လာမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ဆေးတက္ကသိုလ် အသီးသီးတွင် ဝင်ခွင့်ရသူ ၁၂၀၀ ကျော်နှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ဝင်ခွင့်ရသူ ၂၀၀ ခန့်ရှိ

လာမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ဆေးတက္ကသိုလ် အသီးသီးတွင် ဝင်ခွင့်ရသူ ၁၂၀၀ ကျော်နှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ဝင်ခွင့်ရသူ ၂၀၀ ခန့်ရှိ
 ဆေးတက္ကသိုလ် (၂) ရန်ကုန်ဝင်းအတွင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အိသဥ္ဇာကျော်)
ဆေးတက္ကသိုလ် (၂) ရန်ကုန်ဝင်းအတွင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အိသဥ္ဇာကျော်)
Published 26 October 2019
အိသဥ္ဇာကျော်

လာမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ဆေးတက္ကသိုလ် အသီးသီးတွင် ဝင်ခွင့်ရသူ ၁၂၁၆ ဦးနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ဝင်ခွင့်ရသူ ၂၀၁ ဦးခန့်ရှိကြောင်း ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနမှ ရရှိသည့် အချက်အလက်အရ သိရသည်။

၂၀၁၉ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဘာသာတွဲဖြင့် အောင်မြင်ပြီးနောက် ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန၊ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ၏ ပထမနှစ်သင်တန်းသို့ ဝင်ခွင့်ရရှိသည့် ကျောင်းသားကျောင်းသူများ စာရင်းကို အောက်တိုဘာ ၂၅ ရက်တွင် တရားဝင် ထုတ်ပြန်ကြေညာ ခဲ့ကြောင်းနှင့် ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် တက်ရောက်ခွင့်ရသူဦးရေ ၃၅၂ ဦး၊ ဆေးတက္ကသိုလ် မန္တလေးတွင် ၃၁၀ ဦး၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်တွင် ၃၁၃ ဦး၊ ဆေးတက္ကသိုလ် မကွေးတွင် ၁၈၀ ဦး၊ ဆေးတက္ကသိုလ် တောင်ကြီးတွင် ၆၁ ဦး၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ရန်ကုန်တွင် ၉၅ ဦး၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် မန္တလေးတွင် ၁၀၆ ဦး တက်ရောက်ခွင့် ရရှိထားကြောင်း သိရသည်။

ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် နိုင်ငံတကာအဆင့်မီ အမျိုးသားအဆင့် ဆေးပညာ လက်တွေ့သဏ္ဌာန်တူ လေ့ကျင့်သင်ကြားမှုနှင့် သုတေသနဌာနကြီး တည်ဆောက်နေပြီး ယင်းဌာနကြီး ပြီးစီးပါက ဆေးပညာ ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ပါရဂူ သင်တန်းများကို နိုင်ငံတကာအဆင့်မီ လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

“လက်ရှိ ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် နိုင်ငံတကာအဆင့်မီ အမျိုးသားအဆင့် ဆေးပညာ လက်တွေ့သဏ္ဌာန်တူ လေ့ကျင့်သင်ကြားမှုနဲ့ သုတေသနဌာနကြီး (National Skill Training, Simulation & Research Centre) ရှစ်ထပ်ဆောင်ကိုလည်း တည်ဆောက်နေပါတယ်။ မကြာမီပြီးစီးတော့မှာပါ။ ဒီဌာနကြီး ပြီးသွားရင် ဆေးပညာဘွဲ့ကြို၊ ဘွဲ့လွန်  နဲ့ ပါရဂူဘွဲ့ သင်တန်းသားတွေကို နိုင်ငံတကာအဆင့်မီ လေ့ကျင့်သင်ကြား ပေးသွားနိုင်မှာ ဖြစ်ပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဝန်ကြီးဌာနရှိ ဆေးတက္ကသိုလ် အသီး သီးမှ ၂၀၁၆ ခုနှစ်မှ လက်ရှိအထိ ဆေးလက် တွေ့ပညာဘာသာရပ် ၃၂ မျိုးမှ ဆေးပညာ မဟာသိပ္ပံဘွဲ့ရ  ၉၆၃ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ယခု လက်ရှိတွင် ဆေးလက်တွေ့ပညာ ဘာသာရပ် ၃၂ မျိုးမှ ဆေးပညာ မဟာသိပ္ပံ ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ် သင်တန်းများတွင်၂၅၁၇ ဦး၊ ဆေးလက်တွေ့ အခြေခံပညာရပ်ရှစ်မျိုး၏ ပါရဂူဘွဲ့ သင်တန်းများတွင် ၁၀၂ ဦးနှင့် ဆေးလက်တွေ့ ပညာရပ် ၃၅ မျိုး၏ ပါရဂူဘွဲ့သင်တန်းများတွင် ၅၃၄ ဦးအား လေ့ကျင့် သင်ကြားပေးလျက် ရှိကြောင်းလည်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းဆရာဝန်များအတွက် လာမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဘွဲ့လွန်ဒီပလိုမာသင်တန်း ခုနစ်မျိုး၊ မဟာသိပ္ပံသင်တန်း ၃၀ မျိုး၊ ဆေးလက်တွေ့ အခြေခံပါရဂူ သင်တန်း ခြောက်မျိုး၊ ဆေးလက်တွေ့ ပါရဂူသင်တန်း ၄၁ မျိုး စုစုပေါင်း အမျိုး ၈၀ ကျော်ကို ရွေးချယ်ခေါ်ယူ လေ့ကျင့်သင်ကြား ပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

၂၀၁၈ ခုနှစ်အတွင်း M.B.B.S အပါအဝင် ဘွဲ့လွန်၊ မဟာသိပ္ပံဘွဲ့ရရှိသူ ၈၀၀၀ ကျော်ရှိပြီး သုံးနှစ်တာအတွင်း စုစုပေါင်း ဘွဲ့ရရှိသူ ဦးရေ ၂၂၀၀၀ ခန့်ရှိကြောင်းနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ၏ ပထမနှစ်သင်တန်းသို့ ဝင်ခွင့်ရရှိသည့် သစ်လွင်ကျောင်းသား ကျောင်းသူဦးရေ ၁၄၀၀ ခန့်တက်ရောက်ခွင့် ရရှိထားကြောင်း သိရသည်။

ဝင်ခွင့်ရရှိသည့် ကျောင်းသား ကျောင်းသူ စာရင်းများအရ ဆေးတက္ကသိုလ်(၁) ရန်ကုန်တွင် ၃၅၁ ဦး၊ ဆေးတက္ကသိုလ် မန္တလေးတွင် ၃၀၇ ဦး၊ ဆေးတက္ကသိုလ်(၂) ရန်ကုန်တွင် ၂၉၉ ဦး၊ ဆေးတက္ကသိုလ် မကွေးတွင် ၁၉၈ ဦး၊ ဆေးတက္ကသိုလ် တောင်ကြီးတွင် ၄၂ ဦး၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ရန်ကုန်တွင် ၉၉ ဦး နှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် မန္တလေးတွင် ၁၀၅ ဦး၊ စုစုပေါင်း ကျောင်းသားကျောင်းသူ ၁၄၀၁ ဦး တက်ရောက်ခွင့် ရရှိထားကြောင်း သိရသည်။

ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနအောက်တွင် ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ၊ ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ်များနှင့် အခြေခံကျန်းမာရေး တက္ကသိုလ်တို့ ပါဝင်ကြောင်းနှင့် လက်ရှိ ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် ၃၂၅၄ ဦး၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်တွင်၂၉၄၈ ဦး၊ ဆေးတက္ကသိုလ် (မန္တလေး) တွင် ၃၀၀၄ ဦး၊ ဆေးတက္ကသိုလ် (မကွေး)တွင် ၁၅၅၁ ဦး၊ ဆေးတက္ကသိုလ် (တောင်ကြီး)တွင် ၁၄၉ ဦး၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်)တွင် ၁၀၆၂ ဦး၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး)တွင် ၇၇၇ ဦး၊ ဆေးဝါးဆေးတက္ကသိုလ် (ရန်ကုန်) တွင် ၅၅၆ ဦး၊ ဆေးဝါးတက္ကသိုလ် (မန္တလေး) တွင် ၃၅၃ ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ် (ရန်ကုန်) တွင် ၅၄၀ ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး)တွင် ၅၁၃ ဦး၊ သူနာပြု တက္ကသိုလ် (ရန်ကုန်) တွင် ၁၀၀၉ ဦး၊ သူနာပြုတက္ကသိုလ်(မန္တလေး)တွင်  ၉၇၃ ဦး၊ အခြေခံ ကျန်းမာရေးတက္ကသိုလ် (မကွေး) တွင်ရ၈၇ ဦး၊ စုစုပေါင်း  ၁၇၄၇၆ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent