ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်အမှတ် (ပသက) နှင့် တစ်ဦးချင်း ကုန်သွယ်မှုကဒ် (ITC) အမှတ်များအား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၅ ရက်မှစတင်၍ လက်ရှိအသုံးပြုနေသည့် Digit ငါးလုံးနေရာတွင် Digit ကိုးလုံးဖြင့် ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
သို့ဖြစ်ရာ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်အမှတ် (ပသက) နှင့် တစ်ဦးချင်း ကုန်သွယ်မှုကဒ် (ITC) အမှတ်များအား သတ်မှတ်ချိန်မတိုင်မီ အပြီးလာရောက် ပြောင်းလဲရန် လုပ်ငန်းရှင်များထံ အသိပေးချက် ထုတ်ပြန်ထားသည်။
ကုန်သွယ်မှုလုပ်ငန်းများတွင် Single Registration/Single ID ဖြစ်စေရန် ကုန်သွယ်မှု ဆက်စပ်ဌာနများဖြစ်သည့် ကုန်သွယ်ရေး၊ အကောက်ခွန်၊ DICA၊ ပြည်တွင်း အခွန်၊ CSO ဌာနများအားလုံးတွင် ကုမ္ပဏီမှတ်ပုံတင်အမှတ် Taxpayer Identification Number (TIN) ကို တူညီစွာအသုံးပြုနိုင်ရေး လာမည့်ဇန်နဝါရီ ၅ ရက်တွင် စတင်ပြောင်းလဲ ကျင့်သုံးမည်ဖြစ်သည်။
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီများ (ပသက) အနေဖြင့် ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်းမှ စတင်ပြောင်းလဲ ဆောင်ရွက်ပေးလျက်ရှိသည်။ ပြောင်းရန် ကျန်ရှိသည့်ကုမ္ပဏီများ သတ်မှတ်ချိန်အတွင်း အပြီးလာရောက်ပြောင်းလဲရန် လိုအပ်ကြောင်း သိရသည်။
ကျန်အစိုးရအဖွဲ့အစည်းများ အသင်းအဖွဲ့များ၊ သမဝါယမလီမိတက်များ၊ သံရုံများ အပါအဝင် ကျန်ရှိသည့်အဖွဲ့အစည်းများ၊ ကုန်သည်/ဦးစီး နေပြည်တော်/ရန်ကုန်ရုံးများတွင် အချိန်မီလာရောက် ပြောင်းလဲရန် လိုအပ်ကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများအတွက် ထုတ်ပေးထားသည့် ITC ကဒ် ကိုင်ဆောင်သူများအနေဖြင့် မိမိတို့ထုတ်ယူထားသည့် သက်ဆိုင်ရာ ကုန်သွယ်ရေးစခန်းများတွင် အချိန်မီသွားရောက်ပြောင်းလဲ ဆောင်ရွက်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ကြမည့် ကုမ္ပဏီများ၊အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် တစ်ဦးချင်းကုန်သွယ်မှု ဆောင်ရွက်နေသူများ (ITC) ကတ်ကိုင်ဆောင်ထားသူများ အနေဖြင့်သတ်မှတ်ရက်မတိုင်မီ လက်ရှိအသုံးပြုနေသည့် ပို့ကုန်သွင်းကုန် မှတ်ပုံတင်အမှတ်များအစား ပြောငး်လဲအသုံးပြုမည့် TIN နံပါတ်များအား ကုန်သွယ်ရေးဦးစီးဌာနသို့ လာရောက်ပြောင်းလဲကြရမည် ဖြစ်သည်။
ယင်းသို့ ပြောင်းလဲနိုင်ရန်အတွက် ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်) တို့တွင် လာရောက် ပြောင်းလဲဆောင်ရွက်ကြရမည်ဖြစ်ပြီး ITC ကတ် ကိုင်ဆောင်ထားသူများအနေဖြင့် ကတ်ထုတ်ယူထားရှိသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် သတ်မှတ်ချိန်အမီ ပြောင်းလဲဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၅ ရက် နောက်ပိုင်းမှစတင်၍ ပြောင်းလဲခြင်းမရှိသေးသော ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်များနှင့် ITC ကတ်များအတွက် ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားခြင်း MACCS စနစ်တွင် အကောက်ခွန် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်တော့မည် မဟုတ်ကြောင်း သိရသည်။















