စာရေးဆရာ၊ ကဗျာဆရာသစ္စာနီနှင့် တွေ့ဆုံခြင်း

စာရေးဆရာ၊ ကဗျာဆရာသစ္စာနီနှင့် တွေ့ဆုံခြင်း
Published 24 November 2019
သိင်္ဂီဝင်းထွန်း

မော်ဒန်ကဗျာလှုပ်ရှားသူများတွင် ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ စာရေးဆရာ၊ ကဗျာဆရာသစ္စာနီက ၇၃ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပန်းချီပြပွဲကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ အလှသစ်ပန်းချီပြခန်းမှာ အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၃ ရက်အထိ ပြုလုပ်ခဲ့ပါတယ်။ ပန်းချီပြန်လည်ရေးဆွဲဖြစ်ပုံနဲ့  လက်ရှိစာပေလောက အနေအထားတွေကို ဆရာသစ္စာနီနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

မေး - ပန်းချီပြန်ဆွဲဖြစ်ပုံလေး ပြောပြပေးပါဦး။

ဖြေ - ငယ်ငယ်တုန်းကတော့ ပန်းချီတွေ ရေးဖြစ်တယ်။ နောက်မဆလခေတ်မှာ ဆေးပစ္စည်းတွေ အရမ်းရှားသွားတယ်။ အပြင်ကလည်း မသွင်းတော့ဘူး။ အဲဒါနဲ့ပတ်သက်ပြီး မရေးဖြစ်တော့ဘဲ ကြာသွားတယ်။ အခုနောက်ပိုင်းမှာတော့ နိုင်ငံခြားဆေး၊ ကင်းဗတ်ကအစ ဝယ်လို့ရတယ်။ လွယ်ကူလာတယ်။ ဒါကြောင့် ပြန်ပြီးရေးဖြစ်တာပေါ့။ ပြီးတော့ ပန်းချီကလည်း အသက်ကြီးလာတဲ့အခါမှာ စိတ်အပန်းဖြေမှုတစ်ခုရ တာပေါ့။

မေး - စာရေးတဲ့အခါမှာရော ဇာတ်လမ်းနဲ့ဇာတ်ကောင်မှာ ဘယ်ဟာကို အရင်စဉ်းစားဖြစ်လဲ။

ဖြေ - ငါတို့ကတော့ မော်ဒန်ဝတ္ထု ရေးတာဆိုတော့ ဘာမှမစဉ်းစားဘူး။ မော်ဒန်ဝတ္ထုဆိုတာက ဇာတ်လမ်းမဲ့လေ။ အဲဒီတော့ တွေးစရာတစ်ခု၊ စိတ်ကူးတစ်ခု အဲဒီအပေါ်မှာပဲ မူတည်ပြီး ရေးလိုက်တာပဲ။ တို့က ဝတ္ထုတိုတွေ ၈၀၊ ၈၅ လောက်ကစပြီး ရေးလာတာ။ ဇာတ်လမ်းတိုတွေကတော့ တစ်မျိုးပေါ့။ သူက ဇာတ်လမ်းအဓိကလေ။ တို့က ဇာတ်လမ်းမပါဘူး။ ဇာတ်ကောင်လည်း ထူးထူးခြားခြားမပါဘူး။ သူရဲ့အတွေးက သူရဲ့စရိုက်ကို ဖော်ပြမယ်ပေါ့။ အဲဒီလောက်ပဲ။

မေး - စာရေးဖို့အတွက်ဘယ်အချိန်က အကောင်းဆုံးဖြစ်မလဲ။

ဖြေ - စာရေးတာကတော့ စိတ်ကူးရတဲ့အချိန် ထရေးလိုက်တာပဲ။ သွားရင်းလာရင်းနဲ့လည်း ခေါင်းထဲပေါ်လာတာမျိုး၊ ပန်းချီကားတစ်ချပ် ကြည့်ရင်းပဲဖြစ်ဖြစ်၊ ရုပ်ရှင်တစ်ကား ကြည့်ရင်းပဲဖြစ်ဖြစ်၊ ဘတ်စ်ကားစီးရင်း လှမ်းမြင်လိုက်ရတဲ့အရာတွေကို ပဲဖြစ်ဖြစ် ဒီအကြောင်းအရာလေးတစ်ခုက ရင်ထဲရောက်လာတယ်ဆိုရင် ဒါကစာရေးဖို့ လှုံ့ဆော်မှုတစ်ခုပဲ။ ဖန်တီးတယ်ဆိုတာကတော့ မနက်ရေးမယ် ညရေးမယ်ဆိုပြီး အချိန်အတိအကျကြီးမရှိပါဘူး။ ဝတ္ထုတိုဆိုရင်တော့ သိပ်မကြာပါဘူး။ တကယ်ရေးဖြစ်ရင် တစ်ခါတည်းနဲ့ပြီးပါတယ်။

မေး - ဒီခေတ်မှာ ဆူလွယ်နပ်လွယ်စာပေတွေ ပိုများလာတာနဲ့ ပတ်သက်ပြီး ဆရာ့အမြင်လေး ပြောပြပေးပါဦး။

ဖြေ - ဒါကတော့ Commercial စီးပွားရေးဆန်တာကို ခေါ်တာပေါ့။ စာပေနဲ့တော့မတူဘူး။ အဲဒါက ကမ္ဘာမှာလည်းရှိတယ်။ နိုင်ငံတကာမှာလည်း ရှိတယ်။ ဒီမှာလည်း ရှိတာပဲ။ လူတွေသာ ပြောင်းချင် ပြောင်းသွားမယ်ပေါ့။ စာဖတ်သင်စကလေးတွေ သူတို့က ဒါပဲဖတ်မယ်။ သိပ်လေးလေးနက်နက်စာပေမျိုးဖတ်ဖို့ သူတို့သိပ်လက်မခံနိုင်သေးဘူး။ လက်မခံနိုင်တဲ့အခါကျတော့  ကစားစရာနဲ့ ကစားနေတဲ့ ကလေးလက်ထဲကို ပုတီးသွားပေးလို့ ဘယ်ရမလဲ။ အဲဒီလိုပဲလေ အခုဒါတွေက အပျော်ဖတ် စာပေတွေလို့ခေါ်တယ်။ အဲဒါတွေက ဆူလွယ်နပ်လွယ်ပဲ။ ရေးတဲ့လူလည်း ရေးကြတာပဲ။ သူက တစ်ယောက်ဆင်း တစ်ယောက်တက်ပဲ။ သူ့နာမည်မှိန်သွားရင် နောက်တစ်ယောက်ပေါ်လာမယ်။ ဒါကိုတား မြစ်လို့လည်းမရဘူး။ စာဖတ်တဲ့သူကပဲ စာဖတ်သက်ရင့်လာတဲ့အခါ သူကိုယ်တိုင် ရွေးဖတ်တတ်လာမယ်။ တကယ်စာဖတ်သက်ရင့်လာတဲ့အခါ ကျရင်တော့ ဒီလိုစာမျိုးတွေကို ပိုက်ဆံပုံပေးပြီး ဖတ်ခိုင်းလည်း မဖတ်တော့ဘူး။ ဒါကမြန်မာပြည်တင် မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာလည်း ဒီအတိုင်းပဲ။ ဒါက ခေတ်အဆက်ဆက်ရှိနေမှာပါပဲ။

မေး - လူငယ်တွေ စာမဖတ်ဘူးလို့ ပြောနေကြတဲ့အပေါ်မှာရော ဘယ်လိုမြင်လဲ။

ဖြေ - အဲဒီစကားတွေက ခဏခဏ ကြားနေရတယ်။ ဒါက စာပေလောကအကြောင်း သေသေချာချာမသိလို့ပါ။ တို့ငယ်ငယ်တုန်းက စာအုပ်ဆိုင်တွေဆိုရင် ကွမ်းယာဆိုင်လောက်ပဲရှိတယ်။ ခုဆိုစာအုပ်ဆိုင်ကြီးတွေက အကြီးကြီးတွေပဲ။ အွန်လိုင်းကနေလည်း စာအုပ်တွေဖြန့်နေတာပဲလေ။ ကလေးတွေ စာဖတ်မနည်းပါဘူး။ စာတွေလည်းရေးနေကြတာပဲ။ လူငယ်တွေစာမဖတ်ကြဘူးဆိုတာက အပေါ်ယံသုံးသပ်နေကြတာပါ။ အရင်တုန်းကဆိုရင် ကဗျာစာအုပ်တွေက ၁၀ အုပ် ၁၅ အုပ်ပဲ ထွက်တယ်။ ကဗျာစာအုပ်ဆိုတာက သိပ်မရောင်းကောင်းတဲ့စာအုပ်တွေနော်။ ဒါတောင်မှ ၃၀၀ အထက်မှာရှိတယ်။ အရင်ကဆို တို့ခေတ်က နှစ်ကျပ်တန်စာအုပ်တွေရှိတယ်။ ခုခေတ်ဆို တစ်သောင်းကျော်။ စာပေလောကအခြေအနေက ကောင်းပါတယ်။ လူငယ်တွေလည်း စာဖတ်မနည်းကြပါဘူး။ သုတစာပေကတော့ အရင်တုန်းက သိပ်မထွက်ကြဘူး။ ခုဆို သုတရော ရသရော အပြိုင်ထွက်လာကြတယ်။

မေး - အရင်က မိဘနဲ့ ကလေးတွေကြားမှာ အပြင်စာတွေဖတ်တာနဲ့ ပတ် သက်တဲ့အမြင်တွေက အခုခေတ်မှာရော မှန်ကန်မှုရှိသေးလား။

ဖြေ - အဲဒါလည်း မှားနေတာပါပဲ။ ကလေးစာအုပ်ပွဲတော်တွေမှာ စာအုပ်တွေဆိုရင် မယုံနိုင်လောက် အောင်ရောင်းရတယ်။ ကလေးစာပေပွဲတော်ကို မြန်မာပြည်တစ်ပြည်လုံး ကျင်းပတယ်။ ပြန်ကြားရေးဝန်ကြီးလည်း ပါတယ်။ စာအုပ်တိုက်ပေါင်းစုံပဲ။ ငါ့စာအုပ်ထဲမှာအရောင်း ရဆုံးဆိုရင် အိပ်ရာဝင်ပုံပြင်များ၊ တစ်အုပ်ကို ၅၅၀၀ နဲ့နှစ်တွဲ။အဲဒီတော့ တစ်သောင်းကျော်ပေါ့။ အဲဒါက အခုဆိုခြောက်ကြိမ် ခုနစ်ကြိမ် ပြန်ရိုက်ပြီးပြီ။ မယုံနိုင်လောက်အောင်ပဲ။ အဲဒီကလေးတွေကို ဘယ်သူတွေကဝယ်ပေးလဲ။ မိဘတွေကပဲ ဝယ်ပေးတာပေါ့။ အဲဒီတော့ အဲဒီသုံး သပ်ချက်ကလည်းမှားတယ်။ သေချာမသိဘဲ ပြောနေတဲ့စကားတွေပါပဲ။ အရင်တုန်းကဆို ဒီလို စာအုပ်ပွဲတွေမရှိဘူး။ အခုဆိုကလေးစာပေပွဲတော်ဆိုပြီး နာမည်တပ်ပြီးတော့ကို သီးသန့်လုပ်တာ။ အဲဒါတွေကလည်း ရောင်းရတယ်။

မေး - ဆရာအကြိုက်ဆုံး စာအုပ်တစ်အုပ်ဆိုရင်ရော။

ဖြေ - စာအုပ်ကတော့ အများကြီးပဲ။ တစ်လောကပဲ ကံ့ကော်ဝတ်ရည်က မေးသေးတယ်။ သူတို့အထိမ်းအမှတ် တစ်ခုရှိလို့ပါ။ စာအုပ် ၁၀ အုပ်ပေါ့။ ဒါတောင် ငါမြန်မာစာအုပ်တွေ ပဲပြောလိုက်တာ။ တို့က စာအုပ်တွေ အများကြီး ဖတ်လာတာ။ ထောင်နဲ့ သောင်းနဲ့ကိုချီပြီ။ အခုဆို အသက် ၇၃ နှစ်ရှိပြီ။ ၁၄ နှစ်ကတည်းက စာအုပ်တွေဖတ်လာတာလေ။ ခင်နှင်းယုဆို အကုန်ဖတ်ဖူးတယ်။ တက္ကသိုလ်ဘုန်းနိုင်ဆို အကုန်ဖတ်ဖူးတယ်။ အဲဒီတော့ တစ်အုပ်ဆိုရင်တော့ ရွေးပြောဖို့ခက်တယ်။ ခုနက ၁၀ အုပ်တောင် အများကြီးကျန်ခဲ့သေးတာ။ အကြိုက်ဆုံး မြန်မာဖြစ်ပြီး ဗုဒ္ဓဘာသာဖြစ်ပြီးတော့ ဖတ်ဖြစ်တဲ့တစ်အုပ် ပဲပြောပါဆိုရင်တော့  ပိဋကတ်သုံးပုံ မြန်မာပြန်ပေါ့။

မေး - လူငယ်တွေဖတ်သင့်တဲ့ စာအုပ်တွေ လမ်းညွှန်ပေးပါဦး။

ဖြေ - ဖတ်စရာတွေကတော့ အများကြီးပဲ။ စာတွေ့ရင် ဖတ်လိုက်ပါ။ မကောင်းတဲ့စာအုပ်ဆိုရင်လည်း ရှောင်ကြဉ်လို့ရသွားတာပေါ့။ ကောင်းတဲ့ စာအုပ်ဆိုရင်လည်း အတုယူလို့ရတာပေါ့။ စာအုပ်ကတော့ ဘယ်စာအုပ်မဆို ဖတ်သင့်ပါတယ်။ ဖတ်ဖို့လည်း တိုက်တွန်းပါတယ်။

 

 

Most Read

Most Recent