အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရသည့်အပြင် ဖမ်းဆီးသွားသော အုပ်ချုပ်ရေးမှူးတစ်ဦးမှာလည်း လည်လှီးသတ် ဖြတ်ခံရသည့်အတွက် စိုးရိမ်ကြောက်ရွံ့ကာ မင်းပြားမြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး ၆၉ ဦးနုတ်ထွက်စာတင်ခဲ့ပြီး မြို့နယ် အဆင့်တာဝန်ရှိသူနှင့် နိုင်ငံတော်သမ္မတဆီသို့ စာတင်ထားကြောင်း သိရသည်။
“ကျွန်တော်တို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အိမ်မှာနေရင်း လာသတ်တယ်ဆိုတော့ ဘယ်လိုမှ မလုပ်မဖြစ်တော့ဘူး။ ဒီတာဝန်တွေကို ထမ်းဆောင်နေလို့လဲ ကျွန်တော်တို့အတွက် ဘာလုံခြုံမှုမှ မရှိဘူး။ ဒါကြောင့် အခုလို နုတ်ထွက်စာတင်ကြတာဖြစ်ပါတယ်။ ဘယ်နေ့ ကျွန်တော်တို့ အလှည့်ကျလာမလဲ ဆိုတာကို စိုးရိမ်နေရတဲ့ အနေအထားမှာရှိနေတဲ့အတွက် တချို့ဆို ထွက်ပြေးနေကြရတယ်။
ရွာက ကိုယ့်အိမ်မှာ သေနေပြီး တပ်မတော်စစ်ကြောင်းက လာရောက်ပစ်သတ်သွားတဲ့အတွက် အခုလိုမျိုး နုတ်ထွက်စာတင်တာပေါ့”ဟုလည်း အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားသည်။
ထိုကိစ္စရပ်များသည် အုပ်ချုပ်ရေးမှူးများအတွက် စိုးရိမ်စရာဖြစ်လာပြီး မိမိတို့၏ အသက်အိုးအိမ်ကို မကာကွယ်နိုင်သည့်အလုပ်အတွက် အလုပ်လုပ်ကိုင်လိုစိတ်မရှိတော့ကြောင်းလည်း ပြောဆိုကြသည်။
ထို့ပြင် နုတ်ထွက်စာများကို လက်မှတ်ထိုးပြီး မြို့နယ် အုပ်ချုပ်ရေးအဆင့်သို့ တင်ပြခဲ့သော်လည်း စာကို လေးငါးရက်ကြာမှသာ လက်ခံနိုင်မည်ဟု ပြောဆိုကြောင်းနှင့် အထက်သို့ တင်ပြပြီးမှသာ အကျိုးအကြောင်းကို ပြန်လည်ပြောကြားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကလည်း မိမိတို့အနေဖြင့် အသက်အန္တရာယ်အတွက် နုတ်ထွက်စာ တင်ခြင်းဖြစ်ကာ သေဆုံးသွားသူများအတွက်လည်း တာဝန်ယူဖြေရှင်းပေးမည်သူ့မရှိကြောင်း၊ တရားမျှတအောင် လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။















