မြန်မာ့သစ်လုပ်ငန်းမှ မန်နေဂျာ (ဆင်ဆေးကုဆရာဝန်) ဒေါက်တာဇော်မင်းဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

မြန်မာ့သစ်လုပ်ငန်းမှ မန်နေဂျာ (ဆင်ဆေးကုဆရာဝန်) ဒေါက်တာဇော်မင်းဦးနှင့် တွေ့ဆုံမေးမြန်းခြင်း
Published 6 November 2017

“မြန်မာပြည်က တောဆင်ရိုင်းတွေက နိုင်ငံခြားကို နည်းလမ်းနှစ်ခုနဲ့ ရောက်သွားကြတယ်။ ဆင်ပေါက်ကလေးတွေက ထိုင်းနိုင်ငံကို ခရီးသွားလုပ်ငန်းအတွက် ရောက်သွားတယ်။  တရုတ်ပြည်ကျတော့ စားဖို့အတွက် ဆင်ကောင်ကြီးတွေက ရောက်သွားတယ်”

မြန်မာနိုင်ငံမှာ ၂၀၁၆ ခုနစ်အတွင်း တောဆင်အကောင်ရေ ၁၈ ကောင်လောက်သာ အသတ်ခံရပေမယ့် ၂၀၁၇ ခုနစ် ဇန်နဝါရီကနေ သြဂုတ်လအထိ ရှစ်လအတွင်းမှာတော့ တောဆင်အကောင်ရေ ၃၀ လောက် အသတ်ခံရတာကြောင့် တစ်ပတ်ကို တစ်ကောင်နှုန်း အသတ်ခံနေရတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း လက်ရှိအချိန်မှာ တောဆင်အကောင်ရေ ၁၄၀၀ နဲ့ ၂၀၀၀ ကြားသာရှိတော့တယ်လို့ သတင်းထုတ်ပြန်မှုတွေ ရှိနေပါတယ်။ အရင်က ဆင်စွယ်လိုလို့ ဆင်ကိုသတ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ဆင်စွယ်အပြင် ဆင်အရေပြား၊ ဆင်အသားတွေကိုပါ ဝယ်လိုအားတွေ မြင့်တက်လာတဲ့အတွက် တောဆင်တွေ အသတ်ခံရမှုနှုန်းက မြင့်တက်လာတာဖြစ်တယ်လို့ ဆင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ဆောင်နေသူတွေက ဆိုပါတယ်။ အစိုးရအနေနဲ့ကလည်း တောဆင်တွေ မျိုးသုဉ်းပျောက်ကွယ်မသွားအောင်လို့ NGO၊ INGO အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး လုပ်ဆောင်နေတာတွေရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာ့သစ်လုပ်ငန်းမှ မန်နေဂျာ (ဆင်ဆေးကုဆရာဝန်) ဒေါက်တာဇော်မင်းဦးနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာတွေထဲက တချို့ကို ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။

 

■ မေး - ဆင်တစ်ကောင်ဖြစ်ဖို့ အချိန်ဘယ်လောက်ကြာသလဲဆိုတာ သိချင်ပါတယ် ဆရာ။

ဖြေ - ဆင်မတစ်ကောင်ရဲ့ ကိုယ်ဝန်ဆောင်ကာလက ၂၂ လလောက် ရှိတယ်။ ပြောရရင် နှစ်နှစ်နီးပါး လောက်ရှိတယ်။ နှစ်နှစ်လောက်ကြာမှ ဆင်တစ်ကောင်ကိုမွေးတာ။ အဲဒီမွေးလာတဲ့ ဆင်ကို နို့တိုက်ရတဲ့ ကာလက နှစ်နှစ်လောက်ရှိတယ်။ အဲဒါကြောင့် ဆင်တစ်ကောင်ဖြစ်ဖို့က အနည်းဆုံး အချိန်လေးနှစ်က နေ ငါးနှစ်အထိ ယူရတဲ့အတွက် ဆင်တစ်ကောင်ဖြစ်ဖို့က မလွယ်ဘူး။ သတ်တာကတော့ ရက်ပိုင်းအတွင်း သေသွားနိုင်တယ်။ ဆင်ကို လွယ်လွယ်ကူကူ မသတ်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဆင်တစ်ကောင် မွေးဖို့အတွက် ကိုယ်ဝန်ဆောင်ချိန်က နှစ်နှစ်ကြာတယ်။ မွေးလာတဲ့ ဆင်ကလေး ဆင်လားမြောက်ဖို့အတွက် နောက်ထပ် နှစ်နှစ်၊ သုံးနှစ် အချိန်ယူရတယ်။ စုစုပေါင်း လေးနှစ်၊ ငါးနှစ်ကြာမှ ဆင်တစ်ကောင် ဖြစ်လာတာ။ မုဆိုးက သူ့လောဘအတွက် ဆင်တစ်ကောင်ကို သေနတ်နဲ့ ပစ်သတ်လိုက်ဖို့က ငါးစက္ကန့်ပဲကြာတယ်။ သုံးရက်အတွင်းမှာ ဆင်သေသွားတယ်။ အဲဒီလို သုံးရက်အတွင်း ဆင်ကြီးဖြစ်ဖို့က မဖြစ်နိုင်ဘူး။

 

■ မေး - ဆင်စွယ်ကနေ အရေပြား၊ အသားတွေအထိ ရောင်းဝယ်မှုတွေ လုပ်ကြတယ်ဆိုတော့ ဘယ်အချိန်က စဖြစ်လာတာလဲဆိုတာ သိချင်ပါတယ်။

ဖြေ - လွန်ခဲ့တဲ့ သုံးနှစ်လောက်ကစပြီး အရောင်းအဝယ်ဖြစ်လာတာ။ အရင်ကတော့ အစွယ်ပဲ အရောင်းအဝယ် လုပ်ကြတာပေါ့။ နောက်ပိုင်း လွန်ခဲ့တဲ့ သုံးလေးနှစ်လောက် ကစပြီး အရေပြား၊ အသားတွေပါ အရောင်းအဝယ်လုပ်လာတာ။ ဒီလို အရောင်းအဝယ်ဖြစ်နေတာက ဈေးကွက်ရှိလို့ပါ။ ဝယ်တာကို ရပ်လိုက်ဖို့ အရေးကြီးတယ်။ ဆင်တစ်ကောင်လုံး အဆိပ်မြားနဲ့ပစ်ပြီး ဖမ်းလာတယ်ဆိုတာကို ဝယ်တဲ့သူတွေက မသိကြဘူး။ အဆိပ်မိတဲ့အသားကို ဝယ်တဲ့သူတွေက မသိလို့ စားကြတာပေါ့။ မြန်မာပြည်က တောဆင်ရိုင်းတွေက နိုင်ငံခြားကို နည်းလမ်းနှစ်ခုနဲ့ ရောက်သွားကြတယ်။ ဆင်ပေါက်ကလေးတွေက ထိုင်းနိုင်ငံကို ခရီးသွားလုပ်ငန်းအတွက် ရောက်သွားတယ်။  တရုတ်ပြည်ကျတော့ စားဖို့အတွက် ဆင်ကောင်ကြီးတွေက ရောက်သွားတယ်။

■ မေး - တောဆင်တွေကို အဆိပ်နဲ့ပစ်ဖမ်းတယ်ဆိုတော့ ဘယ်လို အဆိပ်မျိုးလဲဆိုတာ သိချင်ပါတယ် ဆရာ။

ဖြေ - ကျွန်တော်တို့ကတော့ သေချာမသိဘူး။ ဒါပေမဲ့ ရရှိတဲ့ သတင်းအချက်အလက်တွေအရ အင်ဒရင်း အဆိပ်လိုဟာမျိုး အဆိပ်နဲ့ အပင်တွေကထွက်တဲ့ အဆိပ် အဲဒီနှစ်ခုကို ပေါင်းပြီးတော့မှ မြားထဲကို ထည့် ထားတာ။ မြားထဲထည့်ပြီး ပစ်တာ။ အဲဒီလိုအပစ်ခံရတဲ့ ဆင်က သုံးရက်လောက်ဆို သေတယ်။

 

■ မေး - မြန်မာနိုင်ငံမှာ တောဆင်ရိုင်း အသတ်ခံနေရတာ ဘယ်ပြည်နယ်နဲ့ တိုင်းတွေမှာ အများဆုံးဖြစ်နေတယ်ဆိုတာ သိချင်ပါတယ်။

ဖြေ - တောဆင်ရိုင်းတွေ အသတ်ခံရတာ အများဆုံးကတော့ ဧရာဝတီတိုင်းပါ။ ၂၀၁၇-၂၀၁၈ ရဲ့ ခုနစ်လနဲ့ ရှစ်လအတွင်းမှာ အသတ်ခံရတဲ့ တောဆင်ရိုင်း ၁၉ ကောင်လောက် ရှိတယ်။ အဲဒီအထဲမှာမှ သုံးပုံပုံ နှစ်ပုံ လောက်က ဧရာဝတီတိုင်းမှာ အသတ်ခံရတာ။ ပဲခူးတိုင်းကတော့ ဒုတိယအများဆုံး အသတ်ခံရတာပေါ့။

 

■ မေး - ဒီလို တောဆင်ရိုင်းတွေ အသတ်ခံရမှု အများဆုံးဖြစ်နေတဲ့ ဧရာဝတီတိုင်းမှာ ဆရာတို့အနေနဲ့ ဘယ်လိုမျိုး အသိပညာပေးတာတွေ လုပ်နေပါသလဲ။

ဖြေ - လုပ်နေတာတွေတော့ ရှိတယ်။ သစ်တောရယ်၊ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရယ်၊ တခြားအဖွဲ့ တွေရယ် ပေါင်းပြီးတော့မှ ဆင်ဖမ်းတဲ့ မုဆိုးတွေ အဓိက အခြေချနိုင်တဲ့ရွာတွေကို သွားပြီးတော့မှ အဲဒီလူ တွေကို ဆွေးနွေးညှိနှိုင်းတယ်။ ကျွန်တော်တို့ကို သတင်းအချက်အလက်ပေးပါ။ ပြီးတော့ အဲဒီမှာ အမြဲတမ်း အခြေချနေထိုင်သူတွေအနေနဲ့ ဆင်ကို မမုန်းအောင် သဘောကတော့ ဆင်ကို ရန်သူလို သဘောမထား အောင်ဆိုပြီး ဆင်တွေ သူတို့ ပစ္စည်းတွေ မဖျက်အောင်လို့ ကျွန်တော်တို့က သွားကာကွယ်ပေးတယ်။ ဆင်တွေ သူတို့ရွာနားရောက်ပြီဆို ဖုန်းနဲ့ဖြစ်ဖြစ်၊ မက်ဆေ့နဲ့ဖြစ်ဖြစ် သတင်းပို့ပေးဖို့ ညဘက်ဆိုလည်း ရတယ်။ ဆင်ရောက်လာပြီ လာမောင်းပေးပါလို့ သတင်းရတာနဲ့ ကျွန်တော်တို့ အဖွဲ့တွေက သွားပြီးတော့ ဆင်တွေ တောထဲရောက်သွားအောင် ပြန်ပြီးတော့ မောင်းပေးတယ်။ ကျွန်တော်တို့အဖွဲ့တွေက အဲဒီလို လုပ်ပေးခြင်းအားဖြင့် ရွာသားတွေက ဆင်တွေသူတို့ပစ္စည်းကို မဖျက်ဘူးဆိုရင် မမုန်းတော့ဘူး။ မမုန်းတဲ့အပြင် သတင်းအချက်အလက်ကလည်း မြန်မြန်ဆန်ဆန်ရတဲ့အတွက်ကြောင့် ကာကွယ်နိုင်တယ်။ အဲဒီအပြင် ရွာသားတွေကို ဆင်နဲ့ပတ်သက်ပြီး အန္တရာယ်မဖြစ်အောင် ဘယ်လိုမျိုး ပြုမူနေထိုင်သင့်တယ် ဆိုတာကို သတင်းအချက်အလက် မျှဝေပေးတယ်။ ပညာပေးတယ်။ ဆွေးနွေးပေးတယ်။

 

■ မေး - ဒီနှစ်ထဲမှာ ဆင်မုဆိုးတွေ ဖမ်းမိတာ ဘယ်နှယောက် ရှိပြီလဲဆိုတာကိုလည်း သိချင်ပါတယ်။

ဖြေ - ဒီနှစ်ထဲမှာ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့က ဖမ်းမိတာက ပဲခူးတိုင်းထဲမှာ နှစ်ဖွဲ့ လေးယောက်လောက် ဖမ်းမိတယ်။ ဧရာဝတီတိုင်းမှာ ဖမ်းမိတာ ၂၆ ယောက်နဲ့ပေါင်းရင် စုစုပေါင်း ၃၀ လောက်တော့ ရှိတယ်။ ဆင်သတ်တဲ့ မုဆိုးကို ဖမ်းမိရင် ရဲကနေ ဖမ်းပြီးတော့ တရားရုံးကို တင်ရတာ။ တရားရုံးကို တင်ပြီးတော့မှ အချုပ်ထဲ ထည့်ထားတယ်။ တရားစွဲတယ်။ ဆင်မုဆိုးတွေရဲ့ ပါဝင်ပတ်သက်မှုအပေါ်မူတည်ပြီးတော့ အမှု တည်ဆောက်တာပေါ့။ အဲဒီကမှ တရားရုံးရဲ့ ဆင်ခြင်တုံတရားအပေါ် မူတည်ပြီး ပြစ်ဒဏ်ချမှတ်တာပေါ့။

 

■ မေး - ၂၀၁၄-၂၀၁၅ ခုနှစ်တုန်းက ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးဖွဲ့စည်းတာနဲ့ပတ်သက်လို့ နည်းနည်းလောက် ရှင်းပြပေးစေချင်ပါတယ်။

ဖြေ - ကျွန်တော်တို့ ဖွဲ့ထားတာက တစ်နိုင်ငံလုံးမှာ အဖွဲ့ရှစ်ဖွဲ့ရှိတယ်။ ဘာလို့ဖွဲ့လဲဆိုတော့ ၂၀၁၄ လောက် က နေပြည်တော်ကနေ ပုဂံ-ညောင်ဦးအထိ တောဆင်တွေ တန်းစီပြီး တက်သွားတယ်။ အဲဒီလိုဖြစ်ပြီး နောက်ပိုင်း ပြည်ထောင်စုဝန်ကြီးက နေပြီးတော့မှ တောဆင်တွေ ဒီလိုမျိုး ရောက်မလာအောင် ကြိုတင်ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့သင့်တယ်။ ဖွဲ့ပါဆိုပြီး အမိန့်ပေးတာနဲ့ ကျွန် တော်တို့က ရှိပြီးသား အရင်တုန်းက ဆင်ဖမ်းတဲ့အဖွဲ့ကို ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဆိုပြီး နာမည်ပြောင်းလိုက်တယ်။ အဲဒီလို ပြောင်းတဲ့အခါကျတော့လည်း ကျွန်တော်တို့မှာ ဆင်ရှိတယ်။ လူရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ နည်းပညာ၊ ပစ္စည်းကိရိယာ၊ ဘတ်ဂျက်မရှိတဲ့အခါကျတော့ ဆင်ထိန်းသိမ်းရေးစောင့်ရှောက်တဲ့ NGO အဖွဲ့အစည်း တွေနဲ့ပေါင်းပြီးတော့မှ သူတို့ကနေ ကျွန်တော်တို့လူတွေကို ဘတ်ဂျက် ထောက်ပံ့ပေးတယ်။ ယူနီဖောင်း ထောက်ပံ့ပေးတယ်။ လိုအပ်တဲ့ GPS ၊ ကင်မရာ စတဲ့ဟာတွေကို ထောက်ပံ့ ပေးတယ်။ တောဆင်ထိန်းသိမ်း စောင့်ရှောက်တဲ့ လုပ်ငန်းကို ကျွန်တော်တို့ ဒီတစ်နှစ်ကျော် နှစ်နှစ်အတွင်းမှာ ထဲထဲဝင်ဝင် ဆောင်ရွက်နေပါတယ်။ ဆင်အသတ်ခံရမှုတွေ များလာတဲ့အတွက် ဒီနှစ်မှာတော့ ပိုပြီး ထဲထဲဝင်ဝင်လုပ်လာပါတယ်။ အဲဒီလိုနဲ့ ဒီအဖွဲ့ ဖြစ်ပေါ်လာတာပါ။

 

■ မေး - ဆင်ပိုင်ရှင်တွေရဲ့ ဆင်တွေကို ဆရာတို့က ဆေးအလကား ကုပေးတယ်ဆိုတော့ ဘတ်ဂျက်က ဘယ်က ချပေးတာလဲ။ ဘတ်ဂျက်လုံလောက်မှုရော ရှိရဲ့လား။

ဖြေ - ဆေးအလကားကုပေးတဲ့ ပရိုဂရမ်က နိုင်ငံတော်က ထုတ်ပေးတဲ့ ဘတ်ဂျက်နဲ့ လုပ်တာ မဟုတ်ဘူး။   NGO တွေနဲ့ ကျွန်တော်တို့ မြန်မာ့သစ်လုပ်ငန်းနဲ့ နားလည်မှုစာချွန်တော်တွေ လက်မှတ်ရေးထိုးတယ်။ ထိုးပြီးလို့ရှိရင် NGO တွေက ကျွန်တော်တို့အတွက် ကားထောက်ပံ့ပေးတယ်။ ပြီးရင် အဲဒီကားပေါ်မှာ ဆေးဝါးပစ္စည်း အပြည့်အစုံ ထည့်ပေးထားတယ်။ နောက်ပြီး တခြားက ဆင်ဆေးကုဆရာဝန်ကြီးတွေကို ငှားပေးတယ်။ ပြီးတော့ ကျွန်တော်တို့ ဌာနအတွင်း ဆင်ဆေးကုတွေကလည်းပဲ ဝိုင်းကူလုပ်ပေးတယ်။ အဲဒီလိုမျိုး လုပ်ဆောင်နေပါတယ်။ ဒါက နိုင်ငံတော်ဘတ်ဂျက်နဲ့ လုပ်တာ မဟုတ်ပါဘူး။ NGO တွေက လစဉ် ထောက်ပံ့ပေးပါတယ်။ ထောက်ပံ့ပေးနေတဲ့အဖွဲ့ကတော့ အင်္ဂလန်မှာ အခြေပြုတဲ့ စပါးနားအဖွဲ့အစည်းက ထောက်ပံ့ပေးတာဖြစ်ပါတယ်။

 

■ မေး - လက်ရှိအချိန်မှာ တောဆင်ရိုင်းအရေအတွက်က ၁၄၀၀ နဲ့ ၂၀၀၀ ကြားပဲ ရှိတော့တဲ့ အတွက် အဲဒီဆင်တွေ မျိုးသုဉ်းမပျောက်ကွယ်သွားအောင် အစိုးရအနေနဲ့ ဘယ်လိုမျိုး ဖိဖိစီးစီး လုပ်ဆောင်သင့်တယ်ဆိုတာကို ဆရာ ဘယ်လိုမျိုး အကြံပြုချင်ပါသလဲ။

ဖြေ - အစိုးရအနေနဲ့ Plan တစ်ခုကို တည်ဆောက်နေတဲ့ကာလ။ ရေတို ရေရှည်လုပ်ရမယ့် Plan တွေက အများကြီးပဲ။ အဲဒီ Plan တွေကို လုပ်ဆောင်တဲ့အခါမှာ အသံတွေ ကျယ်ကျယ်လောင်လောင်နဲ့ ပြည်သူထဲကို ထဲထဲဝင်ဝင် ရောက်သွားမယ်ဆိုရင်တော့ ကျွန်တော်တို့ ဆင်တွေက အခြေအနေကောင်းနိုင်ပါတယ်။ အခုချိန်က အရေးကြီးတဲ့ အခြေအနေပါ။ ဖြစ်ပြီးတာတွေကို ပြန်သုံးသပ်ပြီး ရှေ့ဆက် ကောင်းအောင် လုပ်သွားမယ်ဆိုရင် မျိုးသုဉ်းပျောက်ကွယ်သွားမယ့် အန္တရာယ်ကနေ တားဆီးနိုင်မှာပါ။

 

■ မေး- ဘတ်ဂျက်ရတဲ့ အနေအထားအရ ဆရာတို့ဌာနကို ဘတ်ဂျက်တိုးပေးသင့်လား။

ဖြေ - ဘတ်ဂျက်ကတော့ တိုးပေးသင့်တယ်။ ဝန်ထမ်းအင်အား၊ လူအင်အား၊ ဘတ်ဂျက်အင်အား ပိုပြီး အားကောင်းလာအောင် လုပ်သင့်တယ်။ ကျွန်တော်တို့က NGO ၊ INGO တွေချည်းပဲ မှီခိုနေပြီးတော့ လုပ်လို့မရဘူး။ ကိုယ့်ရတနာကို ကိုယ်ထိန်းချင်ရင် ကိုယ်လည်း ထိုက်သင့်အားလျော်စွာ လုံ့လဝီရိယတော့ စိုက်ရမယ်။ NGO ၊ INGO တွေက ထောက်ပံ့ပေးတာကလည်း ကောင်းတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ဘတ်ဂျက်နဲ့ ကိုယ့်ရဲ့အင်အားနဲ့ ရှိနေရင် ကျွန်တော်တို့ ပိုပြီးထိထိရောက်ရောက် လုပ်နိုင်မယ်။ တောဆင်တွေ ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဌာနမှာ ဘတ်ဂျက်မရှိဘူး။ ကျွန်တော်တို့ဌာနက အိမ်မွေးဆင်တွေ ကို အဓိကထိန်းသိမ်းစောင့်ရှောက်ရတဲ့ အပိုင်း။ အဲဒီအတွက် သီးခြား အိမ်မွေးဆင်တွေ ဆေးကုဖို့တို့ ဆေးဝါးစရိတ်တို့ ကျွေးမွေးစရိတ်နဲ့ ဆင်ဦးစီး လစာ ဒါတွေကို ဘတ်ဂျက်အဖြစ် တောင်းတာပဲရှိတယ်။ လခရယ်၊ ဆင်ဆေးဖိုးရယ်၊ ဆင်ထိန်းသိမ်းတဲ့ တခြားကုန်ကျစရိတ် ဆင်ဝန်ထမ်းတွေ ခရီးသွားတာတို့၊ ဘာတို့ ဒါမျိုးတွေပဲ ရှိတယ်။

 

■ မေး - ဆင်မုဆိုးတွေ သတ်တာကြောင့် တောဆင်ရိုင်းတွေ မျိုးသုဉ်းသွားရင် ဂေဟစနစ်က ဘာတွေဖြစ်နိုင်မလဲ ဆရာ။

ဖြေ - တောဆင်တွေက နွေ၊ မိုး၊ ဆောင်း ရွှေ့ပြောင်း သွားလာနေတာ။ ဒီနေရာမှာ အသီးအနှံတွေကို စားပြီးရင် သူတို့က ရွေ့လျားသွားလာနေတော့ တခြားနေရာမှာ မစင် စွန့်ကြတယ်။ အဲဒီလို သူတို့ရဲ့ မစင်ကနေ သစ်ပင်တွေ ပြန်ပေါက်လာတယ်။ သစ်တောဆိုတာ ဂေဟစနစ်ကို ထိန်းပေးတယ်။ နောက်ပြီး တောဆင်ရိုင်းတွေက ရွှေ့ပြောင်းသွားလာနေတဲ့အတွက် သူတို့ရဲ့ မစင်ကနေ သစ်ပင်မျိုးစေ့တွေ ရနိုင်တယ်။ နောက်တစ်ခုက သူတို့မစင်နဲ့မှ ရှင်သန်နိုင်မယ့် အင်းဆက်တွေ ရှိသေးတယ်။ သူတို့သာ မရှိတော့ရင် အဲဒါတွေလည်း မျိုးသုဉ်းသွားလိမ့်မယ်။

Most Read

Most Recent