ကျွမ်းကျင်အလုပ်သမားနှင့် ကျွမ်းကျင်ပညာရှင်တွေ မွေးထုတ်ပေးနိုင်ရန်အတွက် နည်းပညာနှင့် သက်မွေးပညာကျောင်းများကို တစ်နိုင်ငံလုံးတွင် တိုးချဲ့ဆောက်လုပ်သွားမည်ဟု နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က ပြောကြားသည်။
လာမည့်နှစ်တွင် သန်လျင်၊ တောင်ဒဂုံ၊ ချင်းပြည်နယ်နှင့် တောင်ကြီးတို့တွင် အစိုးရနည်းပညာ အထက်တန်းကျောင်းနှင့် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းများ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဒေါက်တာအေးမြင့်က ပြောကြားသည်။
“ ကျောင်းဆောက်တာကတော့ အများကြီး ဆောက်နေပါတယ်။ ဆရာ၊ ဆရာမ ရရှိမှုအင်အားနဲ့ ဝန်ထမ်းအင်အားပေါ် မူတည်ပြီးတော့ ဘယ်ကျောင်းတွေ ဖွင့်မလဲဆိုတာ ဆုံးဖြတ်သွားပါမယ်။ ကျောင်းတွေကတော့ တစ်ပြည်လုံးမှာတော့ ဆောက်နေတာပဲ” ဟု ၎င်းက ဆိုသည်။
TVET ဆရာ၊ ဆရာမများအတွက် နည်းပညာမြှင့်တင်ရေး သင်တန်းဌာန(ဘယ်လင်း) တွင် သင်တန်းများ တိုးချဲ့ဖွင့်လှစ်ပြီး ဆရာ၊ ဆရာမများ အရည်အသွေးတိုးတက်ရန် နှစ်စဉ်စီမံချက်များ ချမှတ်၍ အကောင်အထည် ဖော်နေကြောင်း သိရသည်။
အစိုးရ နည်းပညာကောလိပ်၊ အစိုးရ စက်မှုလက်မှု သိပ္ပံများတွင် အဓိကအားဖြင့် မြို့ပြ အင်ဂျင်နီယာ၊ အီလက်ထရွန်နစ် အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ၊ စက်မှု အင်ဂျင်နီယာ၊ သုတနည်းပညာ၊ စက်မှုလုပ်ငန်း အင်ဂျင်နီယာ၊ စက်မှုလယ်ယာ နည်းပညာနှင့် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းမှု နည်းပညာတို့ သင်ကြားလျက်ရှိပြီး ဘာသာရပ်များ တိုးချဲ့သင်ကြားနိုင်ရန် စီစဉ်လျက်ရှိကြောင်း ဒေါက်တာအေးမြင့်က ဆိုသည်။
၎င်းကျောင်းများ၏ သင်တန်းကာလမှာ သုံးနှစ်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ဒီပလိုမာ အောင်လက်မှတ် ရရှိမည်ဖြစ်သည်။ A.G.T.I သင်တန်းများတွင် သတ်မှတ်အရည်အချင်း ပြည့်မီပါက နည်းပညာတက္ကသိုလ်များတွင် တတိယနှစ် သင်တန်းသို့ ပေါင်းကူးတက်ရောက်နိုင်သည်။
တစ်နိုင်ငံလုံး၌ အစိုးရနည်းပညာ အထက်တန်းကျောင်း ၃၅ ကျောင်း၊ အစိုးရနည်းပညာ ကောလိပ် သုံးကျောင်းနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ၂၅ ကျောင်း ရှိသည်။
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍနှင့် စပ်လျဉ်း၍ ၁ဝကြိမ်မြောက် ဒေသဆိုင်ရာ မူဝါဒဆွေးနွေးပွဲကို နိုဝင်ဘာ ၁၄ ရက်မှ ၁၅ရက်အထိ ရန်ကုန်မြို့ရှိ ဝင်ဒမ်းဂရန်းဟိုတယ်တွင် ကျင်းပလျက် ရှိသည်။
ထိုဆွေးနွေးပွဲကို ပညာရေးဝန်ကြီးဌာန၊ အာဆီယံ အရည်အသွေး အာမခံချက်ဆိုင်ရာ ကွန်ရက်နှင့် ဂျာမနီအစိုးရကိုယ်စား လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သည့် အဖွဲ့တို့က ပူးပေါင်း၍ “ အာဆီယံဒေသတွင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ အရည်အသွေး တိုးမြှင့်စေရန်အတွက် အရည်အသွေးတိုးတက်မှုနှင့် အရည်အသွေး အာမခံချက်ရရှိရေး လေ့ကျင့်ဆောင်ရွက်ခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးလျက် ရှိသည်။















