နဲ့လှမ်းတွက်နေမိသေးတယ်။ ဒါပေမဲ့ တကယ့်ပြဿနာက အဲဒီကျမှ စတက်ခဲ့တာ။ အဲဒီလို ပိုက်ဆံအကြောင်း စဉ်းစားမိလိုက်မှ ပိုက်ဆံအိတ်ပါ မရှိတော့ဘူးဆိုတာကို သတိထားမိသွားတယ်။ တကယ့်သောကပဲ။
သူတို့ကို ပိုက်ဆံအိတ်နဲ့ ဖုန်းပျောက်နေတာကို မပြောဖြစ်ပေမဲ့ စိတ်ထဲမှာတော့ နောက်ဆုံးထိုင်ခဲ့တဲ့ဆိုင်မှာများ မေ့ကျန်ခဲ့မလား သွားရှာချင်မိသေးတယ်။ ပျောက်သွားတဲ့ ဖုန်းနံပါတ်ကို ဆက်ကြည့်ရင် ကောင်းမလားလို့လည်း စဉ်းစားမိတယ်။ ဒါပေမဲ့ ဖုန်းနံပါတ်ကိုလည်း ချက်ချင်း မခေါ်ရဲပြန်ဘူး။ ကိုယ်က ခေါ်လိုက်မှ ကိုယ့်ဖုန်းကို တစ်ယောက်ယောက်က တွေ့သွားတယ်ဆိုတဲ့ အဖြစ်မျိုးကိုလည်း အဖြစ်မခံနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ပယောဂကြောင့် တစ်ယောက်ယောက် ထီပေါက်ပြီး ကောင်းစားသလို ဖြစ်သွားနိုင်တယ်ဆိုတာကို ကြိုတွေးပြီး မနာလိုဖြစ်နေတာ။ ဒီကြားထဲ တစ်ယောက်က ကိုယ် နားထောင်နေတဲ့ Walkman ကက်ဆက်လေး သူ့ကို ပေးဖို့ ဘေးကနေ တပူပူတဆာဆာ လာလုပ်နေသေးတယ်။ ငါလခွေး။ အသာ နေစမ်းပါကွာလို့ ပိတ်ပြောလိုက်မှ ထပ်ပြီး ဂျီမကျတော့ဘဲ ပါးစပ်ပိတ်သွားတာ။
အစက ပြန်စဉ်းစားကြည့်တော့ ဒီကိုစီးလာတဲ့ကားက မြောက်ဒဂုံဘက်သွားတဲ့ ဘီအမ်ကားကြီးပဲ။ ဘယ်လိုလုပ် ဘီအမ်ကြီးစီးပြီး ဗိုလ်တထောင်ကမ်းနားရောက်လာတယ် ဆိုတာတော့ မပြောတတ်ဘူး။ ထားပါ။ ဘီအမ်တွေက ထိုင်ခုံတွေ ကပ်လွန်းလို့ ထိုင်ရင် ဒူးထောင်ပြီး ထိုင်လိုက်ရတာကိုး။ တကယ်လို့ ဖုန်းက ထွက်ကျတာသေချာတယ်ဆိုရင် အဲဒီကားပေါ်မှာပဲ အောက်ကိုလျှောခနဲကျသွားမှာလို့တော့ တွေးမိတယ်။ ချက်ချင်းပဲ အလုပ်ထဲကသူဌေး မှာထားတဲ့စကားကို သတိရမိသွားပြန်တယ်။ သူဌေးက မှာထားတယ်လေ။ ရုံးခန်းက ပြောင်းတော့မှာမို့ တစ်ခုခုဆိုပစ္စည်းအသစ်တွေ ဝယ်မလဲတော့ဖို့နဲ့ ရုံးသစ်ရောက်မှသာ လိုအပ်တာမှန်သမျှဝယ်ဖို့ ပြောထားတာ သွားသတိရတယ်။ အဲဒီအတိုင်းဆို ဖုန်း တကယ်ပျောက်သွားပါပြီတဲ့။ ငါက ဖုန်းအသစ်ကလေးတစ်လုံးလောက်မှ ဝယ်မကိုင်ရတော့ဘူးလားဆိုပြီး မဆိုင်တာကို တလွဲကြီး စဉ်းစားနေမိပြန်တယ်။ အဆန်းတွေချည်းပဲ။ ဖုန်းပျောက်သွားတာကိုပဲ အသစ်ရတော့ မလိုလိုနဲ့ လှိုက်ခနဲတောင် တစ်ချက်ပျော်သွားလိုက်သေးတယ်။ အဲဒီလို တကယ့်ငကြောင်ပါဆို။ ပျောက်သွားတဲ့ ဖုန်းက အသံတိုးလွန်းတယ်။ Touch ကလည်း သိပ်မမိချင်ဘူးဆိုတော့ အသစ်လိုချင်တာလည်း မထူးဆန်းဘူး။
ဒါပေမဲ့ အဲဒီအပျော်က ခဏကလေးပဲ။ တစ်စက္ကန့်ရဲ့ ဆယ်ပုံတစ်ပုံစာလောက်ပဲ ကြာမယ်ထင်တယ်။ တကယ်တမ်း ဖုန်းပျောက်လည်း အသစ်တစ်လုံး ချက်ချင်းကောက်ဝယ်နိုင်မှာ မဟုတ်ဘူးဆိုတာ တွေးမိပြန်တော့ ပျောက်လို့ကို မဖြစ်သေးဘူးလို့ စဉ်းစားမိသွားပြန်တယ်။ ဒီလောက်တောင် ဘဝတွေ ပျက်နေတာလေ။ ဖုန်းအသစ်တစ်လုံး မပူမပင် ကောက်ဝယ်ရလောက်အောင် အိမ်စီးပွားရေးက ဘယ်လောက်များ တိုးတက်လာလို့တုန်းဆိုပြီး တွေးမိသွားတာ။ အဲဒါနဲ့ မထူးဘူးဆိုပြီး အိတ်ထဲကဖုန်းကို ဆွဲထုတ်လိုက်တယ်။ ပျောက်သွားတဲ့ ဖုန်းနံပါတ်ကိုနှိပ်တယ်။ ပြီးတော့ screen ကို စိုက်ကြည့်နေမိတာကို အကြာကြီးပဲ။ နံပါတ်ကိုနှိပ်ထားပြီး ခေါ်လိုက်ရင်ကောင်းမလား။ ဒီအတိုင်းနေရင် ကောင်းမလား။ တကယ်လို့ တစ်ယောက်ယောက်က ဖုန်းလာကိုင်လိုက်ပါပြီတဲ့။ ဖုန်းပျောက်တာ သေချာသွားပြီ။တစ်ယောက်ယောက် လက်ထဲရှိနေတာ ကျိန်းသေနေပြီဆိုရင် ဘယ်လိုလုပ်မလဲပေါ့။ သူ့ကို ဘယ်လိုပြောပြီး ပြန်တောင်းရမလဲဆိုတာ တွေဝေနေသလိုနဲ့ စဉ်းစားနေမိတယ်။ ဖုန်းစခရင်မှာပေါ်နေတဲ့ နံပါတ်ကို ဖျက်လိုက် ပြန်နှိပ်ထားလိုက်နဲ့ တော်တော်လေးကြာတယ်။ တကယ်တမ်းကျတော့ လက်ထဲမှာကိုင်ထားတဲ့ ဖုန်းကလည်း အဲဒီပျောက်သွားတယ်ဆိုတဲ့ ဖုန်းကြီးပါပဲ။ အဲဒီအချိန်မှာဖြစ်နေတာက ဒီနံပါတ်ကို ဒီဖုန်းနဲ့ ခေါ်လို့ရမရ မသိတော့သလို အဲဒါကို ရုတ်တရက် မတွေးမိဘူးဖြစ်နေတာ။ နောက်ပြီး ဖုန်းဝင်သွားရင် တစ်ဖက်က ဘယ်သူဖုန်း လာကိုင်မလဲဆိုတာကိုလည်း မခန့်မှန်းနိုင်ဘူး ဖြစ်နေပြန်တယ်။
(၃)
တစ်လမ်းလုံးလည်း ပြေးလိုက်လွှားလိုက် ဘယ်နားပြေးပုန်းလို့ ပုန်းနေရမှန်းမသိ ဖြစ်လိုက်နဲ့ပဲ။ ကိုယ့်ရဲ့ရှေ့က၊ ဘေးက စစ်သားတွေ ဖျတ်ခနဲဖျတ်ခနဲ ပေါ်ပေါ်လာပြီး သေနတ်တွေနဲ့ချည်း လှိမ့်ပစ်နေတာပဲ တွေ့နေမြင်နေရတယ်။ မသိရင် တိုက်ပွဲတွေကြား ရောက်နေလား။ လူတွေ အုပ်လိုက်ကြီး ဆန္ဒပြလို့ ဆော်ခံထိနေကြသလားပေါ့။ မပြောတတ်ဘူး။ အဲဒီအတိုင်းဖြစ်ပျက်နေတာပဲသိတယ်။ ဒီအချိန်မျိုးကျတော့ ခါတိုင်းပွဲတွေ၊ အခမ်းအနားတွေမှာ လူလုံးပြတတ်တဲ့ကောင်တွေ တစ်ကောင်မှကို မတွေ့တော့ပါလားလို့တောင် တွေးမိနေသေးတယ်။ ကိုယ်တွေကတော့ ဘာကြောင့်မှန်းသာ မဝေခွဲတတ်ပေမဲ့ စွတ်ပြေးနေမိတာပဲ။ ကိုယ့်ရှေ့တည့်တည့်ကြီးမှာ ဆော်တဲ့ကောင်တွေကလည်း လှိမ့်ဆော်နေတာကိုး။ ကျည်ဆန်တွေက ဘယ်က လာလို့လာမှန်းမသိ၊ တစ်ချက်မှ မထိသေးပေမဲ့ အနားကနေ တစ်ဝှီးဝှီး ဖြတ်ဖြတ်သွားနေတယ် ဆိုတာကိုတော့ သိနေတယ်။ ကြောက်ကြောက်လန့်လန့်နဲ့ ခေါင်းကိုငုံ့ပြီး အသည်းအသန် စွတ်ရွတ်ပြေးလွှားနေမိတာ။ တစ်ခါ တစ်ခါ ဘယ်ကပစ်လို့ ပစ်နေမှန်းမသိလို့ တစ်ခုခုနဲ့ ကာပြီး ပြေးရပြန်တယ်။ သတိတရ ရှေ့ကိုကြည့်လိုက်ရင် ရှေ့ကိုလည်း ဘာမှမမြင်ရဘူး။ သေနတ်နဲ့ ပစ်နေတာကို တစ်ခုခုနဲ့ ကာပြီး ပြေးနေတယ်လို့သာ ဆိုတယ်။ လက်ထဲ ကြည့်မိတော့လည်း ကိုယ်ကိုင်ထားတာက ဆန်ပြာတဲ့ စကောဝိုင်းကြီး ဖြစ်နေပြန်တယ်။
နောက်ပြီး ပြေးမယ့်ပြေးတော့ မိသားစုလိုက်လည်း မဟုတ်ပြန်ဘူး။ သမီးအငယ်နဲ့ သားအဖနှစ်ယောက်တည်း တစ်ကွဲတစ်ပြားနဲ့။ ကလေးကို လက်တစ်ဖက်ကချီပြီး စွတ်ရွတ်ပြေးနေမိတာ။ အကြီးမနဲ့ သူ့အမေ ဘယ်နားမှာ ကျန်ခဲ့မှန်းလည်း မစဉ်းစားမိ၊ မသိသလို ကိုယ်တွေလည်း ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းမသိဘူး။ ပန်းခြံတွေထဲမှာ ပတ်စီးတဲ့ ရထားတွဲလိုဟာမျိုးပေါ်လည်း လိုက်စီးမိလား စီးမိသေးရဲ့။ အဲဒါလည်း မပျော်စီးတာမျိုး ဟုတ်ပုံမရဘူး။ ဘယ်နေရာလည်းသာ မစဉ်းစားတတ်တယ်။ တစ်နေရာရာကို ဦးတည်ပြီး သွားနေကြတာမှန်းတော့ သိနေတယ်။ ရထားပေါ်စီးနေရင်း ရှေ့က သေနတ်နဲ့ စီးပစ်လို့ ကြောက်ကြောက်နဲ့ ဆင်းပြေးလာခဲ့ရပြန်တယ်။ ပြီးတော့လည်း ဆက်ပြေးနေပြန်ရော။
တကယ့်အပြင်မှာလည်း တိုက်ပွဲတွေက နေရာအနှံ့ဖြစ်နေကြတာဆိုတော့ အဲဒီအရှိန်နဲ့ပဲ ထင်ပါတယ်။ အဲဒါကြောင့်ပဲ ဂိမ်းထဲကလို တစ်နေရာပြီး တစ်နေရာ ပြေးနေမိသလားဆိုတာလည်း တွေးမိတယ်။ ဘာမှကို မတတ်နိုင်ဘူး။ ပြေးဆိုတော့လည်း စွတ်ပြေးနေမိတာပဲ။ ကိုယ်သွားနေတဲ့ နေရာလည်း ကိုယ်မသိဘူး။ ဘာကြောင့် ပြေးနေမိမှန်းလည်း မသိနိုင်တော့ဘူး။ အဲဒီမှာ ထူးဆန်း အံ့သြဖို့ကောင်းတာတစ်ခုရှိတယ်။ ဘာလဲဆိုတော့ ပြေးနေရင်းကိုစိတ်ထဲမှာ အသိတစ်ယောက်နဲ့ တွေ့ရမယ်လို့ချည်း ထင်မိနေ အဲဒါကို စွဲနေမိတာပဲ။ ဘာကြောင့်လဲမသိဘူး။ အဲဒီလူနဲ့က အရင်တုန်းကတော့ တပူးတွဲတွဲ ရင်းရင်းနှီးနှီး ခင်ကြတယ်ဆိုပေမဲ့ မတွေ့တာဖြင့်ကြာလှပြီ။ သူနဲ့ကိုယ်နဲ့ အမြဲဆုံလေ့လည်း မရှိသလို ပြောစရာ ပြောလက်စ၊ တွေ့ဆုံစရာအကြောင်းလည်း လောလောဆယ် မရှိသေးဘူး။ တစ်နေရာရာမှာ အကြောင်း တစ်ခုခုနဲ့ သတိရမိခဲ့တာမျိုး ဖြစ်နိုင်တယ်လို့တော့ တွက်လို့ရတယ်။ ဒါပေမဲ့ အဲဒါလည်း အတိအကျ မဟုတ်ပြန်ဘူး။ ဝေဝေ၀ါးဝါးပဲ။ ပြေးနေရင်းနဲ့ သူ့ကိုလာခေါ်ခိုင်းရင် ကောင်းမလားလို့လည်း စဉ်းစားနေမိသေးတယ်။
ရှေ့ကိုလည်း သားအဖနှစ်ယောက်တည်းက ဆက်မသွားနိုင်လောက်တော့ဘူး။ ရောက်မှာမဟုတ်တော့ဘူးလို့ချည်း ထင်နေတော့တာ။ အဲဒီအချိန်မှာ ခဏနားပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ လမ်းဆုံတစ်ခုကို ရောက်နေပြီ။ ဘောင်းဘီအိတ်ထဲက ဖုန်းကို ထုတ်တယ်။ စိတ်ကတော့ မိတ်ဆွေတစ်ယောက်ဆီ ဆက်မလို့ပဲ ထင်လိုက်တယ်။ ဖုန်းကို ထုတ်ပြီးမှ ဘယ်နားရောက်နေလဲလို့ သူမေးခဲ့ရင် ပြန်ဖြေလို့ရအောင် လမ်းညွှန်ဆိုင်းဘုတ်ကို ရှာပြီး ဖတ်ကြည့်လိုက်သေးတယ်။ ဆိုင်းဘုတ်မှာတော့ ရေးထားတာပဲ။ ၂၀၂၀ ဆီသို့တဲ့။ သေသေချာချာကြီးကို ဖတ်လိုက်မိတာ ၂၀၂၀ ဆီသို့ပဲ။ ဘာမှန်းတော့ မသိဘူး။ အဲဒီအချိန်မှာ ဖျတ်ခနဲ လန့်နိုးသွားခဲ့တာ။ ချက်ချင်းပဲ သိလိုက်တာက ဟော အိပ်မက်ကြီးပါလားပေါ့။ ပြီးတော့ ဆက်စဉ်းစားနေမိပြန်တယ်။ ဒီနေ့ဟာ ဇန်နဝါရီ ၄ ရက် ကြီး။ လွတ်လပ်ရေးနေ့ကြီးပဲလို့။ ဒီလိုပိတ်ရက်ကြီးမှာ အိပ်မက်မက်တာကြီးကလဲ။ သေနတ်သံ တဂျိမ်းဂျိမ်းနဲ့ ပါလားပေါ့။ နောက်ပြီး ဒီလောက်နှစ်တွေ ကြာလာတာတောင် ငြိမ်းချမ်းရေးဟာ မြည်းစရာ အကောင်းဆုံးစာလုံးပေါင်း ဖြစ်နေဆဲပဲလား။ ကိုယ်တွေဘဝတွေကလည်း ပြေးဟယ် လွှားဟယ် မွန်းကျပ်နေတုန်းပဲလားပေါ့။ အံ့သြဖို့တောင် ကောင်းပါသေးတယ်။ တကယ့်ကိုတလွဲကြီး။










