စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာ အုပ်စုတွင် ကျောင်းနေရွယ် ကလေးငယ်များ ပျောက်ဆုံးသည့် သတင်းများ ထွက်ပေါ်နေသဖြင့် ကျေးရွာနေ ဒေသခံများ စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်နေကြောင်း သိရသည်။
နောင်ပိုအောင်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာအချို့နှင့် အနီးရှိကျေးရွာအချို့တွင် လွန်ခဲ့သည့် တစ်ပတ်ခန့်မှစ၍ ကလေးငယ်များ ပျောက်ဆုံးသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီး လိုက်လံစုံစမ်း ကြည့်သောအခါ သေချာသည့် သတင်းများ မဟုတ်သော်လည်း ထိုသတင်းများ ဆက်တိုက်ထွက်ပေါ် လာသဖြင့် ကျေးရွာနေဒေသခံများ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေကြောင်း နောင်ပိုအောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းသီဟ၏ ပြောကြားချက်အရ သိရသည်။
“ပြီးခဲ့တဲ့တစ်ပတ်က မိုင်းကိုင်းဘက်မှာ ကလေးနှစ်ယောက် ပျောက်တယ်လို့ သတင်းထွက်လာတယ်။ ကျန်တဲ့ရွာတွေမှာလည်း တိတိကျကျသာ ထွက်မလာတာ ပြောနေကြတာ ကြားနေရတာတွေ ရှိနေတယ်။ အဲဒီလို သတင်းတွေ ထွက်နေတော့ မိဘတွေက အဓိက စိုးရိမ်ကြတာပေါ့။ စိုးရိမ်လာပြီ ဆိုမှတော့ အမျိုးမျိုး ပြောကြတာတွေလည်း ရှိလာတာပေါ့။ အခုဆိုရင် ကျွန်တော်တို့ဘက်မှာ နယ်လှည့်အလှူခံတဲ့ လူတွေရှိတယ်။ အလှကုန်ရောင်းတဲ့ လူတွေကလည်း ကားတွေ အဖွဲ့တွေနဲ့ အုပ်စုလိုက် လာကြတာရှိတယ်။ နောက်ပြီး စောင်၊ ခေါင်းအုံး၊ မွေ့ရာတွေကို ကားတွေနဲ့ လှည့်ရောင်းတဲ့ လူတွေရောပေါ့။ အဲဒီလို လူတွေက ကျွန်တော်တို့ရွာတွေမှာပဲ အိမ်ငှားပြီး နေကြတာလေ။ အဲဒီလို သတင်းထွက်လာချိန်မှာ ဒေသခံ မဟုတ်တဲ့ သူစိမ်းတွေကို တွေ့မြင်ရတာများတော့ စိုးရိမ်ထိတ်လန့် လာကြတာပေါ့” ဟု ဦးစိုင်းသီဟက ပြောကြားသည်။
နောင်ပိုအောင်ကျေးရွာနှင့် ကျေးရွာအုပ်စုအတွင်း ထိုကဲ့သို့ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေသဖြင့် ကျောင်းသူ၊ သားများနှင့် ကျောင်းနေအရွယ် ကလေးများကို မိဘအုပ်ထိန်းမှု၊ ဆရာ၊ ဆရာမများ၏ အုပ်ထိန်းမှုအောက်၌သာ ထားရှိဂရုစိုက်ကြရန်နှင့် စောင့်ကြပ်ကြည့်ရှုကြရန် သတိပေး ကြော်ငြာစာ ထုတ်ပြန်ထားကြောင်း သိရသည်။
“ဒါနဲ့ပတ်သက်ပြီး မြို့နယ်က စာထွက်တာတော့ မရှိဘူး။ ဒါပေမယ့် နောင်ပိုအောင် အထက်တန်းကျောင်းက ကျောင်းသားတွေလည်းများတော့ ကျောင်းအုပ်ကြီးက စိုးရိမ်လို့ပေါ့နော်။ ကျွန်တော်တို့ဆီ အကြောင်းကြားတယ်။ ဒါနဲ့ကျွန်တော်တို့လည်း နောင်ပိုအောင် ကျေးရွာအုပ်စုအတွင်းက သက်ဆိုင်ရာ ရာအိမ်မှူးတွေ ကျေးရွာခွဲတွေ အကုန်လုံးကို စာထွက်ပေးလိုက်တာပေါ့။ နောက်လောလောဆယ်မှာ မီးသတ်နဲ့ ရဲကင်းကို ကျောင်းတက် ကျောင်းဆင်းချိန်တွေမှာ ကျောင်းအနီးတွေ ကျောင်းသွားလာကြတဲ့ ကလေးတွေကို စောင့်ကြည့်ဖို့ ပြောထားတယ်” ဟု ဦးစိုင်းသီဟက ပြောကြားသည်။















