ဒီဇင်ဘာ တတိယပတ်အတွင်း အရှေ့ဘက်နှင့် အနောက်ဘက်မှလာသည့် လေပွေလှိုင်းများကြောင့် မြန်မာနိုင်ငံ မြောက်ဖျားပိုင်းနှင့် တောင်ဖျားပိုင်းတို့တွင် မိုးအနည်းငယ်ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။
“ဒီဇင်ဘာ တတိယ ၁၀ ရက်ပတ်မှာ တောင်ပိုင်းစွန်းနှင့် မြောက်ပိုင်းစွန်း မိုးနည်းနည်းလေးရွာမယ်။ မြောက်ပိုင်းစွန်းကတော့ အနောက်ဘက်ကလာတဲ့ လေပွေလှိုင်းနဲ့အတူ တိမ်လေးတွေဖြတ်နေတယ်။ အခုလက်ရှိမှာလဲ ပူတာအိုတို့မှာ မိုးရွာတယ်။ အများကြီးတော့ မဟုတ်ဘူး။ နောက်ရက်တွေလည်း ထပ်ရွာနိုင်တဲ့ အနေအထားရှိတယ်။ တစ်ပြည်လုံးအားဖြင့်တော့ မိုးရွာနိုင်ဖို့တော့မရှိဘူး။ တစ်ခါတလေကျရင်လည်း မနက်မြူကျပြီး ရေခိုးရေငွေ့နည်းနည်းများလာတဲ့အချိန် မိုးစက်ပုံစံမျိုးရွာတာ ဖြစ်တတ်တယ်။ တတိယ ၁၀ ရက်ပတ်မှာ တစ်ပြည်လုံးသာသာယာယာ ရှိနိုင်တယ်။ တောင်ပိုင်းစွန်းက အရှေ့ဘက်ကလာတဲ့ လေပွေလှိုင်းတွေနဲ့အတူပါလာတဲ့ တိမ်တိုက်လေးတွေဖြတ်နေတယ်။ အအေးက အရမ်းကြီးအအေးကျသွားတာ မတွေ့ရဘူး။ ရှမ်းပြည်နယ်မှာတော့ ပုံမှန်ထက် ညအပူချိန်လျော့နိုင်တယ်” ဟု ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဒီဇင်ဘာ တတိယ ၁၀ ရက်ပတ် မိုးလေဝသခန့်မှန်းချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာမည်ဖြစ်ကြောင်း သိရသည်။
မိုးရွာသွန်းနိုင်မှု အခြေအနေသည် ကချင်ပြည်နယ်တွင် ရွာသွန်းမြဲခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းကာ မိုးအနည်းငယ်ရွာနိုင်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ၁ ရက်မှ ၂ ရက်ခန့် မိုးအနည်းငယ်ရွာနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အများအားဖြင့် သာယာနိုင်ကြောင်း ခန့်မှန်းချက်တွင်ဖော်ပြထားသည်။
ညအပူချိန်များအနေဖြင့် ရှမ်းပြည်နယ်တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့အောက် (၁ ဒသမ ၅) ဒီဂရီစင်တီဂရိတ် လျော့နည်းနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိနိုင်ကြောင်း ခန့်မှန်းချက်တွင် ဖော်ပြထားသည်။
ဒီဇင်ဘာ တတိယ ၁၀ ရက်ပတ်အတွင်း မြူကျဆင်းနိုင်သည့် အခြေအနေသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၇ ရက်မှ ၉ ရက်ခန့်နှင့် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ၄ ရက်မှ ၆ ရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။















