လိုင်ယွန်တိုက်စစ်မှူး ဒီပိုင်း ဒူးအရွတ်ထိခိုက်မှုကြောင့် ရာသီကုန်အထိ အနားယူရမည်ဖြစ်ပြီး ယူရို-၂၀၂၀ ပြိုင်ပွဲနှင့်လည်း လွဲချော်နိုင်

လိုင်ယွန်တိုက်စစ်မှူး ဒီပိုင်း ဒူးအရွတ်ထိခိုက်မှုကြောင့် ရာသီကုန်အထိ အနားယူရမည်ဖြစ်ပြီး ယူရို-၂၀၂၀ ပြိုင်ပွဲနှင့်လည်း လွဲချော်နိုင်
Published 16 December 2019

 

လိုင်ယွန်အသင်းတိုက်စစ်မှူး ဒီပိုင်းသည် ဒီဇင်ဘာ ၁၅ ရက်ကကစားခဲ့သည့် ရန်းစ်အသင်းအား (၀-၁)ဂိုးဖြင့် အရေးနိမ့်ခဲ့သည့်ပွဲတွင် ရရှိခဲ့သည့်ဒဏ်ရာကြောင့် ညာဘက်ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမည်ဖြစ်ပြီး ယူရို-၂၀၂၀ ပြိုင်ပွဲကိုပါ လွဲချော်ရနိုင်ခြေရှိနေကြောင်း သိရသည်။

ဒီပိုင်းသည် ရန်းစ်အသင်းနှင့်ပွဲ ပွဲချိန်(၂၉)မိနစ်တွင် ဒူးနာကျင်မှုဝေဒနာ ခံစားခဲ့ရပြီး ပထမပိုင်းပြီးမှ လူစားလဲခံခဲ့ရခြင်းဖြစ်သည်။

လိုင်ယွန်အသင်း၏ကြေညာချက်တွင် ဒီပိုင်းအနေဖြင့် ယင်းဒဏ်ရာကြောင့် (၆)လထက်မနည်း အနားယူရမည်ဟု ရေးသားခဲ့သဖြင့် ယူရို-၂၀၂၀ ပြိုင်ပွဲတွင်ပါ လွဲချော်ဖွယ်ရှိနေခြင်းဖြစ်သည်။

ဒီပိုင်းသည် လိုင်ယွန်အသင်းကို ချန်ပီယံလိဂ်ရှုံးထွက်အဆင့်သို့ တက်ရောက်စေမည့်ဂိုးအပါအဝင် ပြိုင်ပွဲစုံနောက်ဆုံး(၈)ပွဲတွင် (၈)ဂိုးအထိ သွင်းယူထားနိုင်ခဲ့သည်။

ရန်းစ်နှင့်ပွဲတွင် အခြားကစားသမားတစ်ဦးဖြစ်သည့် ပြင်သစ်ယူ-၂၁ ကွင်းလယ်လူ အဒီလိုင်ဒီမှာလည်း ညာဘက်ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိမှုကြောင့် ရာသီကုန်အထိ အနားယူရတော့မည်ဖြစ်သည်။

'' ကျွန်တော်တို့ အမှန်တကယ်ဆိုးရွားတဲ့ညတစ်ညပါပဲ။ အသင်းက ရလဒ်ဆိုးနဲ့ရင်ဆိုင်ရချိန်မှာ မမ်းဖစ်(ဒီပိုင်း)နဲ့ ဂျက်ဖ်(အဒီလိုင်ဒီ)တို့ရဲ့ဒဏ်ရာတွေ အဆိုးရွားဆုံးဖြစ်မှာကို ကြောက်ရွံ့နေမိပါတယ်''ဟု လိုင်ယွန်နည်းပြ ရူဒီဂါစီယာက ပြောကြားခဲ့သည်။