တောင်ငူလွတ်လပ်ရေးပွဲတော် ကွင်းလေလံကြေးကို ကျပ်သိန်းပေါင်း ၁၇၅၀ ခွင့်ပြုထားပြီး လေလံကြေးကြီးမြင့်ခြင်းကြောင့် စျေးသည်များအတွက် ဆိုင်ခန်းခစျေးနှုန်းများကြီးမြင့်နေဟုဆို

တောင်ငူလွတ်လပ်ရေးပွဲတော် ကွင်းလေလံကြေးကို ကျပ်သိန်းပေါင်း ၁၇၅၀ ခွင့်ပြုထားပြီး လေလံကြေးကြီးမြင့်ခြင်းကြောင့် စျေးသည်များအတွက် ဆိုင်ခန်းခစျေးနှုန်းများကြီးမြင့်နေဟုဆို
Published 3 January 2020
ဇော်ဝင်းချစ် (တောင်ငူ)

တောင်ငူမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော လွတ်လပ်ရေးပွဲတော်ကြီးကို ၇၂ ကြိမ် မြောက်ကျင်းပမည်ဖြစ်ရာ ပွဲတော်ကျင်းပမည့် တောင်ငူမြို့မ မိုင်ဒါအားကစားကွင်း၏ ကွင်း လေလံကြေးအား ကျပ်သိန်းပေါင်း ၁၇၅၀ ဖြင့် ကန်ထရိုက်လုပ်ကိုင်ခွင့်ပေးထားပြီး လေလံကြေးကြီးမြင့်နေခြင်းကြောင့် ဆိုင်ခန်းငှား ရမ်းခများမှာလည်း စျေးနှုန်းကြီးမြင့်နေ၍ ပွဲ တော်စျေးသူစျေးသားများအတွက် အဆင်မပြေဖြစ်နေကြောင်း ၁၂ ပွဲစျေးသည်များထံ မှ သိရသည်။

ယခုနှစ် လွတ်လပ်ရေးပွဲတော်စျေးဆိုင် ခန်းများအား သုံးခန်းတွဲ၊ ခြောက်ခန်းတွဲ စသည် ဖြင့် အခန်းအတွဲလိုက်ရောင်းချပြီး လမ်းမ နံဘေး အဓိကကျသောနေရာများတွင် တစ် ခန်းလျှင် ကျပ် လေးသိန်းနှုန်းဖြင့်လည်းကောင်း၊ အတွင်းပိုင်းကျသော နေရာများတွင် တစ်ခန်းလျှင် ကျပ်နှစ်သိန်းနှုန်းဖြင့်လည်းကောင်း ပေးရကြောင်း၊ ထိုကဲ့သို့ ဆိုင်ခန်းခစျေးနှုန်းများ ကြီးမြင့်နေသည့်အပြင် ဆိုင်ခန်းဆောက်လုပ်ရန်နှင့် ပစ္စည်းများသယ်ပို့လုပ်ငန်းများ အတွက် အထွေထွေကုန်ကျစရိတ်များမှာ လည်း ပိုမိုမြင့်တက်လာခြင်းများကြောင့် စျေး သည်များအတွက် ကုန်ကျစရိတ်များစွာရှိနေ ပြီး ကွင်းကန်ထရိုက်လေလံကြေးကြီးမြင့်နေ ခြင်းမှာ နယ်လှည့်စျေးရောင်းချသူအတွက် ဝန် ထုပ်ဝန်ပိုးများဖြစ်နေရကြောင်းနှင့် ကန်ထရိုက်ကြေးနှုန်းကိုလျှော့ချပြီး ဆိုင်ခန်းခစျေး နှုန်းများကိုလည်း လျှော့ပြီးရောင်းချပေးစေ လိုကြောင်း နယ်လှည့်စျေးသည်များက ပြောကြားသည်။

ကွင်းလေလံကြေး ကြီးမြင့်ခြင်းကြောင့် စျေးသူစျေးသားများ အဆင်မပြေဖြစ်သည့် အခြေအနေနှင့် ပတ်သက်ပြီး ၁၂ ပွဲစျေးသည် အမျိုးသမီးတစ်ဦးက “စျေးသည်တွေ သေတယ်လေ။ အဲဒီလေလံတွေက စျေးသည်တွေ ခေါင်းပေါ်မှာလေ၊ ကန်ထရိုက်တွေခေါင်း ပေါ်မှာမဟုတ်တာ။ စျေးသည်တွေခေါင်းပေါ် မှာလေ။ အဲဒီဝန်တွေက အန်တီတို့အပေါ်မှာ ပိတာလေ။ လေလံကြေးများလေ အန်တီတို့ အပေါ်ပိလေပဲ။ အန်တီတို့က လေလံကြေး လျှော့မယ်ဆိုရင် တစ်ခန်းတစ်သိန်းလောက်ရရင် မဆိုးဘူးပေါ့။ စျေးသည်တွေများလာ မှာပေါ့။ စျေးသည် ၁၀၀ ရှိမယ့်နေရာက စျေး သည် ၃၀၀ လောက်ရှိလာမှာပေါ့။ နောက်ပြီးတော့ကျတော့ စျေးသည်လည်း ပိုများမယ်။ ကွင်းလုံးလည်းပြည့်သွားမယ် စည်စည်ကားကားလည်းဖြစ်သွားမှာပေါ့ ” ဟု ဆိုသည်။

ပွဲတော်ဆိုင်ခန်းစျေးနှင့် ရောင်းချရ သည့် အခြေအနေနှင့်ပတ်သက်ပြီး “ကျွန်တော်တို့ကို ဒီခြောက်ခန်းတွဲတစ်တွဲကို ၂၄ သိန်းနဲ့ရောင်းတယ်ဗျာ။ ကျွန်တော်တို့က သုံးခန်းပဲတတ်နိုင်တော့ သုံးခန်းတစ်တွဲယူလိုက် တာ ၁၂ သိန်းကျတယ်။ ပြောရရင်တော့ ကိုယ် က နှစ်စဉ်ထွက်နေကျဆိုတော့လည်း အဆင် ပြေအောင်လုပ်ရတော့တာပေါ့။ စျေးနှုန်းသက်သာတဲ့အချိန်ကျရင်တော့ အရောင်းအ ဝယ်ကောင်းရင်ကောင်းသလို အဆင်ပြေတာပေါ့။ မကောင်းတော့လည်း ကိုယ့်အတွက်က ပွတ်ကာသီကာပေါ့။ အဲဒီလောက်ပါပဲ” ဟု စိန်မှတ်မှတ် သနပ်ခါးဆိုင်မှ ကိုအာကာက ပြောကြားသည်။

ထိုကဲ့သို့ ပွဲတော်စျေးဆိုင်ခန်းများ ကြီး မြင့်ခြင်းကြောင့် ဆိုင်ကြီးသမားများနှင့် အရင်းအနှီးတောင့်သော စျေးသည်များသာ လာရောက်ရောင်းချနိုင်ကြပြီး ငွေကြေးအရင်းနည်းကာ ဆိုင်ခန်းအတွဲလိုက်မယူနိုင်သော ၁၂ ပွဲစျေးသည်အချို့နှင့် စျေးဆိုင်ငယ်သမားများမှာ ငွေကြေးမတတ်နိုင်ခြင်းများကြောင့်၊ ပွဲတော်၌ စျေးရောင်းချရန် အကျပ်အတည်းများ ကြုံတွေ့ကြရကြောင်း၊ အချို့စျေးသည် များမှာလည်း တောင်ငူလွတ်လပ်ရေးပွဲတော်၌ စျေးရောင်းနိုင်ခြင်းမရှိဘဲ အခြားသောလူစည်ကားမှုနည်းပါးသည့်ပွဲစျေးများတွင် သွား ရောက်ရောင်းချနေရကြောင်းနှင့် ပွဲတော်တွင် အများဆုံးလာရောက်ရောင်းချသော အညာဒေသ သနပ်ခါးစျေးသည်များ တဖြည်းဖြည်း လျော့နည်းလာခဲ့ကြောင်း သိရသည်။

ကွင်းလေလံကြေးမှာ ယမန်နှစ်က ၁၉၀၀ ကျော်ပေးသွင်းရပြီး ယခုနှစ်တွင် လေ လံကြေးကျပ်သိန်းပေါင်း ၁၇၅၀ ပေးသွင်းရ ကြောင်း၊ စျေးဆိုင်ခန်းများကို ယမန်နှစ်စျေး နှုန်းများအတိုင်း ထောင့်ကျသောဆိုင်ခန်းများ ကို ကျပ်နှစ်သိန်းဖြင့်လည်းကောင်း၊ ကြားကျသော ဆိုင်ခန်းများကို ကျပ်တစ်သိန်းခွဲဖြင့် လည်းကောင်း၊ ကျန်သော ပျံကျစျေးသည်များ အတွက် လေးသောင်း၊ ငါးသောင်း စသဖြင့် ရောင်းချပေးပြီး အဆိုပါဆိုင်ခန်းခစျေးနှုန်း များမှာ ၂၀၁၆ ခုနှစ်မှ ယခု ၂၀၁၉ အထိ ပုံမှန် အတိုင်း ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း၊ ပြီးခဲ့ သော ၂၀၁၈ ခုနှစ်က ကျပ်သိန်းပေါင်း ၂၈၀ ခန့် အရှုံးပေါ်ခဲ့ရကြောင်း လေလံလုပ်ကိုင် ခွင့်ရသူ ကန်ထရိုက်လုပ်ငန်းရှင် ဦးစန်းမောင် က ပြောကြားသည်။

တောင်ငူလွတ်လပ်ရေးပွဲတော်မှာ နှစ်စဉ် ဇန်နဝါရီ ၁ ရက်မှ ၁၀ ရက်အထိ ရက်ရှည်ကျင်းပသောပွဲတော်ဖြစ်ပြီး၊ စျေးသည် များမှာ ပွဲမစခင် ဒီဇင်ဘာလနောက်ဆုံးပတ် ခန့်မှစတင်၍ စျေးရောင်းချသကဲ့သို့ ပွဲတော် ပြီးသည့်ရက်တွင်လည်း မပြန်ကြသေးပဲ နောက်ထပ် ငါးရက်မှ ၁၀ ရက်ခန့်အထိ ဆက် လက်ရောင်းချလေ့ရှိကြောင်း၊ တောင်ငူမြို့ လွတ်လပ်ရေးပွဲတော်ကြီးတွင် မြန်မာနိုင်ငံ အနှံ့အပြားမှ ၁၂ ပွဲစျေးသည်များ၊ အညာသနပ်ခါးတုံးသည်များ၊ ကြည့်ချင်ဇာတ်ပွဲ ကပွဲရုံများ၊ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ များ၊ ချားရဟတ်၊ ပျော့ပျော့အိအိ၊ တိုက်ကား၊ ပင်လယ်ဓားပြ၊ မျက်လှည့်ပွဲများ၊ တောင်ငူ ဒေသထွက်ကုန်ပစ္စည်းများနှင့် သစ်ပင်ပန်းမန် အလှပျိုးပင်များကိုလည်း ခင်းကျင်းရောင်းချ ကြပြီး မြန်မာနိုင်ငံတွင် အစည်ကားဆုံး လွတ်လပ်ရေးပွဲတော်ကြီးတစ်ခုဖြစ်ကြောင်း သိရသည်။                      

 

Most Read

Most Recent