AA စစ်ဦးစီးချုပ်၏ဇနီး ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ် မသိရရှိရသေးကြောင်း မိသားစုဝင်များက ပြောကြားသည်။
အဆိုပါသတင်းနှင့်ပတ်သက်ပြီး AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယောက္ခမဖြစ်သူ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှထံ ဆက်သွယ်မေးမြန်းရာ “နိရဥ္စရာမှာ တင်ထားတဲ့သတင်းပဲ တွေ့သေးတယ်။ သက်ဆိုင်ရာဘက်က အကြောင်းကြားတာတွေ မရှိသေးဘူး။ ဖမ်းထားတဲ့ထဲမှာ မြေးနှစ်ယောက်ပါပါတော့ စိတ်မကောင်းဘူး” ဟု ပြောကြားသည်။
အွန်လိုင်းသတင်းဌာနများဖြစ်သည့် ဧရာဝတီသတင်းဌာနနှင့် ရခိုင်ပြည်နယ် အခြေစိုက် ဒေသတွင်းမီဒီယာတစ်ခုဖြစ်သည့် နိရဥ္စရာသတင်းဌာနတို့က အဆိုပါသတင်းကို ဒီဇင်ဘာ ၆ ရက် မွန်းလွဲပိုင်းတွင် ဖော်ပြခဲ့သည်။
ဧရာဝတီသတင်းဌာနနှင့် နိရဥ္စရာ သတင်းဌာနများတွင် ဖော်ပြထားမှုအရ ဒီဇင်ဘာ ၄ ရက်တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့ လူဝင်မှုကြီးကြပ်ရေးရုံးတွင် ဗီဇာသက်တမ်းလာတိုးသည့် AA စစ်ဦးစီးချုပ်၏ ဇနီးအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သူမနှင့်အတူ တစ်နှစ်နှင့် လေးလအရွယ်ရှိ သားဖြစ်သူ မြတ်လင်းဇံ၊ ၁၁ နှစ်အရွယ်ရှိ သမီးဖြစ်သူ စောပြည့်ရှင်တို့လည်းပါဝင်ကြောင်း ဖော်ပြထားသည်။
ဖမ်းဆီးထားသူများကို မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးရန် စီစဉ်နေကြောင်း အဆိုပါသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
AA စစ်ဦးစီးချုပ်၏ဇနီးနှင့် ကလေးနှစ်ဦးအား ဖမ်းဆီးသွားသည်မှာ ဟုတ်မှန်ကြောင်း၊ ထိုင်းလဝကတွင် ဗီဇာသက်တမ်းတိုးစဉ် မြန်မာအစိုးရ၏သံတမန်နည်းလမ်းအရ ဖိအားပေးမှုကြောင့် ပတ်စ်ပို့များ သိမ်းသွားကြောင်း၊ လက်ရှိအချိန်အထိ အသေးစိတ်ကိုမသိရှိရသေးကြောင်းနှင့် ယခုကဲ့သို့ ဖမ်းဆီးခြင်းသည် ဆိုးကျိုးကိုသာ ဦးတည်စေကြောင်း AA အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ၏ ပြောကြားချက်များကို ကိုးကား၍ DVB သတင်းဌာနက ဒီဇင်ဘာ ၆ ရက်တွင် သတင်းဖော်ပြထားသည်။
AA စစ်ဦးစီးချုပ်၏ဇနီး အဖမ်းခံရခြင်းမှာ အကြမ်းဖက်အဖွဲ့အစည်းအား ငွေကြေးထောက်ပ့ံမှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု The Daily Eleven သတင်းစာက သတင်းများရရှိထားသော်လည်း ယင်းသတင်းနှင့် ပတ်သက်ပြီး တပ်မတော်နှင့် ရဲတပ်ဖွဲ့သို့ စုံစမ်းခဲ့သော်လည်း အတည်ပြုဖြေကြားခြင်းမရှိသေးပေ။
AA အဖွဲ့အား ငွေကြေးထောက်ပံ့မှုကြောင့် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၉ ရက်က ထိုင်းနိုင်ငံချင်းမိုင်မြို့မှ ပြန်လာသည့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ယောက်ဖ ကိုကျော်နိုင်နှင့် လာကြိုသည့် ညီမ မယမင်းမြတ် (ခ) မိုးနှင်းဖြူတို့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခဲ့ပြီး သတင်းတပ်ဖွဲ့ (ရန်ကုန်)မှ ဒုရဲမှူးမင်းခိုင်က တရားလိုလုပ်ကာ မရမ်းကုန်းမြို့မရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)(ခ) (ဂ) တို့ဖြင့် အမှုဖွင့်ထားသည်။
AA စစ်ဦးစီးချုပ်၏ ယောက်ဖဖြစ်သူမှာ မန္တလေးမြို့တွင် ဖမ်းဆီးရမိခဲ့သည့် ဖောက်ခွဲရေးပစ္စည်းများနှင့် ဆက်စပ်သဖြင့် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားထားသည်။















