ဆိုင်ကယ်ကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိမှုများဖြင့် ခြိမ်းခြောက်မှုခံနေရသည့် မန္တလေး

ဆိုင်ကယ်ကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိမှုများဖြင့် ခြိမ်းခြောက်မှုခံနေရသည့် မန္တလေး
Published 27 December 2019
သက်ထွန်းအောင်

မော်တော်ဆိုင်ကယ်ကြောင့် မန္တလေးမြို့မှာ ထိခိုက်ဒဏ်ရာရရှိမှုများနှင့် သေဆုံးသူများ များပြားနေခြင်းသည် ယာဉ်မောင်းနှင်သူ၏ ပေါ့ဆမှုကြောင့် သော်လည်းကောင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှု အားနည်းခြင်းကြောင့် သော်လည်းကောင်း ဖြစ်ပွားနေခြင်းသည် ခြိမ်းခြောက်မှုတစ်ရပ်လို ဖြစ်လာနေခြင်းကြောင့် အထူးသတိပြုကာ ဆောင်ရွက်သင့်ပါသည်။

လမ်းအသုံးပြုသူများနှင့် မော်တော်ဆိုင်ကယ် အသုံးပြုသူများသည်လည်း နှစ်စဉ်နှင့်အမျှ တိုးပွားလာပြီး တစ်နေ့ထက်နေ့ များပြားလာခြင်းကြောင့် ယာဉ်အန္တရာယ်၏ ခြိမ်းခြောက်မှုသည်လည်း ကြီးထွားလာပါသည်။

လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအတွက် ယာဉ်မှတ်ပုံတင် ပြုလုပ်ပေးခြင်းနှင့် အိမ်နီးချင်းနိုင်ငံများမှ မော်တော်ဆိုင်ကယ်များ တရားဝင်တင်သွင်းကာ Showroom များတွင် အများအပြား ရောင်းချလာခြင်းကြောင့် အသက်အရွယ်မရွေး၊ လူတန်းစားပေါင်းစုံ၊ အသက်အရွယ်ရောက်သည်နှင့် လူတစ်ဦးချင်းစီတွင် စက်ဘီးအစား လိုရာခရီးသို့ ဆိုင်ကယ်အသုံးပြုကာ မောင်းနှင်လာကြပါသည်။

ဆိုင်ကယ်မောင်းနှင်သူ အများစုသည် သင်တန်းတက်ရောက်ပြီး မောင်းနှင်ကြသူ မဟုတ်ကြဘဲ နီးစပ်ရာလူများက သင်ကြားပေးမှုကြောင့် မောင်းနှင်တတ်လာပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ထားသည့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအား မသိရှိမှုကြောင့် ကိုယ်စိတ်ထင်ရာ မောင်းနှင်မှုများသည်လည်း မဖြစ်သင့်သည့် အသက်အန္တရာယ်များ ဖြစ်ပွားလာခြင်း ဖြစ်ပါသည်။ ဆိုင်ကယ်မောင်းနှင်ရာတွင် စိတ်ထင်ရာ ကိုယ်နားလည်သလို မောင်းနှင်ကြသလို ဦးရာလူ ဖြတ်မောင်းနှင်မှုများသည်လည်း အသက်အန္တရာယ်ကို စိန်ခေါ်နေလို ဖြစ်ပါသည်။

ဆိုင်ကယ်ပါဝင်သည့် ယာဉ်တိုက်မှုများတွင် ဆိုင်ကယ်ဦးထုပ် မဆောင်းမှုကြောင့်သည်လည်း လူ့အသက်အန္တရာယ် ဆုံးရှုံးမှုများ ဖြစ်ပွားလာခြင်း တွေ့ရှိရပါသည်။ ဆိုင်ကယ် ဦးထုပ်ဆောင်းရာတွင် အရည်အသွေးမီသည့် ဦးထုပ်နှင့် မေးသိုင်းကြိုးတပ်ကာ မောင်းနှင်မှုသည်လည်း အဓိကအရေးကြီးသည့် အချက်ပင် ဖြစ်ပါသည်။ အရက်၊ ဘီယာ၊ မူးယစ် စေတတ်သည့် အရာများကြောင့်သည်လည်း ဆိုင်ကယ်မောင်းနှင်ရာတွင် စိတ်ကိုမှားယွင်းမှု များစွာပေးနိုင်သည့် အန္တရာယ်ရှိသည့် အရာပင် ဖြစ်ပါသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ယာဉ်တိုက်မှုများကိုကြည့်လျှင် ယာဉ်တိုက်မှုသည် ၁၇၃၃ မှုဖြစ်ပွားခဲ့ရာတွင် သေဆုံးသူ ၅၇၆ ဦးနှင့် ဒဏ်ရာရရှိသူ ၂၅၆၃ ဦးရှိခဲ့ကြောင်း သိရပါသည်။ မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု အမျိုးအစားများတွင် မဆင်မခြင် မောင်းနှင်မှု ၁၇၇ မှု အရှိန်ပြင်းမောင်းနှင်မှု ၆၀ မှု၊ ယာဉ်မောင်း မကျွမ်းကျင်မှု ၃၂ မှု၊ မူးယစ်မောင်းနှင်မှု ၂၂ မှု စုစုပေါင်း ၂၉၁ မှုရှိခဲ့ရာတွင် ဆိုင်ကယ်ပါဝင်သော ယာဉ်တိုက်မှုကြောင့် ၁၅၆ မှု၊ သေဆုံးသူ ၈၆ ဦးနှင့် ဒဏ်ရာရသူ ၁၃၇ ဦးရှိခဲ့ပြီး ကားပါဝင်သော ယာဉ်တိုက်မှုတွင် ၁၃၅ မှု၊ သေ ဆုံးသူ ၄၈ ဦးနှင့် ဒဏ်ရာရရှိသူ ၁၄၄ ဦးရှိခဲ့သောကြောင့် ဆိုင်ကယ်ပါဝင်သော ယာဉ်တိုက်မှု များပြားနေသည်ကို တွေ့ရပါသည်။

၂၀၁၆ ခုနှစ် မေ ၁ ရက်မှ သြဂုတ် ၈ ရက်အထိ စတင်သည့် ရက်ပေါင်း ၁၀၀ စီမံချက်ကာလနောက်ပိုင်း ယာဉ်တိုက်မှု လျော့နည်းကျဆင်းရေး ခြောက်လတာ စီမံချက်တစ်ရပ်အား ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန် ငါးရပ်နှင့်အညီ ရေးဆွဲချမှတ်ကာ ခရီးသွားပြည်သူများ၊ လမ်းအသုံးပြုသူများ အနေဖြင့် ပင်ကိုအသိတရားဖြင့် လိုက်နာလာစေရေး၊ သတ်မှတ်စည်းကမ်းများနှင့်အညီ စနစ်တကျ မောင်းနှင်စေရေးအတွက် စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ အလယ်တွင် တည်ရှိမှုကြောင့် လမ်းပန်းဆယ်သွယ်မှု၏ အဓိကမြို့တော် ဖြစ်နေခြင်းကြောင့် လူဦးရေနှင့် မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များသည်လည်း တစ်နေ့ထက်တစ်နေ့ များပြားလာတာကို တွေ့ရပါသည်။ မန္တလေးမြို့၏ Down Town ဧရိယာအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်များကို ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ပူးပေါင်းအဖွဲ့များနှင့်အတူ လှည့်လည်စစ်ဆေး အရေးယူခြင်း၊ ညပိုင်းတွင် ကျုံးပတ်လည်လမ်းများနှင့် အချက်အချာကျသည့် လမ်းဆုံများတွင် အိပ်ဇောစက်သံ ဆူညံသော ဆိုင်ကယ်များနှင့် ပြိုင်ကားအသွင်သဏ္ဌာန် ကားများအား စစ်ဆေးအရေးယူခြင်း၊ နယ်မြေခံရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် လုံခြုံရေးအရ ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်ခြင်း၊ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၇ ရက်မှ စတင်ကာ စည်းကမ်းချိုးဖောက်သည့် ယာဉ်များအား မော်တော်ယာဉ် ဥပဒေဖြင့် စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မန္တလေးမြို့သည် မော်တော်ဆိုင်ကယ်အား အသုံးပြုမှု များပြားသေ မြို့ ဖြစ်သည်နှင့် နေ့စဉ်အမျှ လမ်းများပေါ်တွင် မော်တော်ဆိုင်ကယ်များဖြင့် လိုရာခရီးသို့ သွားနေကြသလို၊ တချို့လူများ၏ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမရှိဘဲ မောင်းနှင်မှုများကြောင့် လိုရာခရီးသို့ မရောက်ရှိဘဲ မလိုရာခရီးသို့ သွားနေမှုများကြောင့် အစားထိုးမရသည့် အသက်ဆုံးရှုံးများကြောင့် လူ့စွမ်းအား အရင်းအမြစ်များ လျော့နည်းမှုများ ဖြစ်ပွားနေဆဲကို တွေ့ရသည်။

 

Most Read

Most Recent