မွန်မုတ္တမမြို့ ၃၂ မြို့ပါ ဘီလူးကျွန်း ဒရယ်မြို့ဟောင်းမှ တွေ့ရှိ ထိန်းသိမ်းထားသည့် ရှေးဟောင်းပစ္စည်းများကို ဥပဒေနှင့်အညီ ထိန်းသိမ်းခွင့် လျှောက်ထား

မွန်မုတ္တမမြို့ ၃၂ မြို့ပါ ဘီလူးကျွန်း ဒရယ်မြို့ဟောင်းမှ တွေ့ရှိ ထိန်းသိမ်းထားသည့် ရှေးဟောင်းပစ္စည်းများကို ဥပဒေနှင့်အညီ ထိန်းသိမ်းခွင့် လျှောက်ထား
ဒရယ်မြို့ဟောင်းမှ တွေ့ရှိ ထိန်းသိမ်းထားသော ပစ္စည်းအချို့ကို မှတ်တမ်းတင်ထားစဉ်
ဒရယ်မြို့ဟောင်းမှ တွေ့ရှိ ထိန်းသိမ်းထားသော ပစ္စည်းအချို့ကို မှတ်တမ်းတင်ထားစဉ်
Published 21 November 2019
မောင်မောင်ရွှေမြိုင်

မွန်လူမျိုးများ၏ မုတ္တမ-၃၂မြို့ပါ ဘီလူးကျွန်း ဒရယ်မြို့ဟောင်းမှ တွေ့ရှိ ထိန်းသိမ်းထားသည့် ရှေးဟောင်းပစ္စည်းများကို ဥပဒေနှင့်အညီ ထိန်းသိမ်းခွင့်လက်မှတ် ရရှိရန် မွန်ပြည်နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ လာရောက် လျှောက်ထားကြောင်း သိရသည်။

ဘီလူးကျွန်း ချောင်းဆုံမြို့နယ် ဒရယ်ရွာမှာနေတဲ့ ကိုသန်းထိုက်က “လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ကတည်းက တွေ့ရှိထားတဲ့ ရှေးဟောင်းပစ္စည်းမျိုးစုံကို ကိုယ်ပိုင်ထိန်းသိမ်းထားဖို့ ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး နည်းဥပဒေအရ လျှောက်ထားတာ ဖြစ်ပါတယ်။ ဒီလို လျှောက်ထားတင်ပြတာကို စိစစ်ပြီး နေပြည်တော်ကို ဆက်လက် တင်ပြသွားမှာပါ။ ယခုကဲ့သို့ လျှောက်ထားခြင်းအားဖြင့် ထိန်းသိမ်းခွင့်ပြုလက်မှတ် ရရှိထားမယ်ဆိုရင် ကိုယ်ပိုင်ပြတိုက်ဥပဒေ ထွက်ရှိလာရင် သူ့အတွက် အသင့်ဖြစ်သွားတာပေါ့။ ဒီကာလထဲမှာ ပြခန်း၊ ပြပွဲတွေရှိရင် လွတ်လွတ်လပ်လပ် ပြသနိုင်တယ်။ သယ်ယူမှုမှာ အနှောင့်အယှက် မရှိဘူးပေါ့။ မွန်ပြည်နယ်မှာ ထိန်းသိမ်းခွင့်တင်တာ ဒရယ်မြို့ဟောင်းက ဒုတိယ။ ပထမက ကျိုက်ထီးဆောင်း ဂဝံ ရှေးဟောင်းပစ္စည်း ထိန်းသိမ်းခွင့် ဖြစ်ပါတယ်” ဟု ပြည်နယ်ဦးစီးမှူး ဦးဇော်ဟန် (လက်ထောက်ညွှန်ကြားရေးမှူး) မွန်ပြည်နယ် ရှေး/သု ဦးစီးဌာနက ပြောကြားသည်။

အလားတူ အကြောင်းကြောင်းအမျိုးမျိုးနှင့် မိမိတို့ လယ်ဝယ်ရှိသည့် ရှေးဟောင်းပစ္စည်းများကို ဥပဒေနှင့်အညီ ထိန်းသိမ်းခွင့်လက်မှတ ်လျှောက်ထားကြရန် တိုက်တွန်းလိုကြောင်း၊ ထိန်းသိမ်းခွင့်လက်မှတ် ရရှိထားခြင်းဖြင့် မိမိတို့၏ အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းရာ ရောက်သည့်အပြင် ကာကွယ်စောင့်ရှောက်မှု ကွင်းဆက် ပြတ်တောက်မှု ရှိသည့်အတွက် နိုင်ငံလူမျိုးအတွက်အကျိုးရှိပါကြောင်း၊ ရှေးဟောင်းပစ္စည်း လက်ဝယ်ရှိသူများသည် မိမိတို့ဌာနနှင့် ဆက်သွယ်ပါက တရားဝင် ထိန်းသိမ်းခွင့် ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးရန် အသင့်ရှိပါကြောင်း ဦးဇော်ဟန်က ဆက်လက် ပြောကြားသည်။

ဒရယ်ရွာသည် ယခင်က မုတ္တမမြို့ဟောင်း- ၃၂ တွင် ဒရယ်မြို့ဟောင်းအဖြစ် ပါဝင်ပြီး မုတ္တမမြို့၏အဝင် သံလွင်မြစ်ဝ ဘီလူးကျွန်းထိပ် ကင်းတပ်မြို့ဖြစ်ကြောင်း၊ ဘုရင် ရာဇာဓိရာဇ်၏ သူရဲကောင်း လဂွန်းအိမ် ဇာတိဖြစ်ကာ မိုးရေတိုက်စားမှု၊ နေအိမ်အဆောက်အအုံ ဆောက်လုပ်မှု၊ မြေညှိမြေတူးခြင်းတို့ကြောင့် သံထည်များ၊ ရွှံ့မြေအိုး၊ အရိုးအိုး၊ မုတ္တမအိုးမျိုးစုံ၊ ယွင်းထည်များ၊ ကြွေထည်များ၊ ငွေထည် ၊ ကြေးထည်၊ လက်ရေးစင်း အုတ်မျိုးစုံတို့ကို ၂၀၁၃ ခုနှစ်မှစ၍ ဒရယ်ရွာနေ ဦးသန်းထိုက်က ၀ါသနာအလျောက် ဝယ်ယူစုဆောင်းထားသည့် ပစ္စည်းများဖြစ်ကြောင်း သိရသည်။

“ ဒီပစ္စည်းတွေက နောင်အနှစ် ငါးဆယ်လောက်ကြာရင် ဆရာဦးစံဝင်းပြောသလို ဟိုလူကိုင်၊ ဒီလူကိုင်နဲ့ ပျက်စီး ပျောက်ကွယ်နိုင်ပါ တယ်၊ တချို့နမူနာအဖြစ် ယူသွားတာလည်း ရှိပါတယ်။ ခုလို ထိန်းသိမ်းခွင့် တင်လိုက်တော့ စနစ်တကျထားမယ်။၂၀၁၉ ခုနှစ်ကုန်တဲ့ထိ ကျေးရွာပိုင်ပြတိုက် ဖြစ်မလာဘူး။ ကိုယ်ပိုင်ပြတိုက်ဥပဒေ ထွက်လာမယ်ဆိုရင် ကိုယ်ပိုင်ပြတိုက်အဖြစ် လုပ်မယ်၊ ဝင်ကြေးက အလှူခံပုံးနဲ့ပဲလုပ်ဖို့ စိတ်ကူးထားပါတယ်။ ငွေပိုရင် နေ့တိုင်းလိုလို ပေါ်နေတဲ့ပစ္စည်းဟောင်းတွေ ဝယ်ထိန်းသိမ်းရတာပေါ့” ဟု ကိုသန်းထိုက်က ပြောကြားသည်။

ဦးသန်းထိုက် နေအိမ်ရှိ ရှေးဟောင်းပစ္စည်းများကို အောက်တိုဘာ ၁၄ ရက်က ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီး နိုင်သက်လွင် လာရောက်ကြည့်ရှု၍ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အထောက်အကူပြုရန် ဘီလူးကျွန်းပြတိုက်အဖြစ် တည်ဆောက်ရေးအတွက် မှာကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent