ကြက်မွေးမြူသူများအနေဖြင့် ရာသီဥတုပြောင်းလဲမှုများကြောင့် ကြက်မွေးမြူရေးလုပ်ငန်းအပေါ် ထိခိုက်မှုလျှော့ချနိုင်ရန် မွေးမြူရေးစနစ်များ အဆင့်မြှင့်ရန် မွေး/ကု တိုက်တွန်း

ကြက်မွေးမြူသူများအနေဖြင့် ရာသီဥတုပြောင်းလဲမှုများကြောင့် ကြက်မွေးမြူရေးလုပ်ငန်းအပေါ် ထိခိုက်မှုလျှော့ချနိုင်ရန် မွေးမြူရေးစနစ်များ အဆင့်မြှင့်ရန် မွေး/ကု တိုက်တွန်း
တစ်နိုင်တစ်ပိုင် မွေးမြူထားသော ကြက်မွေးမြူရေးခြံတစ်ခြံကို တွေ့ရစဉ်
တစ်နိုင်တစ်ပိုင် မွေးမြူထားသော ကြက်မွေးမြူရေးခြံတစ်ခြံကို တွေ့ရစဉ်
Published 3 January 2020

ကြက်မွေးမြူသူများအနေဖြင့် ရာသီဥတုပြောင်းလဲမှုကြောင့် ကြက်မွေးမြူရေးလုပ်ငန်းအပေါ် ထိခိုက်မှု လျှော့ချနိုင်ရန် မွေးမြူရေးစနစ်များ အဆင့်မြှင့်ရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက တိုက်တွန်းထားကြောင်း သိရသည်။

ကြက်မွေးမြူသူများအနေဖြင့် ထိခိုက်မှုလျှော့ချနိုင်ရန် မွေးမြူရေးစနစ်များ အဆင့်မြှင့်တင်ရန် လိုအပ်ပြီး ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များအား လိုက်နာကျင့်သုံးသွားရန် လိုအပ်ကြောင်း၊ ယင်းအတွက် ငွေကြေးရင်းနှီးမြှုပ်နှံရန် လိုအပ်ပြီး မူဝါဒချမှတ်သူများအနေဖြင့်လည်း ယင်းငွေကြေးရင်းနှီးမြှုပ်နှံမှုအတွက် အလေးထား စဉ်းစားပေးရန်လိုကြောင်း၊ အမြတ်အစွန်း တိုးတက်ရရှိစေရန်အတွက် စျေးကွက်နှင့် ရာသီအပေါ်အခြေခံ၍ မွေးမြူသည့် ကြက်ကောင်ရေ အတိုးအလျှော့ပြုလုပ်ရန် လိုအပ်ကြောင်း၊ ကြက်စျေးကောင်းသည့်အချိန်တွင် ရရှိသည့်အမြတ်ကို ပြန်လည်ရင်းနှီးမြှုပ်နှံရန် လိုကြောင်း၊ စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်ရန်အတွက် မွေးမြူသူများ အမှန်တကယ် လိုအပ်သည့် စျေးကွက်တည်ငြိမ်မှုကို ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ကြက်မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် ဆွေးနွေးတင်ပြချက်များအရ သိရသည်။           မြန်မာ့ကြက်မွေးမြူရေးမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်း တိုးတက်မှုရှိသော်လည်း အပြင်းစား ကြက်ငှက်တုပ်ကွေးရောဂါ အပါအဝင် အခြားကူးစက်ရောဂါများမှာ မြန်မာ့ကြက်မွေးမြူရေးသမားများကို နှစ်စဉ်ခြိမ်းခြောက်လျက်ရှိပြီး စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

မြန်မာ့ကြက်မွေးမြူရေးကဏ္ဍသည် တိုး တက်လာနေပြီး  ကြက်ဥ၊ ကြက်သားစားနှုန်း မြင့်မားလာနေသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက လိုအပ်ချက်များ များစွာရှိနေကြောင်း၊ ကြက်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အကြီးမားဆုံးစိန်ခေါ်မှုမှာ ရောဂါကျရောက်မှုဖြစ်နေပြီး အပြင်းစား ကြက်ငှက်တုပ်ကွေးရောဂါ အပါအဝင် အခြားကူးစက်ရောဂါအမျိုးမျိုးနှင့် နှစ်စဉ်ကြုံတွေ့နေကြရာ တစ်ဖက်တွင်လည်း လုံလောက်သည့် ရောဂါရှာဖွေစမ်းသပ်မှုများကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

၂၀၀၃ ခုနှစ်မှ လက်ရှိ ၂၀၁၉ခု နှစ်အထိ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၆ နိုင်ငံ၌ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှု ၈၆၀၊ သေဆုံးသူဦးရေ ၄၅၄ ဦးအထိရှိကြောင်း  ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယခုနှစ်အတွင်း ထုတ်ပြန်ကြေညာထားသည်။

မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေး H5N1 ကို ၂၀၀၆ ခုနှစ်က စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၂၀၀၆ ခုနှစ် မတ်နှင့်ဧပြီလတွင် မန္တ လေး၊ စစ်ကိုင်း၌လည်းကောင်း၊ ၂ဝဝရခုနှစ် ဖေဖော်ဝါရီနှင့်အောက်တိုဘာလတွင် ရန်ကုန်၊  မွန်၊ ပဲခူး၌လည်းကောင်း၊ ၂ဝဝရခုနှစ်၌ပင် ဒုတိယအကြိမ်တွေ့ရှိမှုကို နိုဝင်ဘာနှင့် ဒီဇင် ဘာလတွင် ရှမ်းပြည်နယ်၌ ထပ်မံတွေ့ရှိခဲ့ ကြောင်း၊ ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီနှင့်မတ် လတွင်ရန်ကုန်နှင့် စစ်ကိုင်း၌လည်းကောင်း၊ ၂၀၁၁ ခုနှစ် ဇန်နဝါရီနှင့်ဖေဖော်ဝါရီလတွင် ရခိုင်နှင့် စစ်ကိုင်း၌လည်းကောင်း၊ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီနှင့်မတ်လတွင်စစ်ကိုင်း နှင့် ပဲခူး၌ လည်းကောင်း၊ ၂၀၁၅ ခုနှစ် ဖေဖော် ၀ါရီလတွင် စစ်ကိုင်း၌လည်းကောင်း၊ ၂၀၁၆ ခုနှစ် ဧပြီလတွင် စစ်ကိုင်း၌လည်းကောင်း အသီးသီးဖြစ်ပွားခဲ့ကြောင်းနှင့် ၂၀၁၆ ခုနှစ် တွင် နောက်ဆုံးဖြစ်ပွားခဲ့သည့် ရောဂါဖြစ်ပွားမှုဖြစ်စဉ်တွင် H5N1 အပြင် H9N2 ခေါ် အပျော့စား ကြက်ငှက်တုပ်ကွေးရောဂါ ပူးတွဲဖြစ်ပွားမှုကို တွေ့ရှိခဲ့ကြောင်း သိရသည်။ 

ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားလေ့ရှိသည့် ကာလများတွင် ကြက်ငုံးခြံများကို ဇီဝလုံခြုံမှု မြှင့်တင်ရန် လိုအပ်ကြောင်း၊ ကြက်ငှက်များတွင် ကြက်ငှက်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ဆောင်းခိုငှက်များနှင့် အိမ်မွေးကြက်၊ ငှက်၊ ဘဲနှင့် ငုံးများ ဆက်စပ်ထိတွေ့မှု မရှိစေရေး ဂရုပြုဆောင်ရွက်ရန်၊ ကြက်၊ ဘဲနှင့် ငုံးမွေးမြူရေးခြံများ၏ ဇီဝလုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ရန်၊ ကြက်၊ ငုံး မွေးမြူရေးခြံများနှင့် ကြက်၊ ဘဲအရှင် စျေးများတွင် စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ်ဆောင်ရွက်ရန်၊ အသား၊ ဥတို့ကို သေချာစွာ ချက်ပြုတ်ပြီးမှ စားသုံးရန်၊ ကြက်ငှက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးပါက နီးစပ်ရာအုပ်ချုပ်ရေးအ ဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာ နိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ထံသို့ ချက်ချင်း သတင်းပို့ရန်၊ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်း လုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူး ပေါင်း ပါဝင်ဆောင်ရွက်ရန် မွေး/ကုဌာနက အသိပေး နှိုးဆော်ထားသည်။

 

Most Read

Most Recent