နိုင်ငံပိုင်ဘဏ်များအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိရန်နှင့် အစိုးရအနေဖြင့် နိုင်ငံပိုင်ဘဏ်များ၏ စီမံခန့်ခွဲမှုတွင် ပါဝင်စွက်ဖက်မှုလျှော့ချရန် နိုင်ငံပိုင်ဘဏ်များ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ စီမံအုပ်ချုပ်မှုအခြေခံမူ ထုတ်ပြန်

နိုင်ငံပိုင်ဘဏ်များအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိရန်နှင့် အစိုးရအနေဖြင့် နိုင်ငံပိုင်ဘဏ်များ၏ စီမံခန့်ခွဲမှုတွင် ပါဝင်စွက်ဖက်မှုလျှော့ချရန် နိုင်ငံပိုင်ဘဏ်များ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ စီမံအုပ်ချုပ်မှုအခြေခံမူ ထုတ်ပြန်
Published 15 November 2019
စည်သူအောင်

နိုင်ငံပိုင်ဘဏ်များအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိရန်နှင့် အစိုးရအနေဖြင့် နိုင်ငံပိုင်ဘဏ်များ၏ စီမံခန့်ခွဲမှုတွင် ပါဝင်စွက်ဖက်မှုလျှော့ချရန် နိုင်ငံပိုင်ဘဏ်များ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ စီမံအုပ်ချုပ်မှုအခြေခံမူကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ အမှတ် ၇၆/၂၀၁၉ ဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။

ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်း ကဏ္ဍတွင် ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိပြီး စွမ်းရည်ပြည့်ဝသည့် ဘဏ်ဝန်ဆောင်မှုများ ပေးနိုင်ရန်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူအားလုံးပါဝင်နိုင်သည့် ငွေရေးကြေးရေးစနစ် ပေါ်ပေါက်လာစေရန်တို့အတွက် နိုင်ငံပိုင်ဘဏ်များကို လိုအပ်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ရန် အဆိုပါစီမံအုပ်ချုပ်မှု အခြေခံမူကို ချမှတ်ခြင်းဖြစ်ကြောင်း သိရသည်။

အဖွဲ့အစည်းဆိုင်ရာအခြေခံမူအနေဖြင့် ပိုင်ရှင်ဖြစ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့၊ ဘဏ်ဒါရိုက်တာအဖွဲ့နှင့် စီမံခန့်ခွဲရေးအဖွဲ့တို့၏ လုပ်ငန်းတာဝန်များမှာ ပြည်ထောင်စုအစိုးရအဖွဲ့၊ နိုင်ငံပိုင်ဘဏ်များ၏ စီမံအုပ်ချုပ်မှုဆိုင်ရာမူဝါဒများ၊ အနာဂတ်ရည်မှန်းချက်များနှင့် လုပ်ပိုင်ခွင့်များကို ချမှတ်ခြင်း (အဆိုပါလုပ်ပိုင်ခွင့်များကို ပြည်ထောင်စုအစိုးရအဖွဲ့က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်နိုင်သည်)၊ ဒါရိုက်တာအဖွဲ့၊ ဘဏ်အတွက် ချမှတ်သည့် ရည်မှန်းချက်နှင့် လုပ်ပိုင်ခွင့်များကို အခြေခံ၍ မဟာဗျူဟာချမှတ်ခြင်း၊ မဟာဗျူဟာ အကောင်အထည်ဖော်မှုစီမံခန့်ခွဲခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများ စောင့်ကြည့်ကြပ်မတ်ခြင်း၊ စီမံခန့်ခွဲရေးအဖွဲ့၊ ဒါရိုက်တာအဖွဲ့မှ ချမှတ်ပေးသော မဟာဗျူဟာကို အကောင်အထည်ဖော်ရန် ဒါရိုက်တာအဖွဲ့ကိုယ်စား တာဝန်ခံဆောင်ရွက်ခြင်းတို့ကို ချမှတ်ထားသည်။

နိုင်ငံပိုင်ဘဏ်များသည် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် တာဝန်ခံမှုအပြည့်အဝရှိစေရေးအတွက် ပွင့်လင်းမြင်သာမှုနှင့် သတင်းအချက်အလက်များအသိ ပေးထုတ်ပြန်မှုဆောင်ရွက်ရန် အခြေခံမူတွင် သတ်မှတ်ထားသည်။ အဆိုပါအချက်များမှာ နိုင်ငံပိုင်ဘဏ်များသည် ပြည်သူလူထု၏ အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ရသော အဖွဲ့အစည်းများဖြစ်သည့်အားလျော်စွာ      နိုင်ငံတကာ စာရင်းကိုင်စံချိန်စံညွှန်းများနှင့်အညီ ဘဏ္ဍာရေးရှင်းတမ်းများပြုစုထုတ်ပြန်ရန်နှင့် ဘဏ္ဍာရေးနှင့်မသက်ဆိုင်သည့် စီမံအုပ်ချုပ်မှုပိုင်းဆိုင်ရာ သတင်းအချက်အလက်များကိုလည်း စနစ်တကျထုတ်ပြန်နိုင်ရန်ဆောင်ရွက်ရမည်။ တိကျမှန်ကန်သည့် သတင်းအချက်များကို အချိန်နှင့်တစ်ပြေးညီ ကောက်ယူနိုင်ရေး၊ အုပ်ချုပ်မှုနှင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု ထိရောက်မှန်ကန်စေရေးတို့အတွက် လုပ်ထုံးလုပ်နည်းများ ရေးဆွဲထားရမည်။ နိုင်ငံပိုင်ဘဏ်များ၏ အစီရင်ခံတင်ပြမှုများနှင့် စပ်လျဉ်း၍ ယုံကြည်စိတ်ချရမှုနှင့် တိကျမှန်ကန်မှုအရည်အချင်းများ တိုးတက်မြင့်မားလာစေရန် သီးခြားလွတ်လပ်သော အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသူ၏ စစ်ဆေးမှုခံယူရမည်။ နိုင်ငံတော်၏ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ နောင်အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သော အကျိုးစီးပွားပဋိပက္ခနှင့် ဆုံးရှုံးမှုအန္တရာယ်တို့ကို ရှောင်ရှားနိုင်စေရန် မူဝါဒချမှတ်ခြင်းနှင့် ကြီးကြပ်ထိန်းကျောင်းမှုလုပ်ငန်းများကို ခွဲခြားသတ်မှတ်ခြင်း၊ ရှယ်ယာတန်ဖိုးများ မြင့်တက်လာစေရန် နိုင်ငံတော်၏ရရန်ပိုင်ခွင့်များကို စီမံခန့်ခွဲခြင်း၊ ကျွမ်းကျင်မှုဆိုင်ရာအရည်အသွေးများ တည်ဆောက်ခြင်း၊ အရင်းအမြစ် များစီမံခန့်ခွဲခြင်းဖြင့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပိုမိုကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စေခြင်း၊ နိုင်ငံပိုင်ဘဏ်များ၏ စီမံအုပ်ချုပ်မှုစံနှုန်း တိုးတက်ကောင်းမွန်စေပြီး နိုင်ငံတော်၏ ပိုင်ဆိုင်မှုအခန်းကဏ္ဍမြှင့်တင်ရန်၊ နိုင်ငံပိုင်ဘဏ်များ၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုကို ပိုမိုကောင်းမွန်သော ကြီးကြပ်ကွပ်ကဲခြင်းနှင့် စောင့်ကြည့်ကြပ်မတ်ခြင်းတို့ဖြင့် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတို့ကို တိုးတက်ကောင်းမွန်စေခြင်းတို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent