မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်လိုသည့်ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဖက်စပ်ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံသားအ နည်းဆုံး ရာခိုင်နှုန်း ၂၀ အချိုးဖြင့် ပါဝင်ရန် သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်မှ သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၁၇ အ ရ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် လုပ်ငန်းများအနက် မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းကို နိုင်ငံခြားသားပိုင်ဆိုင်မှု ရာခိုင်နှုန်း ၁၀၀ ဖြင့် ဆောင်ရွက်နိုင်ပြီး ကောက်ပဲသီးနှံများအား ဖော်ထုတ်ပြီး စိုက်ပျိုးမြေတွင် စိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်းစျေးကွက်၌ ဖြန့်ဖြူးခြင်း၊ ပြည်ပသို့ တင်ပို့ခြင်းလုပ်ငန်းမှအပ ကျန်စိုက်ပျိုးရေး လုပ်ငန်းများကို နိုင်ငံခြား သားပိုင်ဆိုင်မှု ရာခိုင်နှုန်း ၁၀၀ ဖြင့် ဆောင် ရွက်နိုင်သည်ဟု သိရသည်။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရာ၌ ဝန်ကြီးဌာနအနေဖြင့် အဓိကကူညီ ပံ့ပိုးသူအဖြစ် ရပ်တည်ကာ နည်းပညာများ ကူညီပေးမည်ဖြစ်ပြီး ထုတ်လုပ်မှုတိုးတက်ရေးနှင့် ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချနိုင်ရေး စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။
“စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှာ လုပ်ငန်းအကျိုးတူပူးပေါင်းဆောင်ရွက်တဲ့ လုပ် ငန်းမှာ ဝန်ကြီးဌာနရဲ့ နောက်ပိုင်း ရပ်တည် ပေးမယ့်အချက်တွေကတော့ ကျွန်တော်တို့ က Facilitator အနေနဲ့ ရပ်တည်ပေးသွားမယ်။ အဓိကကူညီပံ့ပိုးတဲ့သူ၊ နည်းပညာကို အဓိကကူညီပံ့ပိုးပါမယ်။ ပထမဦးဆုံး ထုတ်လုပ်မှုကို တိုးတက်အောင်နဲ့ နည်းပညာပေးတဲ့နေရာမှာ ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချနိုင်အောင် အရင်စလုပ်ပါမယ်” ဟု ဒေါက်တာအောင်သူက ပြောကြားသည်။
ထို့နောက် တောင်သူလယ်သမားများ နှင့် ပတ်သက်သည့် လယ်ယာထွက်ကုန်များ အာမခံထားသည့်စနစ်ကို ရှေ့ဆက်ညှိနှိုင်းဖော်ဆောင်သွားမည်ဖြစ်ပြီး ကုန်လှောင်ရုံများကို အပ်နှံသည့်စနစ်၊ သီးနှံအပေါင်ထား သည့်စနစ်များကို ဆက်လက်ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အရည်အသွေးမြင့်စားသောက်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် နိုင်ငံတကာ စျေးကွက်ဝင်ရန်၊ ချေးငွေရရှိ၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရေးတို့အတွက် Agriculture Master Plan တစ်ခုကို ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ရေးဆွဲခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
“မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံဖြစ်သည့် အားလျော် စွာ ဆန်စပါးလုပ်ငန်းဟာ ကြီးမားကျယ်ပြန့် သည့်အလျောက် လယ်ယာကဏ္ဍကို အဆင့် မြှင့်ရန် လိုအပ်နေပြီး အနာဂတ်ကာလများ မှာ တန်ဖိုးကြီးနဲ့ အရည်အသွေးပြည့်ဝသည့် စိုက်ပျိုးရေးထုတ်ကုန်များ ဝယ်လိုအားပြောင်း လဲနေမှုနဲ့ စျေးကွက်အခွင့်အလမ်းနဲ့အညီ ထုတ်လုပ် နိုင်ဖို့ ခေတ်မီစိုက်ပျိုးရေးထွက်ကုန် အစားအစာဆက်စပ်ပြောင်းလဲမှုဂေဟစနစ် ကို လုပ်ဆောင်ရန် လိုအပ်လျက်ရှိပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
“ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးထုတ်လုပ်ခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်း၊ ကြိတ်ခွဲပြုပြင်ခြင်း၊ ပြည်တွင်းပြည်ပ သို့ တင်ပို့ရောင်းချခြင်းစတဲ့ (Supply Chain Mechanism) တစ်ခုလုံးဟန်ချက်ညီတိုး တက် ခေတ်မီအောင် ဆောင်ရွက်ရမှာဖြစ်သလို ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီဆန်စက်များ၊ခေတ်မီသိုလှောင်ရုံများ တည်ဆောက်ရေးဟာလည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်လျက်ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။















