ယိုယွင်းနေတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ မေးခွန်းထုတ်ရမည့် ရဲတပ်ဖွဲ့ရဲ့ ကျင့်ဝတ်စံနှုန်းများ

ယိုယွင်းနေတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ မေးခွန်းထုတ်ရမည့် ရဲတပ်ဖွဲ့ရဲ့ ကျင့်ဝတ်စံနှုန်းများ
လူအများဝေဖန်ခဲ့သည့် နေပြည်တော်၌ ပြုလုပ်ခဲ့သော ဗစ်တိုးရီးယားအမှု သတင်းစာရှင်းလင်းပွဲကို  တွေ့ရစဉ်
လူအများဝေဖန်ခဲ့သည့် နေပြည်တော်၌ ပြုလုပ်ခဲ့သော ဗစ်တိုးရီးယားအမှု သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
Published 30 December 2019
ဇော်မင်းနိုင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲကြေညာစာတမ်း၌လည်းကောင်း၊ လက်ရှိ နိုင်ငံ့ခေါင်းဆောင်များဖြစ်သည့် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း တဖွဖွပြောနေသည်မှာ မြန်မာနိုင်ငံ၏တရား ဥပဒေစိုးမိုးရေးပင်ဖြစ်သည်။

သို့သော် လက်ရှိမြန်မာနိုင်ငံ၏အခြေ အနေအရ ပြည်တွင်းတရားဥပဒေစိုးမိုးရေး နှင့်ပတ်သက်ပြီး ပြည်သူများအကြားတွင် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိနေသည်မှာလည်း ငြင်းဆိုဖွယ်ရာမရှိသည့် အခြေအနေ တစ်ခုပင်ဖြစ်သည်။

ဒီဇင်ဘာ ၁၈ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ရဲတပ်ဖွဲ့နှင့်ပတ်သက်၍ ပြည်သူများ အထင်အမြင် လွဲမှားစေမည့် ပြုမူနေထိုင်ခြင်းများကို သတိထားလုပ်ကိုင်ကြရန် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်က မှာကြားခဲ့သည်။

တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေးမှာ ခွဲခြားမရကြောင်း၊ တရားဥပဒေစိုးမိုးမှုမရှိဘဲ နိုင်ငံအတွင်း မလုံခြုံနိုင်ကြောင်း၊ နိုင်ငံအတွင်း မှီတင်းနေထိုင်သည့် တစ်ဦးချင်း၏လုံခြုံရေးသည် တရား ဥပဒေစိုးမိုးမှုရှိမှ ဖြစ်နိုင်မည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးမှုရှိမှသာ ရပ်ရွာအေးချမ်း သာယာမှုရှိမည်ဖြစ်ကြောင်း၊ ဥပဒေဆိုသည်မှာ လူများက စိတ်ခံစားချက်အတိုင်း မလုပ်ဘဲ စည်းမျဉ်းစည်းကမ်း ဘောင်အတွင်းက မျှမျှတတလုပ်နိုင်အောင် ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ တရားရုံးများသည်လည်း လူ့သဘာဝအခြေအနေနှင့် ကိုက်ညီအောင် ဥပဒေကို စီမံခန့်ခွဲရခြင်းပင်ဖြစ်ကြောင်း၊ တရားမျှတခြင်းကို အကြင်နာတရားနှင့် ထိန်းကျောင်းရမည်ဖြစ်ကြောင်း၊ မေတ္တာတရားမရှိဘဲ အေးချမ်းသာယာမှုမရှိနိုင်ကြောင်း၊ ကမ္ဘာပေါ်တွင် အင်မတန်ဖွံ့ဖြိုးတိုးတက်တည်ငြိမ်သည့် နိုင်ငံများ၏ ရဲတပ်ဖွဲ့များဆိုလျှင် ပြည်သူများက ယုံကြည်စိတ်ချ အားကိုးကြသည့် ရဲတပ်ဖွဲ့များ ဖြစ်နေသည် ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ယင်းရဲတပ်ဖွဲ့ များရှိလျှင် သူတို့အပေါ် မည်သည့်အန္တရာယ်မှ မကျရောက်နိုင်ဘူးဆိုသည်အထိ စိတ်ချ လုံခြုံမှုပေးနိုင်သည့် နိုင်ငံများသည် အင်မတန်ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများဖြစ်နေ သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ယင်းသို့ တွေ့ဆုံဆွေးနွေးအပြီး နောက်တစ်ရက်တွင် ပြည်သူများအကြား ရဲတပ်ဖွဲ့အား ပြင်းပြင်းထန်ထန်ဝေဖန်စေမည့် ဖြစ်ရပ်တစ်ခုကို ရဲတပ်ဖွဲ့ လုပ်ဆောင်ခဲ့သည်။

ယင်းမှာ တစ်နိုင်ငံလုံးက လျှို့ဝှက်ထား သည့် ဗစ်တိုးရီးယားကလေးငယ်၏ အမည်၊ ဖခင်ဖြစ်သူ၏ အလုပ်အကိုင်၊အမည်နှင့် နေရပ်လိပ်စာများကို ရဲတပ်ဖွဲ့က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ကာ ပြောကြားခဲ့ခြင်းဖြစ် သည်။

ဗစ်တိုးရီးယားဟုအမည်ပေးထားသည့် ကလေးငယ်လိင်အကြမ်းဖက်ခံရမှုနှင့်ပတ်သက်ပြီး စွပ်စွဲခံထားရသည့် အောင်ကြီးဆိုသူအား တရားရုံးက တရားရှင်လွှတ်ပေးလိုက်ခြင်းအပေါ် ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၉ ရက် တွင် နေပြည်တော်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ လူမှုကွန်ရက်စာမျက်နှာတွင် ရဲဇာနည် Facebook မှတစ်ဆင့် Live လွှင့်ခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ထုတ်ဖော်ပြောဆိုမှုများကို တိုက်ရိုက်ထုတ်လွှင့်နေစဉ်မှာပင် ဝင်ရောက်ကြည့်ရှုသူများက အပြင်းအထန်ဝေဖန်မှုများ မြင့်တက်လာခဲ့ပြီးနောက်တွင် တိုက်ရိုက်ထုတ်လွှင့်မှုကို ရဲဇာနည်ပေ့ချ်မှ ပြန်လည်ဖြုတ်ချခဲ့ရသည်။

ရဲတပ်ဖွဲ့သည် တပ်မတော်နှင့် သဘော သဘာဝမတူကြောင်း၊ ပြည်သူနှင့် အနီးကပ် ဆက်ဆံသည့်နေရာတွင် နိစ္စဓူဝ ပြည်သူ၏လုံခြုံရေး၊ အေးချမ်းသာယာရေးကို အဓိကလုပ်ရမည်မှာ ရဲတပ်ဖွဲ့ဖြစ်ကြောင်း၊ မိမိ၏တာဝန်သည် မည်မျှကြီးမားသည်ဆိုသည်ကို နှလုံးသွင်းပြီး တာဝန်ကို ကျေကျေပွန်ပွန် လုပ်ဆောင်စေလိုကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားအပြီး တစ် ရက်အကြာမှာပင် လူအများဝေဖန်စေမည့် အကြောင်းအရာတစ်ခုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

“သူတို့က မသိလို့လား။ မသိလို့ဆိုရင် တော့ နလပိန်းတုံးနိုင်လွန်းတယ်လို့ ထင် တယ်။ ဥပဒေကို အတည်ပြုပေးရမယ့်အဖွဲ့ အစည်းက ဥပဒေကိုမသိလို့ ချိုးဖောက်တာ ဆိုရင် ဖရိုဖရဲဖြစ်နေတယ်။ သူတို့ကို အထင် ကြီးစရာ တော်တော်မရှိသွားပြီ။ နောက်တစ်ခါ သိလျက်နဲ့ တမင်လုပ်တာလား။ သူတို့ရဲ့ ထွက်ပေါက်ကို တစ်ခုခုရှာချင်တာလား။တစ်ခုခု တိုက်ချင်တာလား။ အဲဒါဆိုရင်တော့ အထင်သေးစရာပေါ့ဗျာ။ ဒါက ကောက်ကျစ် သလိုဖြစ်တာပေါ့။ အောက်စည်းက ထိုးတာပေါ့” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင် မောင်ဇော်က သုံးသပ်ပြောကြားသည်။

ရဲတပ်ဖွဲ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကျင့်ဝတ်နှင့်မညီသည့် ပြောကြားချက်များ ပါဝင်လာသဖြင့် တိုက်ရိုက်ထုတ်လွှင့်နေသည့် မီဒီယာများမှာလည်း ပြန်လည် ဖြုတ်ချခဲ့သည်။

ယင်းသို့ ထုတ်ဖော်ပြောဆိုမှုမှာ ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းက ပြဋ္ဌာန်းခဲ့သည့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေ နှင့်ငြိစွန်းနေပြီး ယင်းသို့ထုတ်ဖော်ပြောဆိုမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့အပေါ် မေးစရာရှိ လာပြီဖြစ်ကြောင်း ပြည်သူ့လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စိုး စိုးကြည်က ပြောကြားသည်။

“ကျူးလွန်ခံလိုက်ရတဲ့ကလေး၊ နောက်တစ်ခါ သူက သက်သေ၊ တရားလိုအဖြစ်လည်း စစ်ဆေးခံနေရတဲ့အချိန်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့က တစ်အချက်ကတော့ ကျွန်မတို့လည်း စဉ်းစားပါတယ်။ လုံးဝမသိ တာလား။ ကလေးသူငယ်အခွင့်အရေးဆိုင် ရာ ဥပဒေကို မသိတာလား။ ဒါတော့ မဖြစ် လည်း မဖြစ်သင့်ဘူး။ မဖြစ်လည်းမဖြစ်နိုင် ဘူးလို့ ကျွန်မတို့ ယူဆပါတယ်။ အဲဒီတော့ နောက်တစ်ချက်ကတော့ ဘာကြောင့်လဲ။ ဘာကြောင့် ဒီလိုထုတ်ပြန်လိုက်တာလဲ။အခု တော့ အဲဒီ ဏေါန မှာ ဖြုတ်ချလိုက်ပါပြီ။ ကျွန်မ ကြည့်နေတယ်။ အခုမနက်မှာတော့ မတွေ့တော့ပါဘူး။ ဖြုတ်တော့ ဖြုတ်ချလိုက် ပြီ။ သို့သော် တော်တော်များများပျံ့နှံ့သွားပြီ ဖြစ်တဲ့အတွက် ဒီသမီးငယ်လေးအတွက် အ လွန်ပဲနစ်နာတယ်။ သူ့မိဘတွေလည်း ထိ ခိုက်ခံစားကြရတယ်။ ဒါဆိုလို့ရှိရင် မြန်မာ နိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဘယ်လိုဆက်လက်ပြီး တော့ ဆောင်ရွက်မှာလဲ။  ဘယ်အဆင့်ကနေ ထုတ်ပြန်လိုက်တာလဲ။ တာဝန်ရှိသူအဆင့် ဆင့်က ဘယ်လိုအရေးယူဆောင်ရွက်ပေးမှာလဲ။ ဒါ ကျွန်မတို့မေးရမယ့် တာဝန်ရှိလာပါ ပြီ” ဟု ဒေါက်တာခင်စိုးစိုးကြည်က ပြော ကြားသည်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ၏အခန်း (၁) ပုဒ်မ (၃) (ဃ) တွင် ကလေး သူငယ်၏ အခွင့်အရေးများထဲမှ အဓိကဖြစ် သည့် အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အကာအကွယ် စောင့်ရှောက်မှုရရှိစေရေးနှင့် ပါဝင်ခွင့်ရရှိရေးများတွင် ကလေး၏ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အများဆုံးဖွံ့ဖြိုးတိုး တက်ရန် လုပ်ဆောင်ရမည်ဖြစ်ပြီး ကလေး သူငယ်အရေးများကို စီမံဆောင်ရွက်သည့် နေရာတွင် ကလေးသူငယ်မှုခင်းများကို စီရင် ပြီး ဆုံးဖြတ်သည့်နေရာတွင် ကလေးများ၏ အဓိကအကျိုးစီးပွားကို ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။

ထို့ပြင် ပုဒ်မ ၉၆ (က) တွင် တစ်ဦးချင်း လွတ်လပ်လုံခြုံမှုကို ကာကွယ်စောင့်ရှောက် ရမည်၊ ပုဒ်မ (ဃ) တွင် စွပ်စွဲခံရသည့် ကလေး ဖြစ်စေ၊ သက်သေအဖြစ်ပါဝင်သည့် ကလေး ဖြစ်စေ၊ ယင်းကလေးများကို ထုတ်ဖော်၍မ ပြောရကြောင်း၊ မှုခင်းများစစ်ဆေးသည့်နေ ရာတွင် ပုံနှိပ်မီဒီယာများ၊ ရေဒီယို၊ ရုပ်မြင်သံ ကြား၊ ဆိုရှယ်လူမှုကွန်ရက်များတွင် ထုတ် ဖော်၍မပြောရဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ (င)တွင် ကျူးလွန်ခံရသည့်ကလေးဖြစ်စေ၊ သက် သေပါသည့် ကလေးဖြစ်စေ၊ ၎င်းင်းနှင့်သက်ဆိုင် သည့်သူများကလည်း ထုတ်ဖော်မပြောရဟု ပြဋ္ဌာန်းထားသည်။

ယင်းသို့ ထုတ်ဖော်ပြောကြားခြင်းပြုပါ က ပုဒ်မ ၁၀၁ (က) ၏ အပိုဒ်ခွဲငယ် (၂) တွင် ထောင်ဒဏ် လေးလမှ တစ်နှစ်အထိ ချနိုင်ပြီး ငွေဒဏ်ဆိုပါက ကျပ် လေးသိန်းမှ ကျပ် ခြောက် သိန်းအထိဖြစ်စေ ချမှတ်နိုင်ကြောင်း၊ ယင်းအ ပြင် ဒဏ်နှစ်ရပ်စလုံးကို ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

ယင်းဖြစ်စဉ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အ နေဖြင့် ကျင့်ဝတ်စံနှုန်းများအပေါ်တွင် စောင့် ထိန်းခြင်း၊ ဥပဒေကို လေးစားလိုက်နာခြင်း စသည့်အခြေအနေများပေါ်တွင် မေးခွန်း ထုတ်ရမည့်အခြေအနေများလည်း ဖြစ်နေ သည်။

အလားတူ ဒီဇင်ဘာလအတွင်းက ပြု လုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး မှ ပေးပို့သော ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာ အထိ ခြောက်လအတွက် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာမှာလည်း ရဲတပ်ဖွဲ့အတွက် သိက္ခာ ကျစေမည့် ဖော်ပြချက်တစ်ခုပါဝင်ခဲ့သည်။

 

ယင်းမှာ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့လက်အောက်ရှိ ဟိုပန်ခရိုင်ရဲ တပ်ဖွဲ့မှူးရုံးနှင့် ရဲတပ်ဖွဲ့သုံးခုတွင် ကျပ်သန်း ၆၁၀ ကျော် အလွဲသုံးစားပြုလုပ်ထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း လွှတ်တော်၌ ပြည် ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက တင် ပြခဲ့ခြင်းဖြစ်သည်။

အလွဲသုံးစားပြုခဲ့သည့် ရဲဌာနများမှာ စာရင်းစစ်ချုပ်အစီရင်ခံစာအရ လေးခုရှိပြီး ယင်းတို့အနက် ဟိုပန်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှာ ငွေများ ပြန်လည်ပေးသွင်းခြင်း မရှိသေး ကြောင်း စာရင်းစစ်ချုပ်အစီရင်ခံစာအရ သိ ရသည်။

ယင်းလေးခုမှာ ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးတွင် ကျပ်သန်း ၄၀၇ ဒသမ ၄၀၉၊ အမှတ် ၄ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ (ရွှေစာရံ) မန္တလေး ကျပ်သန်း ၈၇ ဒသမ ၈၉၄၊ အမှတ်-၃ ရဲလေ့ ကျင့်ရေးသင်တန်းကျောင်း စစ်ကိုင်းမြို့ ကျပ် သန်း ၁၀၀ ဒသမ ၅၀၅ နှင့် အမှတ်-၁ ရေနံ မြေလုံခြုံရေးရဲတပ်ဖွဲ့ခွဲ (ရေနံချောင်း) ကျပ် သန်း ၂၀ ဒသမ ၈၅၃ တို့ဖြစ်သည်။

“ဟိုပန်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးအလွဲသုံးစား ပြုငွေမှအပ ကျန်အလွဲသုံးစားပြုငွေများအား သက်ဆိုင်ရာငွေထုတ်စာရင်းများသို့ ပြန်လည် ပေးသွင်းပြီးဖြစ်ကြောင်း တွေ့ရှိရပါတယ်” ဟု ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက လွှတ်တော်၌ တင်ပြခဲ့သည်။

ထို့ပြင် ရဲဌာနများအနေဖြင့် ဌာနတွင်း ကြီးကြပ်ကွပ်ကဲမှုစနစ် လိုက်နာဆောင်ရွက်နိုင်ရေး ကြီးကြပ်ကွပ်ကဲရန်လိုအပ်သည်ဟု ပြည်ထောင်စုစာရင်းစစ်ချုပ်က လွှတ်တော်၌ ထောက်ပြခဲ့သည်။

ဥပမာအနေဖြင့် ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် ကဒက်စိန်နယ်မြေရဲစခန်း၏ အချုပ်ခန်းဆောက်လုပ်မှုတွင် သတ်မှတ်ရက် အတိုင်းပြီးစီးမှုမရှိခဲ့သည်ကို တွေ့ရှိခဲ့ရသည်ဟု စာရင်းစစ်ချုပ်က ပြောကြားခဲ့သည်။

ယင်းအချက်များကြောင့်ပင် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးလုပ်ငန်းမှာ ထင် သလောက်ခရီးမပေါက်သည့်အပြင် ကျဆင်း နေသည်ဟု ဆိုရမလိုပင်ဖြစ်သည်။

ကမ္ဘာပေါ်တွင် သတ်မှတ်ချက်စံနှုန်းများ အရ ရဲတစ်ဦးလျှင် လူ ၄၅၀ ခန့်ကို စောင့် ရှောက်နိုင်ကြောင်း၊ သို့သော် မြန်မာနိုင်ငံတွင် လက်ရှိရဲတပ်ဖွဲ့အင်အားအရ ရဲတစ်ဦးလျှင် လူ ၁၀၀၀ ကျော်ကို စောင့်ရှောက်နေရကြောင်း၊ ယင်းကြောင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပိုမို အားထုတ်လုပ်ကိုင်နေရမည်ဖြစ်ကြောင်း၊  ပြည်သူသည် ရဲများကို ကြောက်ရွံ့နေခြင်းမျိုး မဟုတ်ဘဲ အားကိုးတန်ဖိုးထားခြင်းမျိုးဖြစ် အောင် လုပ်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် ပြည်သူများ လုံလုံခြုံခြုံနေနိုင် ရန် ရပ်ရွာတည်ငြိမ်အေးချမ်းသာယာရေးအ တွက် လုပ်ဆောင်နေသည်ဟု ပြည်သူက မြင် လာပြီဆိုလျှင် အောင်မြင်ပြီဟု ဆိုရမည်ဖြစ် ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထားသည်။

သို့သော်လက်ရှိအချိန်အထိ ရဲတပ်ဖွဲ့၏ လုပ်ဆောင်မှုစွမ်းဆောင်ရည်မှာ တိုးတက် လာခြင်းမရှိဘဲ ပိုမိုကျဆင်းလာနေသည်ဟု ဆိုရမလိုပင်ဖြစ်သည်။ ရဲတပ်ဖွဲ့အတွက် ဥရောပသမဂ္ဂ (EU) က သင်တန်းပေးခြင်းများ ရှိနေသော်လည်း တိုးတက်လာခြင်းမရှိသေးပေ။

အထက်တွင်ဖော်ပြခဲ့သည့် ဖြစ်စဉ်နှစ်ခုမှာပင် မေးခွန်းထုတ်ရမည့်အခြေအနေများဖြစ်ပြီး အောက်ခြေတွင် တိုးတက်မှုသာမက အထက်တွင်လည်း မည်သို့မျှပြောင်းလဲခြင်း မရှိသေးသည့်အခြေအနေကို မြင်တွေ့ရမည် ဖြစ်သည်။

အလားတူ အလုံမြို့နယ် သစ်တောလမ်းနေ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကို ထွေအုပ်ရုံးမှ ဖုန်းကို ခိုးယူသူဟုစွပ်စွဲပြီး ရဲတပ်ဖွဲ့က ၀ိုင်းဝန်းရိုက်နှက်ခဲ့သည့်ဖြစ်စဉ်၊  သန်လျင်မြို့နယ်တွင် အငှားယာဉ်မောင်းတစ် ဦးကို မော်တော်ကား ခိုးယူလာသူဟု စွပ်စွဲ ကာ စစ်ဆေးမေးမြန်းရာမှ လက်လွန်ပြီး သေ ဆုံးခဲ့သည့်ဖြစ်စဉ်များမှာလည်း ရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်ရမည့်အခြေအနေ ဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်တစ်ဦးအနေဖြင့် လိုက်နာ စောင့်ထိန်းရမည့် အပါး ၇၀ ရှိသည်။ ယင်းတို့ အနက် ပြည်သူများအပေါ်တွင် လိုက်နာရမည့် ကျင့်ဝတ် ၁၀ ပါးရှိသည်။

ယင်း ၁၀ ပါးမှာ ‘ဥပဒေဘောင်အတွင်း လိုက်နာနေထိုင်သော ပြည်သူကို ချစ်ခင်ပါ။  ပြည်သူလူထု၏ အကျိုးစီးပွားကို ဦးထိပ်ထားပါ။ ပြည်သူလူထုက အပ်နှင်းထားသော လက်နက်နှင့် လုပ်ပိုင်ခွင့်များကို အသုံးပြု၍ ပြည် သူလူထုကို ကာကွယ်ပါ။ ပြည်သူလူထု၏ဆန္ဒ ကို တရားဥပဒေနှင့်အညီ ဖြည့်ဆည်းပါ။ ပြည် သူလူထုနှင့် ဆက်ဆံရာတွင် ရိုင်းပြစွာ ပြော ဆိုဆက်ဆံမှုကို ရှောင်ကြဉ်ပါ။ ပြည်သူလူထု ၏ ယုံကြည်ကိုးစားမှုကို ရယူပါ။ ပြည်သူလူထု ၏ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားပါ။ ပြည်သူလူထုအတွက် တရား ဥပဒေနှင့်အညီ အခွင့်အရေးများကိုကာကွယ် စောင့်ရှောက်ပါ။ လုပ်ပိုင်ခွင့်အာဏာကို အခွင့်ကောင်းယူပြီး ပြည်သူလူထုအပေါ် အနိုင်မကျင့်မိစေရန် သတိပြုပါ။ ပြည်သူလူထု၏ သားပျို၊ သမီးပျိုနှင့် သားမယားတို့ကို စည်း စောင့်ပါ’ တို့ဖြစ်သည်။

ယင်းကျင့်ဝတ် ၁၀ ပါးကို မလိုက်နာပါက အဆိုပါအချက်များမှာ စာအုပ်ထဲတွင်သာ သိမ်းဆည်းထားရမည့် အရာများသာဖြစ်နေမည် ဖြစ်သည်။

ထို့ပြင် ဒီမိုကရေစီစနစ်တွင် တရားဥပ ဒေစိုးမိုးရေးမှာ အဓိကအသက်သွေးကြော ဖြစ်သည်။ ပြည်တွင်းလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် ရဲတပ်ဖွဲ့မှာ ပြည်သူများအ တွက် အားကိုးအားထားပြုရမည့် ဌာနတစ်ခု ဖြစ်သည်။

၂၀၁၉ ခုနှစ် မေ ၂၄ ရက် နေပြည်တော် တွင်ပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတနှင့် နေ ပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင် များ၊ နေပြည်တော်စည်ပင်သာယာရေးကော် မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်^ မြို့နယ်အဆင့် ဌာနဆိုင်ရာ တွေ့ဆုံပွဲအခမ်း အနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က  အုပ်ချုပ်ရေးယန္တရားသည် တရားဥပဒေစိုးမိုး ရေးကို အထောက်အကူပြုသည့် ယန္တရားသာ ဖြစ်စေချင်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့လိုချင်တဲ့ အုပ်ချုပ်ရေး ယန္တရားသည် တရားဥပဒေစိုးမိုးရေးကို အထောက်အပံ့ပေးတဲ့ ယန္တရားပဲ ဖြစ်စေချင်တယ်။ ကျွန်တော်တို့လိုချင်တဲ့ အုပ်ချုပ်ရေး ယန္တရားသည် ပြည်သူကို လွတ်လပ်မှု၊ လုံခြုံမှု၊ ပျော်ရွှင်မှုပေးတဲ့ အုပ်ချုပ်ရေးစနစ်ပဲ ဖြစ်စေ ချင်တယ်။ ကျွန်တော်တို့ မလိုလားတဲ့ အုပ်ချုပ် ရေးယန္တရားသည် ပြည်သူကို ဖိစီးနှိပ်စက်တဲ့ ပြည်သူကို ဖိနှိပ်ချုပ်ချယ်တဲ့အုပ်ချုပ်မှုယန္တရား မဖြစ်စေချင်ဘူး” ဟု သမ္မတဦးဝင်းမြင့်က ပြောကြားသည်။

ပြည်တွင်းတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးတွင် ရဲတပ်ဖွဲ့မှာ အဓိကဌာနတစ်ခုဖြစ်ပြီး ယင်းအဖွဲ့အစည်းအနေဖြင့် ကျင့်ဝတ်၊ စံနှုန်းများကို လိုက်နာနိုင်မှသာ ပြည်သူများက အားကိုးရမည့်အဖွဲ့အစည်းဖြစ်လာမည်ဖြစ်သည်။ ပြည်ထဲရေး၏ လုပ်ကိုင်ဆောင်ရွက်မှု ညံ့ဖျင်းနေမည်ဆိုပါက ဒီမိုကရေစီစနစ်ကို မည်သို့မျှအကောင်အထည်ဖော်နိုင်မည် မဟုတ်ပေ။ လက်ရှိအစိုးရအနေဖြင့် ရဲတပ်ဖွဲ့ ၏ လုပ်ကိုင်ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ဆန်းစစ်ရမည့်အခြေအနေလည်း ဖြစ်လာနေပြီဖြစ်သည်။                         

Most Read

Most Recent