ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့အထွက် Oriental Highway Company Toll Gate အနီးတွင် အချိန်ပြည့်ရှိနေသည့် ပိုက်ဆံတောင်းနေသော အဖွဲ့အစည်းများအား ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် ပြည်နယ် လွှတ်တော်တွင် တိုင်ကြား

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့အထွက် Oriental Highway Company Toll Gate အနီးတွင် အချိန်ပြည့်ရှိနေသည့် ပိုက်ဆံတောင်းနေသော အဖွဲ့အစည်းများအား ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် ပြည်နယ် လွှတ်တော်တွင် တိုင်ကြား
Published 19 December 2019
စည်သာ (တောင်ကြီး)

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့အထွက် Oriental Highway Company Toll Gate  အနီးတွင် အချိန်ပြည့်ရှိနေသည့် ပိုက် ဆံတောင်းနေသော အဖွဲ့အစည်းများအား ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် လွှတ်တော်တွင် တိုင်ကြားခဲ့ကြောင်း သတင်း ရရှိသည်။

ဒီဇင်ဘာ ၁၈ ရက်က ပြုလုပ်သည့် ဒုတိ ယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတတိယနေ့ တွင် သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ ဒေါ်နန်းခင်ထားရီက မေးမြန်းခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

သိန္နီမြို့အထွက် Oriental Highway Company Toll Gate  အနီးတွင် အချိန်ပြည့် ရှိနေသည့် ပိုက်ဆံတောင်းနေသော အဖွဲ့အ စည်းများသည် နှစ်ပေါင်းများစွာတိုင်အောင် တဲထိုး၍ ငွေတောင်းခြင်းပြုလုပ်နေကြောင်း၊ ရှမ်းပြည်နယ် ဒုစရိုက်နှိမ်နင်းရေးတပ်ဖွဲ့၊ ခရိုင် အကူဒုစရိုက်နှိမ်နင်းရေးတပ်ဖွဲ့တို့အပြင် စစစ၊ CID၊ လူကုန်တားရဲတပ်ဖွဲ့တို့ကလည်း အလှည့်ကျလာရောက် တောင်းခံခြင်းများရှိပါကြောင်း ဒေါ်နန်းခင်ထားရီက လွှတ်တော်တွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

“ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ အပိုင်နယ်မြေ အတွင်း လူကုန်ကူးမှု၊ လက်နက်မှောင်ခိုမှု၊ တရားမဝင်ပစ္စည်းများ သယ်ဆောင်ရောင်း ဝယ်မှု၊ လောင်းကစားမှု၊ အကြမ်းဖက်သောင်း ကျန်းမှုအစရှိသည့် ဒုစရိုက်မှုသတင်းများနှင့် သတင်းစုံစမ်းဖမ်းဆီးရန် လိုအပ်သောနေရာဒေသများသို့ ပြည်နယ်မှူးရဲ့ တာဝန်ပေးချက် အရ လှုပ်ရှားနေပြီး ရရှိသောသတင်းအပေါ် အခြေခံ၍ လိုအပ်သည့်ရဲလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ အလားတူ ခရိုင် ရဲတပ်ဖွဲ့မှူးရုံးရဲ့ ဖွဲ့စည်းပုံအရ ခရိုင်မှုခင်းအ ကူနှိမ်နင်းရေးဌာနရှိပြီး ရဲတပ်ဖွဲ့မှူး၏ အနီး ကပ်ကြီးကြပ်မှုဖြင့် ခရိုင်ရဲတပ်ဖွဲ့အပိုင်နယ် မြေတွင် ဒုစရိုက်မှုသတင်းများ ဖမ်းဆီးဖော် ထုတ်လျက်ရှိပါတယ်။ ပြည်နယ်မှုခင်းအကူ ဌာနစုမှ အရာရှိ တစ်ဦးကို ပြည်နယ်တပ်ဖွဲ့မှူး တာဝန်ပေးချက်အရလည်းကောင်း ခရိုင်မှုခင်း အကူဌာနစုမှ အရာရှိသုံးဦးကို  ခရိုင်တပ်ဖွဲ့မှူး တာဝန်ပေးချက်အရလည်းကောင်း လှုပ်ရှား လျက်သာဆောင်ရွက်ပြီး ပုံသေရုံးထိုင်ဆောင် ရွက်ခြင်း မရှိပါဘူး။ စစစ ၊ မှုခင်းရဲတပ်ဖွဲ့CID နှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တို့အား သိန္နီမြို့အထွက် တိုးဂိတ်အနားမှာ တာဝန်ချထားခြင်းမရှိပါဘူး။ တာဝန်အရသာ ဥပဒေနှင့်အညီ ဆောင်ရွက်နေပြီး ဖြတ်သန်း သွားလာနေသည့် မော်တော်ယာဉ်များထံမှ ငွေကြေးတစ်စုံတစ်ရာ တောင်းခံခြင်းခွင့်မပြု ပါကြောင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှငွေ ကြေးတောင်းခံကောက်ခံခြင်းများ ပြုလုပ်ပါ က အချက်အလက်အထောက်အထား ပြည့်စုံစွာဖြင့် မည်သူမဆို တိုင်ကြားလာပါက ရဲစည်း ကမ်းဥပဒေအရ လည်းကောင်း၊ ပြဋ္ဌာန်းထားသော ဥပဒေများအရလည်းကောင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြား တင်ပြအပ်ပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရ အဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ပြောကြားသည်။

ထိုသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့နယ်လုံ ဝန်ကြီးဖြေကြားချက်ကို ဒေါ်နန်းခင်ထားရီက ဆက်စပ်မေးခွန်း ပြန်လည်မေးမြန်းခဲ့ပြီး သက်သေအထောက်အထား ဓာတ်ပုံနှင့်တကွတင် ပြတိုင်ကြားခြင်းကို အချက်အလက်ပြည့်စုံစွာဖြင့် တိုင်ကြားလျှင် အရေးယူသွားမည်ဟုဖြေကြားခြင်းအပေါ် ပြန်လည်ဖြေရှင်းပေးနိုင်ရန် နှင့် အရေးယူပေးနိုင်ရန် မေးမြန်းရာ နယ်လုံဝန်ကြီးနှင့် သီးခြားတွေ့ဆုံ၍ ဆွေးနွေးဖြေရှင်းရန် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်ပြောကြားသည်။

“သိန္နီတိုးဂိတ်နားမှာ ကားတွေကို သူတို့လည်း သိတယ်။ မှောင်ခိုတင်တဲ့ ကားလား၊ဘာ လားသိတယ်။ လမ်းပေါ်အထိ ထွက်တောင်းတယ်။ လုံနယ်ကြီး ဖြေထားသလိုပဲ၊ သိန္နီမှာ ရုံးစိုက်တာလည်း မရှိဘူး။ တာဝန်ပေးထားတာ လည်း မရှိဘူး။ အဲဒါကို နှစ်ပေါက်နေပြီ တဲလေးဆောက်ပြီးတော့ ပိုက်ဆံထိုင်တောင်းနေ တာပေါ့။ ပြည်နယ် ဒနနဲ့ ခရိုင်ဒနပေါ့။ ကျန်တဲ့ စီအိုင်ဒီ တို့ စသုံးလုံးတို့ လူကုန်တားတို့က လည်း အလှည့်ကျလာတယ်။ သူတို့လည်းအလှည့်ကျလာစောင့်တယ်။ တောင်းတယ်။ တ ချို့လည်း ကိုယ်တိုင်မတောင်းဘဲနဲ့ သူတို့ရဲ့ လူတွေပေ့ါ ခိုင်းထားတာ တောင်းခိုင်းထားတာ ရှိတယ်။ အစိုးရ ကတိကဝတ်ဆိုရင် အဲဒီနေရာမှာ တရားဝင် တာဝန်ချထားပေးတာမရှိ ဘူး။ ခိုင်လုံတဲ့အချက်အလက်တွေနဲ့ တိုင် ကြားရင် အရေးယူမယ်ပေ့ါ။ ပါ၀ါပွိုင့်နဲ့ ဓာတ်ပုံ မှတ်တမ်းထိုးပြလာတာ မခိုင်လုံသေးဘူးလား ပေါ့” ဟု သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ ဒေါ်နန်းခင်ထားရီက ပြောကြားသည်။

 

 

Most Read

Most Recent