ရန်ကုန်မြို့အတွင်း ပေးဝေလျက်ရှိသည့် သောက်သုံးရေများတွင် ကျန်းမာရေးနှင့်ညီညွတ်ရန်အတွက် ကလိုရင်း ဆေးခတ်သန့်စင်ဖြန့်ဝေမည်

ရန်ကုန်မြို့အတွင်း ပေးဝေလျက်ရှိသည့် သောက်သုံးရေများတွင် ကျန်းမာရေးနှင့်ညီညွတ်ရန်အတွက် ကလိုရင်း ဆေးခတ်သန့်စင်ဖြန့်ဝေမည်
ရန်ကုန်မြို့သို့ရေပေးဝေနေသည့် ငမိုးရိပ် ရေလှောင်ကန်အား တွေ့ရစဉ်
ရန်ကုန်မြို့သို့ရေပေးဝေနေသည့် ငမိုးရိပ် ရေလှောင်ကန်အား တွေ့ရစဉ်
Published 18 December 2019
ဆန်းထူးအောင်၊ ပြည့်ဖြိုးအောင်

ရန်ကုန်မြို့အတွင်း ပေးဝေလျက်ရှိသည့် သောက်သုံးရေများတွင် ကျန်းမာရေးနှင့် ညီညွတ်ရန်အတွက် ကလိုရင်းဆေးခတ် သန့်စင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းရေး) သည် ရန်ကုန်မြို့တော်နေ မြို့တော်သူ၊ မြို့တော်သားများ ကျန်းမာရေးနှင့် ညီညွတ်သောသောက်သုံးရေများ သုံးစွဲနိုင်ရန်အတွက် ပေးဝေလျက်ရှိသည့် ရေထဲသို့ ကလိုရင်း ဆေးခတ်သန့်စင်ခြင်းလုပ်ငန်းအား မကြာမီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ ကလိုရင်းဆေးခတ်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်ထားသည့် ညွှန်ကြားချက်အတိုင်း ရေသုံးစွဲသူ ပြည်သူများ၏ ကျန်းမာရေးကို မထိခိုက်သော ပမာဏဖြစ်သည့် 4mg/L ထက်မများသည့် နှုန်းဖြင့် အသုံးပြုသန့်စင်သွားမည်ဖြစ်ကြောင်း၊ ရေတွင် ပါဝင်သော ဗက်တီးရီးယားများနှင့် ဓာတုပစ္စည်းများအား ကလိုရင်းဖြင့် ဓာတ်ပြုသန့်စင်သွားမည် ဖြစ်ပြီး ပြင်ပမှ ပိုးမွှားဗက်တီးရီးယားများ ဝင်ရောက်ရှင်သန် ပေါက်ဖွားခြင်းမပြုနိုင်ရေး၊ ကလိုရင်းဓာတ်များ (Residual chlorine) ကြွင်းကျန်မှုရှိနေစေရန် ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ပြည်သူလူထုအား ပေးဝေသည့် သောက်သုံးရေတွင် ကလိုရင်းအန့ံ ရရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကလိုရင်းအန့ံရရှိခြင်းသည်  ရေတွင် ပေါက်ဖွားနိုင်သော ရောဂါပိုးမွှားများအား ဆေးခတ်သန့်စင်မည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးကို မထိခိုက်ဘဲ၊ ရေကောင်းရေသန့်အဖြစ် သုံးစွဲနိုင်ကြောင်း အထောက်အထားဖြစ်ပြီး၊ ကလိုရင်းနံ့အား ကြိုက်နှစ်သက်မှုမရှိပါက တစ်ရက်သာ သိုလှောင်ထားခြင်း၊ မိနစ်အနည်းငယ်ကျိုချက်ခြင်း၊ သံပုရာရည် သို့မဟုတ် ရှောက်ရေရောထည့်ခြင်းဖြင့် ကလိုရင်းအနံ့ မပါရှိနိုင်အောင် ပြုလုပ်နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ လက်ရှိ ရေဖြန့်ဝေပေးနေတာ ရာခိုင်နှုန်း ၃၀ ကနေ ရာခိုင်နှုန်း ၄၀ ဆုံးရှုံးနေတယ်။ လက်ရှိ ရေဖြန့်ဝေပေးနေတာက ပြည်သူတွေကို အရှုံးခံပြီး ဖြန့်ဝေပေးနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ၂၀၂၀ ကစပြီးတော့ ရေဖြန့်ဝေပေးတာကို ကလိုရင်းသုံးလာမှာ ဖြစ်တယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ(ရေနှင့် သန်ရှင်းရေး)မှ  ခေတ္တဒုတိယညွှန်ကြားရေးမှူး ဦးသန်းဟန်က ပြောကြားသည်။

ထို့ကြောင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ ပေးဝေသည့်ရေတွင် ကလိုရင်းဆေးခတ်သန့်စင်ခြင်းလုပ်ငန်းကြောင့် ကလိုရင်းအနံ့များရရှိပါက စိုးရိမ်ရန်မရှိကြောင်းနှင့် ပိုးသတ်သန့်စင်ထားသည့် လက္ခာဖြစ်၍ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့တော်၏ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် ရေသည်အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုတွင်ရှိကြောင်း၊ ရေပေးဝေနေသော အစီအစဉ်များနှင့် ပတ်သက်၍ ရန်ကုန်မြို့သည် ရေထုတ်လုပ်မှုအပိုင်းတွင် လိုအပ်ချက်များ ရှိကြောင်း၊ ရေထုတ်လုပ်ရာတွင် ရေကိုသန့်စင်အောင် treatment လုပ်ကာ သောက်သုံးရေအဖြစ် သုံးစွဲနိုင်သည့် အဆင့်ကို တက်လှမ်းနိုင်ရန် ကြိုးစားရုန်းကန် ဆောင်ရွက်နေရသော အချိန်ကာလဖြစ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးတွင် ရေသွယ်တန်းရေး၊ ရေဖြန့်ချိရေး၊ ရေထုတ်လုပ်မှုနှင့် ပတ်သက်ပြီး လိုအပ်ချက်များ၊ ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များ ရှိကြောင်း၊ ရေနှင့်ပတ်သက်၍ သင့်တင့်မျှတသော စျေးနှုန်းတစ်ခုဖြစ်လာစေရန် လိုအပ်ကြောင်း၊ ဒါ့အပြင် ရေပျောက်ဆုံးနေသူများ၊ ရေပေးဝေရေးစနစ်၏ စနစ်မကျမှုများ၊ ရေပိုက်လိုင်းများ၏ လေလွင့်ဆုံးရှုံးနေမှုများအား စနစ်တကျ ထိန်းသိမ်းရန် လိုအပ်ကြောင်း ဒီဇင်ဘာ ၁၇ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် ဂျပန်-မြန်မာ အဆင့်မြင့်ရေလုပ်ငန်း စီးပွားရေးနှီးနှောဖလှယ်ပွဲတွင် ပြောကြားထားသည်။

ရန်ကုန်မြို့တော်နှင့် ဖူကူအိုကာမြို့ တော်တို့ ရေနှင့်ပတ်သက်သည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဒီဇင်ဘာ ၇ ရက် ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီရုံး အစည်းအဝေးခန်းမ (၄) ၌ ကျင်းပခဲ့သည်။

လက်ရှိရန်ကုန်မြို့တော်ရေပေးဝေနေမှုအား ငမိုးရိပ်ဆည်၊ ဖူးကြီးရေလှောင်ဆည်မှ ရေများအား လှော်ကားကန်သို့ပို့ကာ ပေးဝေနေခြင်း၊ ဂျိုးဖြူကန်သို့မှ ရေပေးဝေနေပြီး ၂၀၂၂ တွင်လည်း လဂွန်းပြင်ရေပေးဝေရေး စီမံကိန်းမှ ရေပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent