ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ရောဂါ နှိမ်နင်းရေး အပါအဝင် ဆေးနှင့်ဆေးပစ္စည်း ကိရိယာဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကို မြန်မာ-အင်ဒိုနီးရှား နှစ်နိုင်ငံ ပူးပေါင်းလုပ် ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ၏ ၅၅ကြိမ်မြောက် အမျိုးသား ကျန်းမာရေးနေ့အထိမ်းအမှတ်အဖြစ် အင်ဒိုနီးရှားနိုင်ငံ တန်ဂရမ်းမြို့၌ နိုဝင်ဘာ ရရက်မှ ၉ရက်အထိ ကျင်းပခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းကျန်းမာရေးကုန်စည် ပြပွဲအခမ်းအနားနှင့်အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနတို့အကြား နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာ ချွန်လွှာလက်မှတ်ရေးထိုးပွဲအခမ်းအနား သို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် နိုဝင်ဘာ ၈ရက်က အင်ဒိုနီးရှား နိုင်ငံ ကျန်းမာရေးဝန်ကြီးနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် အကျိုးတူ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာ ချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြကြောင်းနှင့် အဆိုပါ စာချွန်လွှာတွင် ကုသမှုပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ပြည်သူ့ကျန်းမာရေးနှင့်ရောဂါ နှိမ်နှင်းရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေး လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင် ရည်မြှင့်တင်မှုလုပ်ငန်းများ၊ ဆေးနှင့်ဆေးပစ္စည်းကိရိယာများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များနှင့်သုတေသနလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ယခုကဲ့သို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးမှုသည် နှစ်နိုင်ငံအကြား ကျန်းမာ ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ ကဏ္ဍအသစ်ဖွင့် လှစ်လိုက်ခြင်းပဲဖြစ်ပါတယ်။ စာချွန်လွှာမှာ ဖော်ပြထားတဲ့လုပ်ငန်းတွေကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် နှစ်ဖက်တာဝန်ရှိသူတွေရဲ့ အသေးစိတ်ညှိ နှိုင်းမှုတွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယင်းအခမ်းအနားတွင် ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် မြန် မာနိုင်ငံ၌ ဆေးဝါးစက်ရုံတည်ဆောက်လျက်ရှိသော Kalbe Company ၏ ဆေးဝါးထုတ်လုပ်မှုဗဟိုစက်ရုံသို့ သွားရောက်လေ့လာခဲ့ကြောင်းနှင့် Presidential Indonesian Army ဆေးရုံသို့ သွားရောက်၍ Cellcure တွင် နောက်ဆုံးပေါ်ဆေးသိပ္ပံနည်း စနစ်များဖြင့် သီးခြားရွေးချယ်ထားသည့် သွေးဖြူဥအမျိုးအစားတစ်မျိုးဖြင့် ခန္ဓာကိုယ်ခုခံအားစနစ် ဖောက်လွှဲဖောက်ပြန်ဖြစ်ခြင်း ရောဂါ၊ အယ်ဇိုင်းမားရောဂါများနှင့် ကင်ဆာရောဂါကုသမှုများကို လေ့လာခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကျွမ်းကျင်မှုပိုင်းဆိုင် ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနအနေဖြင့် လက်ရှိ၂၀၁၉-၂၀၂ဝဘဏ္ဍာ နှစ်တွင် မကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းအပါအဝင် လုပ်ငန်းကြီးငါးရပ်ကို ဦးစားပေးဆောင်ရွက်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာ မြင့်ထွေး၏ ပြောကြားချက်အရသိရသည်။
မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် မကူးစက်နိုင်သောရောဂါများကြောင့် နှစ်စဉ် လူဦးရေ၄၁သန်းခန့်သေဆုံးနေပြီး ၎င်းတို့ အနက် အသက်၃ဝမှ၆၉နှစ်ကြား လူဦးရေ ၁၅သန်းခန့်ပါဝင်နေကြောင်း၊ မကူးစက်နိုင်သောရောဂါများကြောင့် နှစ်စဉ် လူဦးရေ ၄၁ သန်းသေဆုံးလျက်ရှိပြီး တစ်ကမ္ဘာလုံးသေဆုံးမှု၏ ၇၁ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ယင်းတို့အနက် အသက်၃ဝမှ၆၉နှစ်ကြားလူဦးရေ ၁၅သန်းနှစ်စဉ်သေဆုံးလျက်ရှိပြီး ထိုသို့အရွယ်မတိုင်မီ သေဆုံးမှုများ၏ ၈၅ရာခိုင်နှုန်းသည် ဝင်ငွေနည်းပါးသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ မှဖြစ်ကြောင်းနှင့် အဓိကသေဆုံးရသည့် အ ကြောင်းရင်းများမှာ နှလုံးနှင့်သွေးကြောရော ဂါများ၊ကင်ဆာ၊နာတာရှည်အဆုတ်ရောဂါ နှင့်ဆီးချိုရောဂါ စသည်တို့ကြောင့်ဖြစ်ကြောင်းသိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့ သောအစီရင်ခံစာအရ မြန်မာနိုင်ငံ၌ ရောဂါ ဖြစ်ပွားသေဆုံးမှု၏ ရာခိုင်နှုန်း ၆၀ ခန့်သည် မကူးစက်နိုင်သောရောဂါများကြောင့်ဖြစ်နေသည့်အတွက် မြန်မာနိုင်ငံတွင် ကူးစက်ရောဂါများကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများကိုသာမက မကူးစက်နိုင်သောရောဂါများ ကာ ကွယ်ကုသရေးလုပ်ငန်းများကိုပါပိုမိုတိုးမြှင့်လုပ်ဆောင်ရန်လိုအပ်နေကြောင်း သိရသည်။















