​​​​​​​မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်ဦးနှစ်ဖက် ရခိုင်ပြည်နယ်အရေးကိစ္စကို ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ပြေလည်စွာဖြေရှင်းနိုင်ရန် တရုတ်နိုင်ငံသည် တစ်ဖက်တစ်လမ်းမှ တွန်းအားပေးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ပြောကြား

​​​​​​​မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်ဦးနှစ်ဖက် ရခိုင်ပြည်နယ်အရေးကိစ္စကို ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ပြေလည်စွာဖြေရှင်းနိုင်ရန် တရုတ်နိုင်ငံသည် တစ်ဖက်တစ်လမ်းမှ တွန်းအားပေးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ပြောကြား
Published 11 November 2019

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နှစ်ဦးနှစ်ဖက် ရခိုင်ပြည်နယ်အရေးကိစ္စကို ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ပြေလည်စွာဖြေရှင်းနိုင်ရန် တရုတ်နိုင်ငံသည် တစ်ဖက်တစ်လမ်းမှ တွန်းအားပေးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က ပြောကြား ခဲ့ကြောင်း နိုဝင်ဘာ ၁၀ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ Facebook စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးက ရခိုင်ပြည်နယ်အရေး ကိစ္စနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်အား မြန်မာနိုင်ငံ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဖြေကြားခြင်းခေါင်းစဉ်ဖြင့် တရုတ်သံရုံးက ထုတ်ပြန်ခဲ့ပြီး အဆိုပါတွေ့ဆုံမေးမြန်းမှုကို နိုဝင်ဘာ ၉ ရက် က MRTV ၊ MITV တို့၌ ထုတ်လွှင့်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

“မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နှစ်ဦးနှစ်ဖက် ရခိုင်ပြည်နယ်အရေးကိစ္စကို ဆွေးနွေး ညှိနှိုင်းခြင်းဖြင့် ပြေလည်စွာဖြေရှင်းနိုင်ရန် တရုတ်နိုင်ငံသည် တစ်ဖက်တစ်လမ်းမှ တွန်းအားပေးနေကြောင်း၊ အပစ်အခတ်ရပ်စဲရေး၊ ပြန်လည်လက်ခံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဟူသည့် အဆင့်သုံးဆင့်နှင့် ဖြေရှင်းခြင်းနည်းလမ်းကို တရုတ်နိုင်ငံမှ အဆိုပြုခဲ့ကြောင်း၊ အဆိုပါနည်းလမ်းကိုလည်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်ဦးနှစ်ဖက်မှ တက်ကြွစွာတုံ့ပြန်ခဲ့ကြကြောင်း၊ ယမန်နှစ်မှစ၍ တရုတ်နိုင်ငံသည် တရုတ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် သုံးပွင့် ဆိုင်အလွတ်သဘောဆွေးနွေးပွဲကို သုံးကြိမ်တိုင်တိုင် ခေါ်ယူကျင်းပကာ ရခိုင်ပြည်နယ်အရေးကိစ္စဖြေရှင်းရေးနှင့်ပတ်သက်ပြီး နက်ရှိုင်းစွာအမြင်ချင်းဖလှယ်ခဲ့ပြီး အရေးကြီး သောသဘောတူညီချက်များ ရရှိခဲ့ကြောင်း၊ ယင်းသည် နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး အတွက် အခြေအနေကောင်း ဖန်တီးပေးခဲ့ကြောင်း”ဟု သံအမတ်ကြီးကပြောကြားခဲ့ကြောင်း သံရုံးထုတ်ပြန်ချက်တွင် ပါရှိသည်။

ရခိုင်ပြည်နယ်အရေးကိစ္စသည် ရှုပ်ထွေးသောပြဿနာတစ်ခုဖြစ်ပြီး ထူးခြားသောသမိုင်းနောက်ခံနှင့် လက်တွေ့အကြောင်း ရင်းများရှိနေကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်ရော ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ပါ ချစ်ကြည်ရင်းနှီးသောအိမ်နီးချင်းနိုင်ငံဖြစ်ပြီး ရခိုင်ပြည်နယ်အရေးကိစ္စကို မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ချစ်ခင်ရင်းနှီးစွာ ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ပြေလည်စွာဖြေရှင်းနိုင်ရန်၊ ရခိုင်ပြည်နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံမှ ပြည်သူများ အေးချမ်းစွာနေထိုင်ပြီး ပျော်ရွှင် ချမ်းမြေ့စွာလုပ်ကိုင်နိုင်ရန်၊ အဆိုပါဒေသအား နှစ်နိုင်ငံချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု၏ ပေါင်းကူးတံတားအဖြစ် ဖွံ့ဖြိုးတိုး တက်လာစေရန်မျှော်လင့်ကြောင်း သံအမတ် Mr. Chen Hai က ပြောကြားခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း၊ ယခုနှစ်များတွင် ရခိုင်ပြည်နယ်အရေးကိစ္စ တစ်ကျော့ပြန်ပြင်းထန်လာနေကြောင်း၊ မြန်မာနိုင်ငံအစိုးရသည် ရခိုင်ပြည်နယ်အရေးကိစ္စကို ဖြေရှင်းရန် များစွာကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆွေးနွေးညှိနှိုင်း ပြီး နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး နှင့်ပတ်သက်သည့် သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပြီး ထိုစာချုပ်ကို တက်တက်ကြွကြွ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သံအမတ်ကြီးက ဆိုသည်။

ထို့ပြင်  မြန်မာနိုင်ငံသည် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းကို စတင်နိုင်ရေးအတွက် ကုလသမဂ္ဂနှင့် အာဆီယံစသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်ပြီး ရခိုင်ပြည်နယ်နှင့် သက်ဆိုင်ရာဒေသများ၌ “Quick impact”  စီမံကိန်းအပါအဝင် ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းများ ဖော်ဆောင်နေကြောင်း၊ ထိုစီမံကိန်းများမှ အကျိုးရလဒ်ကောင်း များစွာဖြစ်ထွန်းခဲ့ကြောင်း  မကြာမီက မြန်မာနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ရခိုင်ပြည်နယ်သို့ သွားရောက်၍ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းဆောင် ရွက်မှုအခြေအနေအား လေ့လာခဲ့ပြီး မိမိဆန္ဒအရ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် လာသော နေရပ်စွန့်ခွာသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း သံအမတ်ကြီးက ပြောကြားသည်။ 

လက်ရှိတွင် ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးအခြေအနေသည် အတိုင်းအတာတစ်ခုအထိ ပြီးပြည့်စုံနေပြီး အခြေခံလည်းရှိနေကာ  မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသူများ၏ နေထိုင်မှုဘဝ အခြေခံအာမခံချက်လည်းရှိနေပြီဟု တရုတ်နိုင်ငံမှ ထင်မြင်ယူဆကြောင်း သံအမတ်ကြီး က ဆက်လက်ပြောကြားသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏လိုအပ်ချက်အရ Assembled House အလုံး ၁၁၀၀ Truck ကားအစီး ၂၀ နှင့် နယ်မြေလုံခြုံရေးအတွက် အသုံးဝင်သည့် ရဲသုံးပစ္စည်း များကို လှူဒါန်းခဲ့ကြောင်း၊ နိုင်ငံတကာမျက် နှာစာတွင် တရုတ်နိုင်ငံသည် လုပ်သင့်လုပ် ထိုက်သည်ကို အရှိကိုအရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း ဓမ္မဓိဋ္ဌာန်ကျကျ ဆောင်ရွက်ကြောင်း၊ တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုကို အားလုံးအသိပင်ဖြစ်ကြောင်း၊ယင်းသည်လည်း တရုတ်နိုင်ငံ၏ တာဝန်ကျေပွန်သော အင်အားကြီးနိုင်ငံတစ်နိုင်ငံ၏ အခန်းကဏ္ဍကိုထင်ဟပ်နိုင်ကြောင်း ၎င်းကဆိုသည်။

ယခုအခြေအနေကို သုံးသပ်ရမည်ဆိုပါက နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံ ရေးနှင့် ပြန်လည်နေရာချထားရေးအခြေအနေ တဖြည်းဖြည်းကောင်းမွန်လာနေကြောင်း၊ လတ်တလောကုလသမဂ္ဂညီလာခံ ကျင်းပချိန်တွင် တရုတ်နိုင်ငံ၏ နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi က နယူးယောက်မြို့တွင် မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုလသမဂ္ဂကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ် အရေးကိစ္စကို ဖြေရှင်းရန် နက်နက်ရှိုင်းရှိုင်း ပွင့်လင်းမြင်သာစွာ အမြင်ချင်းဖလှယ်ခဲ့ကြောင်းနှင့် အဆိုပါအစည်းအဝေးတွင် အောက်ပါသဘောတူညီချက် သုံးချက်ရရှိကြောင်း သံအမတ်ကြီး က ပြောကြားသည်။

အစည်းအဝေးသဘောတူညီချက် ပထမအချက်မှာ နေရပ်စွန့်ခွာသူ ပြန်လည်လက်ခံရေးကို အမြန်ဆုံးဖော်ဆောင်ခြင်းက သုံးဖက်စလုံး၏ ပြင်းပြသောနိုင်ငံရေးဆန္ဒ နှင့် အရေးကြီးသောနိုင်ငံရေးသဘောတူညီချက်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံတို့သည် ပြန်လည်လက်ခံရေးလုပ်ငန်းကို ဆက်လက်အချိန်ဆွဲဆိုင်းငံ့ရန် မရတော့ဘဲ အမြန်ဆုံးဖြေရှင်းသင့်သည်ဟု သုံးသပ်ကြကြောင်း၊ ဒုတိယအချက်မှာ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် Joint Working Group ဖွဲ့စည်းပြီး ပြန်လည်လက်ခံရေးလုပ်ငန်းကို လက်တွေ့ကျကျဖော်ဆောင်ရန် သဘောတူကြောင်း၊ တတိယအချက်မှာ ဖွံ့ဖြိုး တိုးတက်ရေးသည် ရခိုင်ပြည်နယ်အရေး ကိစ္စကို ဇာစ်မြစ်မှ ဖြေရှင်းနိုင်မည့်နည်းလမ်း ဖြစ်ကြောင်း၊ သုံးဖက်စလုံးက ပူးပေါင်းဆောင် ရွက်မှု မြှင့်တင်ရေးကို သဘောတူကြောင်း၊ အထူးသဖြင့် တရုတ်-မြန်မာ၊ တရုတ်-ဘင်္ဂလားဒေ့ရှ် စသည့် ရှိရင်းစွဲ နှစ်ဦးနှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုစနစ်ကို ထိထိရောက် ရောက်အသုံးပြုခြင်းအားဖြင့် ရခိုင်ပြည်နယ်၏တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေအနေကောင်း ဖန်တီးပေးကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် လက်တွဲပြီး နှစ်နိုင်ငံဆန္ဒအလျောက် နေရပ်စွန့်ခွာသူ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးအတွက်  ထိုက်သင့်သည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လို်ကြောင်း၊ လူဦးရေအဆက်မပြတ်တိုးများလာခြင်းနှင့် နေထိုင်စားသောက်လုပ်ကိုင်ရန် အရင်းအမြစ်ပမာဏ အကန့်အသတ်ရှိခြင်းသည် ရခိုင်ပြည်နယ်အရေးကိစ္စ ဖြစ်ပွားလာသည့် အဓိကအကြောင်းရင်းဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးမှတစ်ဆင့် ရခိုင် ပြည်နယ်အရေးကိစ္စကို ဖြေရှင်းရန်လိုကြောင်းလည်း သံအမတ်ကြီးက ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် ဆောင်ရွက်ခဲ့သည်များကို အခြေခံပြီး မြန်မာနိုင်ငံကို Assembled house အလုံး ၁၀၀၀ ကို ထပ်မံ လှူဒါန်းပေးမည်ဖြစ်ပြီး ပြန်လည်လက်ခံရေး နှင့် ပြန်လည်နေရာချထားရေးအတွက် ဆက်လက်ကူညီပေးမည်ဖြစ်ကြောင်း၊ ထို့အပြင် တရုတ်ကုမ္ပဏီများကလည်း မြန်မာဘက်နှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ စက်မှုဇုန် စသည့်စီမံကိန်းကြီးများကို ပူးပေါင်းဆောင်ရွက်ပြီး ရခိုင်ပြည်နယ်ကို သွယ်တန်းထားသည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အ နောက်ပိုင်းစီမံကိန်းလည်း ဖော်ဆောင်နေကြောင်း သံအမတ်ကြီးက ပြောကြားခဲ့သည် ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Most Read

Most Recent