နံနက်ခင်းရဲ့နေရောင်ဟာ ပြတင်းပေါက်ကနေပြီး ဝင်ရောက်လာပါတယ်။ ဆောင်းနံနက်ခင်းလည်းဖြစ် အလုပ်ပိတ်ရက်လည်း ဖြစ်တာကြောင့် ကျွန်တော် အိပ်ရာမထသေးဘဲ ဆက်အိပ်နေပါတယ်။ အိပ်ပျော်နေတာ မဟုတ်ပေမဲ့ အပျင်းကြီးပြီး အိပ်ရာထဲမှာ မှိန်းနေတာပါ။ ဒါပေမဲ့ ကျွန်တော်ရဲ့ အပျင်းကြီးမှုကို သမီးလေးက ပျောက်ကွယ်သွားစေပါတယ်။ ကျွန်တော့်ကို သမီးလေး အတင်းလာနှိုးပါတယ်။ ကျွန်တော့်လက်ကို အတင်းဆွဲပြီး အိမ်ရှေ့ ငါးလေးတွေ ထည့်မွေးထားတဲ့ ကျောက်စည်ပိုင်းဆီကို ခေါ်လာပါတယ်။ ပါးစပ်ကလည်း “ ရွှေငါးလေးနှစ်ကောင် သေသွားပြီထင်တယ် ဖေဖေ။ ရေပေါ်မှာ ပေါ်နေပြီး မလှုပ်တော့ဘူး” ဆိုတဲ့စကားကို ထပ်ကာထပ်ကာ ပြောနေပါတယ်။ ငါးလေးတွေ ထည့်မွေးထားတဲ့ ကျောက်စည်ပိုင်းထဲက ရေပြင်ပေါ်မှာ ရွှေငါးလေးနှစ်ကောင် ပေါလော ပေါ်နေတာကို တွေ့ရပါတယ်။ လှုပ်လည်း မလှုပ်တော့ပါဘူး။ တခြားရွှေငါးနှစ်ကောင်နဲ့ ဒေါင်းငါးလေးတွေဟာ ရေပြင်ပေါ်မှာ ပါးစပ်လေးတွေ ဟစိဟစိနဲ့ ကူးနေကြပါတယ်။ကျောက်စည်ပိုင်းထဲ ရေတွေပုပ်ပြီး အောက်စီဂျင်နည်းနေပြီ ထင်ပါတယ်။ သမီးလေး ငါးမွေးချင်တယ်ဆိုလို့ ကျောက်စည်ပိုင်းထဲမှာ ရွှေငါးလေးတွေနဲ့ ဒေါင်းငါးလေးတွေ ဝယ်ပြီး ထည့်မွေးပေးထားတာပါ။ မှန်ကန်တွေ အောက်စီဂျင်ပေးတဲ့ ကိရိယာတွေနဲ့ မွေးရင် ပိုက်ဆံအများကြီး ကုန်မှာမို့ ကျောက်စည်ပိုင်းနဲ့ မွေးထားတာပါ။ ကျောက်စည်ပိုင်းနဲ့မွေးရတာမို့ အကြမ်းခံတဲ့ ရွှေဝါငါးကြင်းပေါက်တွေ၊ ဒေါင်း ငါးတွေပဲ မွေးထားတာပါ။ ကျွန်တော်တို့ဆီမှာက ရွှေဝါငါးကြင်းကို ရွှေငါးလို့ပဲ ခေါ်ပါတယ်။ အခုတော့ အကြမ်းခံတဲ့ ရွှေဝါငါးကြင်း (ရွှေငါး) တွေတောင် သေကုန်ပါပြီ။ ဒီရက်ပိုင်း အလုပ်ရှုပ်နေတာနဲ့ ငါးလေးတွေကို ကျွန်တော် ဂရုမစိုက်မိခဲ့ဘူး။ နံနက်မိုးလင်းရင် ငါးလေးတွေကို ကျွန်တော် အစာကျွေးပါတယ်။ ပြီးရင် ရေမိုးချိုးပြီး အလုပ်သွားပါတယ်။
ကျွန်တော်အလုပ်မသွားခင် အိပ်ရာက နှိုးလာတဲ့ သမီးလေးကို ငါးစာ ထပ်မကျွေးဖို့၊ ကျွေးပြီးပြီဖြစ်တဲ့အကြောင်း မှာခဲ့ပါတယ်။ ဒီရက်ပိုင်းမှာ အလုပ်ကို အစောကြီးသွားရတဲ့အတွက် ငါးစာ ကျွေးပြီးတဲ့အကြောင်း သမီး လေးကိုပြောခဲ့ဖို့ ကျွန်တော် မေ့နေခဲ့ပါ တယ်။ သမီးလေး ကျောင်းသွားဖို့ ရေချိုးရင်းနဲ့ ငါးတွေကို အစာထပ်ကျွေးတယ်ထင်ပါရဲ့။ ငါးတွေစား မကုန်တဲ့အစာတွေဟာ ရေကို ညစ်ပတ်စေပြီးတော့ ရေထဲကအောက်စီဂျင်ကို နည်းသွားစေပါတယ်။
ဒီရက်ပိုင်း အလုပ်ရှုပ်နေတဲ့ ကျွန်တော်ကလည်း အားမှ ရေလဲမယ်ဆိုပြီး ထားလိုက်တာပါ။ အခုတော့ ရွှေငါးလေးနှစ်ကောင် သေသွားရပြီပေါ့။ သားအဖနှစ်ယောက် ကျောက်စည်ကို ရေလှယ်ဖို့ လုပ်ကြပါတယ်။ ငါးလေးတွေကို ငါးဖမ်းဆန်ကာလေးနဲ့ ဖမ်း၊ ရေပုံးတစ်ခုထဲ ခဏထည့်ထားပြီး၊ ကျောက်စည်ပိုင်းထဲကရေကို ခပ်ထုတ်လှယ်ရပါတယ်။ ပြီးမှ ကျောက်စည်ပိုင်းထဲ ရေအသစ် ထည့်၊ ငါးလေးတွေကို ပြန်ထည့်ပေါ့။ အားလုံး ပြီးစီးသွားလို့ သားအဖနှစ်ယာက် အိမ်ရှေ့မှာထိုင်ပြီး အမောဖြေတုန်း သမီးလေးက ကျွန်တော့်ကို မေးလာပါတယ်။ “ ဖေဖေ ငါးလေးတွေက ရောဂါဖြစ်ပြီး သေသွားတာလား” တဲ့။ “ မဟုတ်ဘူးသမီးရဲ့ ရေတွေ ညစ်ပတ်လို့ သူတို့ အသက်ရှူမရဘဲ ရုတ်တရက် သေသွားကြတာ” ။ ကျွန်တော်ရဲ့အဖြေ အဆုံးမှာ သမီးလေး ငိုင်သွားပါတယ်။ နဂိုကတည်းက ငါးလေးတွေ သေသွားလို့ ဝမ်းနည်းနေတဲ့ သမီးလေးမျက်နှာဟာ ပိုပြီးတော့ မှိုင်းသွားပါတယ်။ “ ငါးလေးတွေလို သမီးတို့လည်း ရုတ်တရက် သေသွားနိုင်လား ဖေဖေ” တဲ့။ သမီးလေးကို ကျွန်တော် ချက်ချင်း ပြန်မဖြေနိုင်ပါဘူး။ ရုတ်တရက် သေသွားနိုင်လားတဲ့။ သမီးလေးရဲ့အမေးမှာ ကျွန်တော် ငိုင်သွားပါတယ်။ နောက်ဆုံးတော့ သမီးလေးကို မလိမ်ချင်တာနဲ့ “ ဖေဖေတို့လည်း ရုတ်တရက် သေနိုင်တာပေါ့ သမီးရဲ့” လို့ ပြန်ဖြေလိုက်ပါတယ်။
ကျွန်တော့်အဖြေအဆုံးမှာ သမီးလေးဟာ အိမ်ထဲကို ပြေးဝင်သွားပါတယ်။ မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတဲ့ သူ့အမေကို ဖက်ပြီး “ မေမေ၊ မေမေ ရုတ်တရက် မသေရဘူးနော်။ သမီးကို ထားမသွားရဘူးနော်” သမီးလေးဟာ စိုးထိတ်စွာနဲ့ သူ့အမေကို ပြောနေပါတယ်။ ဇနီးဖြစ်သူဟာ သမီးလေးကို ပြန်ဖက်ထားရင်းနဲ့ “ ရှင် သမီးကို ဘာပြောလိုက်လို့လဲ” သမီးလေးနောက်ကနေ အိမ်ထဲ လိုက်ဝင်လာတဲ့ ကျွန်တော့်ကို ဇနီးဖြစ်သူက လှမ်းမေးပါတယ်။ ဇနီးနဲ့ သမီးလေးနားကို ကျွန်တော်သွားရပ်ပြီး ငါလေးတွေ သေတာကစလို့ ၊ သမီးလေးမေးတဲ့ ရုတ်တရက် သေနိုင်လားအထိ ဇနီးဖြစ်သူကို ပြောပြလိုက်ပါတယ်။ ကျွန်တော့်စကား ဆုံးသွားတဲ့အခါ ဇနီးဖြစ်သူဟာ သမီးလေးရဲ့မေးခွန်းကို သဘောပေါက်သွားပါတယ်။ “ မေမေ ရုတ်တရက် မသေပါဘူး သမီးရဲ့” ။ သမီးလေးဟာ သူ့အမေစကားကို ခေါင်းညိတ်လိုက်ရင်းနဲ့ “ ဖေဖေလည်း ရုတ်တရက် မသေရဘူးနော်” လို့ ကျွန်တော့်ကို ပြောလာပြန်ပါတယ်။ “ အေး ပါ သမီးရယ်။ ဖေဖေရော မေမေရော ရုတ်တရက် မသေပါဘူး ၊ သမီးလေးနဲ့အကြာကြီး အတူနေသွားမှာ” ။ သမီးလေးကို လိမ်ပြီး ပြောလိုက်တာ မဟုတ်ပေမဲ့ ချက်ချင်းရောက် လာတတ်တဲ့ သေခြင်းတရားကိုတော့ ခဏမေ့လိုက်ပါတယ်။ ကလေးတစ်ယောက်ရဲ့ စိုးထိတ်မှုကိုဖယ်ရှားပေးဖို့ ဒီအဖြေက အကောင်းဆုံးပဲ မဟုတ်လား။
သမီးလေးကို ခဏနေရင် အပြင်မှာ မုန့်သွားစားကြမယ်၊ ပန်းခြံသွားပြီး ကစားကြမယ်လို့ ပြောလိုက်ပါတယ်။ဝမ်းနည်းစိုးထိတ်နေတဲ့ သမီးလေးကို အာရုံပြောင်းလိုက်ရပါတယ်။ ခဏနေတော့ သားအမိသားအဖသုံးယောက် မုန့်စားဖို့ အပြင်သွားကြပါတယ်။ လက်ဖက်ရည်ဆိုင် ရောက်တဲ့အထိ ကျွန်တော့်ခေါင်းထဲမှာ ရှိနေတာက ရုတ်တရက်သေခြင်းပါ။ သမီးလေးမေးတဲ့ ရုတ်တရက် သေမှာလားဆိုတဲ့ မေးခွန်းပါ။ လက်ဖက်ရည်ဆိုင်က ထပြီး ပန်းခြံကို သွားတဲ့အခါမှာလည်း ရုတ်တရက်သေခြင်းဟာ ကျွန်တော်နဲ့အတူ လိုက်လာပါတယ်။ ကျွန်တော့်ဆီမှာ ခိုကပ်နေပါတယ်။ သမီးလေးရဲ့ဇနီးသည်တို့ ကစားနေတဲ့အနားမှာ ရှိတဲ့ထိုင်ခုံလေးမှာ ကျွန်တော် ထိုင်လိုက်ပါတယ်။ ကျွန်တော့်ရဲ့ အတိတ်တွေထဲက ရုတ်တရက်သေခြင်းအကြောင်းကို ပြန်တွေးနေမိပါတယ်။
လွန်ခဲ့တဲ့နှစ်တွေက ကျွန်တော့်သူငယ်ချင်းနှစ်ယောက်ဟာ ရုတ်တရက်သေခြင်းနဲ့ တွေ့ကြုံသွားခဲ့ရပါတယ်။ဆိုင်ကယ် မတော်တဆမှုတွေနဲ့ပေါ့။ သူတို့နှစ်ယောက်လုံးဟာ ဆိုင်ကယ်စီး ကျွမ်းကျင်ကြပါတယ်။ ဒါပေမဲ့ ရုတ်တရက် သေခြင်းဟာ ဘယ်ချောင်ကနေ ရောက်လာမှန်း မသိပါဘူး။ သူတို့ကို ပူးကပ်ပြီး ကျွန်တော့် သူငယ်ချင်းနှစ်ယောက်ကို လူ့လောကထဲက ထွက်ခွာသွားစေခဲ့ပါတယ်။ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းထားခြင်းနဲ့ ဆိုင်ကယ်ကို အရှိန်ပြင်းစွာ မောင်းခြင်းက ရုတ်တရက်သေခြင်းကို ဖြစ်ပေါ်စေခဲ့တာလား။ ကျွန်တော့်မှာ အဖြေမရှိပါဘူး။ အဲဒီအချိန်က ရုတ်တရက်သေခြင်းကို ကျွန်တော်ဟာ အရမ်းမုန်းတီးခဲ့တာပေါ့။ ဒါပေမဲ့ ကိုယ့်ပတ်ဝန်းမှာ တွေ့နေရတဲ့ ရုတ်တရက်သေခြင်းတွေကို မြင်တွေ့ရပါများတော့ ရုတ်တရက်သေခြင်းဟာ ကျွန်တော်တို့နဲ့ နီးကပ်လွန်းနေတာကို သိခဲ့ရပါတယ်။ ရုတ်တရက်သေခြင်းအတွက် ကျွန်တော်တို့ဟာ ခြင်းထဲကြက်တွေ၊ ပလိုင်းထဲက ငါးတွေမှန်း သိခဲ့ရတယ်။ ဒီလိုနဲ့ ရုတ်တရက်သေခြင်းကို ကျွန်တော် မမုန်းတော့ပါဘူး။ မေ့ပစ်ဖို့ပဲ ကြိုးစားပါတော့တယ်။ မေ့လည်း မေ့နေခဲ့တာပေါ့။ အိမ်ထောင်ကျပြီး သမီးလေးတစ်ယောက် ရခဲ့တာက ရုတ်တရက်သေခြင်းကို မေ့နေဖို့ လုံလောက်တဲ့ အကြောင်းပဲမဟုတ်လား။ စားဝတ်နေရေးအတွက် ရုန်းကန်နေရတာနဲ့ ရုတ်တရက်သေခြင်းကို ကျွန်တော် မတွေးဖြစ်ခဲ့ဘူးပေါ့။ သမီးလေး မေးလိုက်တဲ့ မေးခွန်းကြောင့် ရုတ်တရက်သေခြင်းဟာ ကျွန်တော့်ဆီ ပြန်ရောက်လာပါတယ်။ သူ့ကို မေ့လျော့လို့ မရဘူးဆိုတဲ့အကြောင်း ကျွန်တော့်ကို အချက်ပြနေပါတယ်။
ဆေးကုသလို့ရပေမဲ့ ပိုက်ဆံမရှိသေးအတွက် ဆေးရုံဆေးခန်းသွားဖို့ ပိုက်ဆံရှာရင်း ရုတ်တရက်သေသွားတဲ့ လူတွေ။ ဘယ်က ရောက်လာလဲ၊ ဘယ်သူပစ်လိုက်တာမှန်း မသိတဲ့ ကျည်ဆန်တွေ ဗုံးဆန်တွေကြောင့် ရုတ်တရက် သေသွားရတဲ့လူတွေ။ ခရီးသည် ပိုတင်တဲ့သင်္ဘောကို စီးမိရင်း ၊ ကြံခိုင်မှု မကောင်းတဲ့ ကားကို စီးမိရင်း၊ သင်္ဘောမှောက် ကားမှောက်ပြီး ရုတ်တရက်သေခြင်းနဲ့ တွေ့သွားရတဲ့လူတွေ။ ကျွန်တော်တို့ရဲ့ ခေတ်ကြီးမှာ အများကြီး အများကြီးပဲပေါ့။ ကျွန်တော်တို့ခေတ်ကြီးကိုယ်တိုင်က ရုတ်တရက်သေခြင်းနဲ့ တိုးမိနိုင်တဲ့ အနေအထား မဟုတ်လား။ ဆင်းရဲခြင်းဟာ ရုတ်တရက် သေခြင်းကို မျိုးပွားစေပါတယ်။ စစ်ပွဲတွေဟာ ရုတ်တရကသေခြင်းကို ကြီးထွားစေပါတယ်။ အာဏာရူးတွေဟာ ရုတ်တရက်သေခြင်းကို နေရာအနှံ့ ရောက်ရှိစေပါတယ်။ ရုတ်တရက် သေခြင်းဟာ ပုံသဏ္ဌာန်မျိုးစုံနဲ့ လှည့်လည်နေရဲ့။ အခုရော ပန်းခြံထဲ ရောက်လာပြီး ကျွန်တော့်နားမှာ ရှိနေမလား။ ကျွန်တော် အခုချက်ချင်း ဝင်ပူးကပ်မှာလား။ ကျွန်တော် ဆက်ပြီး မစဉ်းစားချင်တော့ပါဘူး။ သမီးလေးရဲ့ ရယ်သံလေးကို နားထောင်ပြီး ရုတ်တရက်သေခြင်းကို ကျွန်တော် ပြန်မေ့ထားလိုက်ပါဦးမယ်။ မိတ်ဆွေရော ဘယ်လိုအကြောင်းနဲ့ ရုတ်တရက်သေခြင်းကို မေ့ထားချင်ပါသလဲ။










